တကယ်လို့ လူတွေရုတ်တရတ်ပျောက်ကွယ်သွားရင် ကမ္ဘာကြီးကို ဘယ်သက်ရှိကအုပ်စိုးမလဲ

0-qHrI63AfcgIg3zJq.jpg

Apocalypse ဖြစ်ပြီးတဲ့အနာဂတ်တစ်ခုမှာ လူသားတွေလုံးဝမရှိတော့ဘူးဆိုရင် ကမ္ဘာပေါ်မှာဘာတွေဖြစ်မလဲ။ နောက် နှစ်ပေါင်း (၅) ဘီလီယံလောက်ကြာရင် ကျွန်တော်တို့နေမင်းကြီးက လောင်စာကုန်လို့ပွတက်လာမှာဖြစ်ပြီး ကမ္ဘာကိုလည်း ဝါးမျိုသွားမှာဖြစ်ပြီး လူသားတို့အပါအဝင် သက်ရှိများအားလုံးကို ဖျောက်ပစ်လိုက်ပါလိမ့်မယ်။ ဒါပေမဲ့ ကျွန်တော်တို့လူသားများဟာ အဲဒီအချိန်မတိုင်ခင်မှာကတည်းက ပျောက်ကွယ်သွားဖို့ ဖြစ်နိုင်ချေများနေပါတယ်။

တကယ်လို့ လူသားများပျောက်ကွယ်သွားပေမဲ့ တိရစ္ဆာန်များပဲ ကမ္ဘာပေါ်မှာကျန်ခဲ့မယ်လို့ တွေးကြည့်ကြရအောင်။ တစ်နည်းအားဖြင့်ပြောမယ်ဆိုရင်တော့ ကမ္ဘာကို အခုလက်ရှိအုပ်စိုးနေတဲ့ လူတွေမရှိတော့ရင် ဘာဖြစ်မလဲ။

တကယ်လို့ လူသားတွေပျောက်ကွယ်သွားပြီးနောက် အနှစ် သန်း (၅၀) လောက်ကြာမယ့်အနာဂတ်တစ်ခုကို ခန့်မှန်းတွေးဆကြည့်ရအောင်။ ကျွန်တော်တို့ ဘာတွေကိုတွေ့ရမလဲ။ ဘယ်တိရစ္ဆာန် သို့မဟုတ် ဘယ်သက်ရှိအုပ်စုတစ်ခုက ကျွန်တော်တို့လိုပဲ ကမ္ဘာကြီးကိုအုပ်စိုးလာမလဲ။ နာမည်ကျော် စိတ်ကူးယဉ်သိပ္ပံရုပ်ရှင်ဖြစ်တဲ့ Planet of the Apes ထဲကလို မျောက်များကအုပ်စိုးကြမလား။ ဒါမှမဟုတ် အခြား အသိဉာဏ်မြင့်မားတဲ့ လင်းပိုင်များက အုပ်စိုးလာမလား၊ ကြွက်များလား၊ ရေဝက်ဝံများလား၊ ပိုးဟပ်များလား၊ ဝက်များလား၊ ပုရွက်ဆိတ်များလား။

ဒီမေးခွန်းဟာ အတော်လေးစိတ်ဝင်စားဖွယ်ကောင်းတဲ့ စိတ်ကူးယဉ်မေးခွန်းတစ်ခုဖြစ်ပြီး သိပ္ပံပညာရှင်အချို့က စာရင်းအချို့ ပြုစုထားပါတယ်။ အခုလို ခန့်မှန်းမှုများကိုမပြုလုပ်ခင် ကျွန်တော်တို့ဟာ ဒီလို အုပ်စိုးတဲ့ dominant species ဆိုတာကို အရင်ဆုံး အဓိပ္ပာယ်ဖွင့်ဖို့လိုပါတယ်။

တိရစ္ဆာန်လောကအကြောင်းပြောရအောင်

တကယ်လို့ လက်တွေ့ဆန်ဆန်ပြောရမယ်ဆိုရင်တော့ ကမ္ဘာကြီးကို လူသားတို့ထက် နှစ်ပေါင်းဘီလီယံချီစောပြီး ယနေ့အချိန်အထိ ခေတ်အဆက်ဆက်အုပ်စိုးခဲ့တဲ့သက်ရှိများဟာ ဘတ်တီးရီးယားများပဲဖြစ်ပါတယ်။ ဒါပေမဲ့ သူတို့ချည်းပဲအုပ်စိုးခဲ့သလားဆိုတော့ မဟုတ်ပါဘူး။ ကမ္ဘာပေါ်မှာ မိုက်ခရုတ်သက်ရှိများသာရှိတဲ့အချိန် (age of microbes) ဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း (၁.၂) ဘီလီယံခန့်မှာ ပြီးဆုံးခဲ့ပါတယ်။ အဆိုပါအချိန်ကစပြီး ရှုပ်ထွေးပြီး ကြီးမားတဲ့ သက်ရှိများဟာ ကမ္ဘာပေါ်မှာ အလျှိုလျှိုပေါ်ပေါက်လာကြပါတယ်။

အရည်အတွက်ချင်းယှဉ်လိုက်မယ်ဆိုရင် ကမ္ဘာပေါ်ကသက်ရှိအရေအတွက် အားလုံးရဲ့ (၄) ပုံ (၅) ပုံဟာ မိုက်ခရုတ်သက်ရှိများ ဖြစ်နေပါတယ်။ သူတို့ဟာ ကမ္ဘာပေါ်မှာ အရေအတွက်များများနဲ့ အုပ်စိုးနေကြသူများဖြစ်ပါတယ်။ ဒါပေမဲ့ အရေးကြီးတဲ့အချက်တစ်ခုကတော့ သူတို့ဆီမှာ နည်းပညာ တိုးတက်လာခြင်းမရှိကြပါဘူး။

အောက်ကျို့သည်းခံတတ်တဲ့သက်ရှိမျိုးစိတ်ဟာ ကမ္ဘာကြီးကိုဆက်ခံပါလိမ့်မယ်

ကျွန်တော်တို့ လူသားများရဲ့ အတ္တပေမ ဝါဒ(narcissism) ဟာ အတော်လေးကို ကြီးမားပြီး ဖျောက်ဖျက်လို့မရတဲ့ gene ထဲက အရာတစ်ခုဖြစ်နေပါတယ်။ တကယ်လို့ ကမ္ဘာကြီးကို အခြားသက်ရှိတစ်မျိုးစီ အမွေပေးခဲ့မယ်ဆိုရင်တောင် လူသားများဟာ ကိုယ်နဲ့ အမျိုးနီးတဲ့သက်ရှိတစ်မျိုးကိုပဲ ပေးဖို့စဉ်းစားကြပါတယ်။

Planet of the Apes ထဲမှာဆိုရင် လူသားအဖွဲ့အစည်းဟာ ကပ်ရောဂါကြီးကြောင့် အကျပိုင်းကို ရောက်ခဲ့ပေမဲ့ မျောက်များရဲ့ အသိဉာဏ်မြင့်လာပြီး မျောက်များက ကမ္ဘာကိုအုပ်စိုးသွားပုံကို ရိုက်ပြထားပါတယ်။ ဒါဟာ ၂၀၁၁ ခုနှစ်က ပြန်လည်ရိုက်ကူးခဲ့တဲ့ Planet of the Apes trilogy မတိုင်ခင် ၁၉၆၈ ခုနှစ်ကတည်းက နာမည်ကျော်တဲ့ ရုပ်ရှင်တစ်ခု ဖြစ်ပါတယ်။

ဒါပေမယ့် သိပ္ပံရှုထောင့်ကနေ ကြည့်မယ်ဆိုရင်တော့ လူမဟုတ်တဲ့ primate မျိုးစိတ်များ (မျောက်မျိုးနွယ်များ) ဟာ လူတွေမရှိတော့တဲ့ကမ္ဘာကြီးကို အမွေဆက်ခံဖို့ မဖြစ်နိုင်ဆုံးသက်ရှိများ ဖြစ်ပါလိမ့်မယ်။ ဘာကြောင့်လဲဆိုတော့ သူတို့တွေ လူတွေဆီကရမယ့်အမွေဟာ လူသားတို့လိုပဲ မျိုးတုန်းပျောက်ကွယ်ခြင်း ဖြစ်ပါလိမ့်မယ်။

လူသားများနဲ့ မျောက်ဝံများ (apes) ဟာ အလွန်ကို အမျိုးနီးကြပြီး အပေါ်ယံခြုံကာကြည့်ရှုမယ်ဆိုရင် သက်ရှိမျိုးစိတ်တစ်ခုတည်းလို့ သဘာဝကြီးကမြင်ပါလိမ့်မယ်။ လူသားတို့ မရှင်သန်နိုင်တဲ့ပတ်ဝန်းကျင်မှာ သူတို့လဲ မရှင်သန်နိုင်ပါဘူး။

လူတွေကို မျိုးတုန်းစေတဲ့ဖြစ်ရပ်တစ်ခုဟာ ကျွန်တော်တို့နဲ့ စိတ်ပိုင်းဆိုင်ရာ၊ ဇီဝပိုင်းဆိုင်ရာ အခြေခံလိုအပ်ချက်များကို အနီးစပ်ဆုံးတူညီအောင် ပိုင်ဆိုင်နေတဲ့မျိုးစိတ်အတွက်လဲ အလွန်အန္တရာယ်ပေးမယ့် ဖြစ်ရပ်တစ်ခုပါပဲ။

ဒါပေမယ့် လူတွေနဲ့ အလွန် အမျိုးဝေးကွာတဲ့ အခြားသက်ရှိများ (နို့တိုက်သတ္တဝါများ၊ တွားသွားသတ္တဝါများ) ဟာလည်း အသိဉာဏ်ဖွံ့ဖြိုးလာပြီး လူတွေလို အဖွဲ့အစည်းတစ်ခုတည်ထောင်ဖို့ ဖြစ်နိုင်သလား။ ဒါဟာလည်း အတော်လေးမဖြစ်နိုင်တဲ့အရာတစ်ခုဖြစ်တယ်လို့ ဆိုပါတယ်။

ဒိုင်နိုဆောများဟာလည်း ကမ္ဘာပေါ်မှာ နှစ်ပေါင်း သန်း (၂၀၀) ကျော် ရှင်သန်နေထိုင်သွားကြပါတယ်။ ကမ္ဘာ့သက်တမ်းတစ်လျှောက်မှာဆိုရင် ကမ္ဘာကိုအုပ်စိုးခဲ့ကြတယ်လို့ ပြောလို့ရမယ့်သက်ရှိများအားလုံးထဲမှာ ကျွန်တော်တို့ လူသားများသာ အသိဉာဏ်မြင့်မားပြီးတော့ အဖွဲအ့စည်းတစ်ခုတည်ထောင်ကာ နည်းပညာများကို ပိုင်ဆိုင်ကြတာဖြစ်ပါတယ်။ ဒါကြောင့် ဒီအသိဉာဏ်ဆိုတဲ့အရာဟာ ဂြိုဟ်တစ်ဂြိုဟ်ကိုအုပ်စိုးဖို့အတွက် မဖြစ်မနေလိုအပ်တဲ့ အရာတစ်ခုမဟုတ်ဘူးလို့လည်း ဆိုနိုင်ပါတယ်။

မျိုးဆင့်ပြောင်းလဲခြင်း (evolution) ဟာ အသိဉာဏ်ဆိုတဲ့အရာကို မဖြစ်မနေမျက်နှာသာပေးတာတော့ မဟုတ်ပါဘူး။ သက်ရှိမျိုးစိတ်တစ်ခု တည်မြဲကာ ထိုက်သင့်သလောက်အုပ်စိုးနိုင်ဖို့ဆိုရင် survival နဲ့ မျိုးပွားနိုင်စွမ်းတို့မှာသာ မူတည်နေတယ်လို့ သိရပါတယ်။

ဒါဆိုရင် လူသားများ ပျောက်ကွယ်သွားပြီးနောက် အနှစ် သန်း (၅၀) ခန့်ကြာရင် ကမ္ဘာကြီးကို ဘယ်သက်ရှိက အုပ်စိုးနေမလဲဆိုတာကို ကျွန်တော်တို့ ပြောနိုင်ပြီလား။ အဖြေကတော့ စိတ်တိုင်းကျစရာလည်းမဟုတ်သလို ကြောက်စရာလည်း ကောင်းပါတယ်။ စကားပြောနိုင်တဲ့ ချင်ပန်ဇီများလည်းမဖြစ်နိုင်ဘူးလို့ ကျွန်တော်တို့ ကျိုးကြောင်းဆီလျော်စွာ တွေးခဲ့ကြပေမဲ့ ဘယ်သက်ရှိဖြစ်မလဲဆိုတာကတော့ မသိနိုင်ပါဘူး။

ကျွန်တော်တို့ ကမ္ဘာ့သမိုင်းမှာ အစုလိုက် အပြုံလိုက်မျိုးတုန်းခြင်း ဖြစ်စဉ်ပေါင်းများစွာကို ကြုံတွေ့ခဲ့ဖူးပါတယ်

ဒီလိုဖြစ်ရပ်ကြီးပြီးတိုင်းမှာ မတူညီတဲ့ သက်ရှိမျိုးစိတ်များ ပြန်လည်တိုးထွက်လာခြင်းဟာလည်း အတော်လေးကို များပြားခဲ့ပါတယ်။ ဥပမာ Cretaceous ကာလနှောင်းပိုင်းမှာ ဒိုင်နိုင်ဆောများနဲ့ အတူတူနေထိုင်ခဲ့ကြတဲ့ ကြွက်စုတ်လေးများဟာ အခုမြင်တွေ့နရတဲ့ ဝက်ဝံများ၊ မျောက်များ၊ လူများနဲ့ ပုံသဏ္ဍာန်လုံးဝမတူပါဘူး။ ဒါပေမဲ့ ကျွန်တော်တို့အားလုံးဟာ သူ့ဆီကနေပဲ အခြေခံပြီးဖြစ်တည်လာခြင်းဖြစ်ပါတယ်။

ဒီလိုပဲ ရေနေသတ္တဝါ ၉၀% နဲ့ ကုန်းနေသတ္တဝါ ၇၀% ကို မျိုးတုန်းစေခဲ့တဲ့ လွန်ခဲ့တဲ့ နှစ်ပေါင်း သန်း (၂၅၀) ခန့်က Permian Extinction ကြီးကို ရှင်သန်ခဲ့တဲ့ကြတဲ့ တွားသွားသတ္တဝါများဟာ သူ့နောက်ဖြစ်ပေါ်လာကြတဲ့ pterosaurs၊ ဒိုင်နိုဆော၊ ငှက်များနဲ့လည်း ပုံသဏ္ဍာန်လုံးဝမတူခဲ့ပါဘူး။

ဒါကြောင့် ဘယ်မျိုးစိတ်က ကမ္ဘာကြီးကို အုပ်စိုးသွားမလဲဆိုတာကို လက်ရှိမှာ ပြောဖို့ခက်ခဲနေပေမဲ့ ဇီဝဗေဒပညာရှင်အများစုထင်ကြေးပေးထားတာကတော့ ပုရွက်ဆိတ်များပဲ ဖြစ်ပါတယ်။ ဒီလိုဆိုရင်လည်း နောက် နှစ်သန်းပေါင်းများစွာကြာမယ့် အနာဂတ်မှာ အဆိုပါပရွက်ဆိတ်များကနေ ဆင်းသက်လာတဲ့ နောက်မျိုးစိတ် များဟာ ဘယ်လိုပုံသဏ္ဍာန်ဖြစ်နေမလဲ။ သဘာဝတရားကြီးရဲ့ စီမံမှုကို ကြိုတင် ခန့်မှန်းဖို့ဆိုတာဟာ အလွန်ကိုခက်ခဲပါတယ်။

ဒီဆောင်းပါးကို ရိုးရာလေးရဲ့မိတ်ဖက် သိပ္ပံစာပေဝက်ဘ်ဆိုက် Curiosity မှာ ဖော်ပြထားတာဖြစ်ပါတယ်။

Ref: Curiosity
Tea (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top