ကမ္ဘာ့အားအကောင်းဆုံး နေကြည့်မှန်ပြောင်း အသုံးပြု ရိုက်ကူးထားတဲ့ နေမျက်နှာပြင်ရဲ့ ကြည်လင်ပြတ်သားမှုအရှိဆုံး ဓာတ်ပုံဟာ နေရဲ့ အခြေခံ ရူပဗေဒဖြစ်စဉ်ကို ပိုမိုရှင်းလင်းစွာ နားလည်စေဖို့ အထောက်အပံ့ ဖြစ်စေခဲ့ပါတယ်။
မာဝီကျွန်းပေါ်မှ ဟာလီယာကာလာမီးတောင်ထိပ်မှာ တပ်ဆင်ထားတဲ့ ဒန်နီယယ်အီနိုယေး (Daniel Inouye) နေကြည့်မှန်ပြောင်း အသုံးပြုပြီး နေမျက်နှာပြင်ကို ဓာတ်ပုံရိုက်ကူးခဲ့တာပါ။ နေမျက်နှာပြင်မှာ ဖြစ်ပေါ်နေတဲ့ ဝဲဂယက်လှိုင်းတွေဟာ နေရူပဗေဒမှာ မဖြေရှင်းနိုင်တဲ့ မေးခွန်းတစ်ခုဖြစ်ခဲ့ပေမဲ့ အခုအခါမှာတော့ ဘာကြောင့် ဒီလိုဖြစ်သလဲဆိုတာကို ဖော်ထုတ်နိုင်ခဲ့ပါပြီ။
ကယ်လ်ဗင်-ဟမ်းဟိုးဇ် မငြိမ်သက်မှု (Kelvin-Helmholtz Instability) လို့ အမည်ပေးထားတဲ့ ဖြစ်စဉ်မှာ အလျင်မတူတဲ့ အရည် ဒါမှမဟုတ် အငွေ့လွှာနှစ်ခု ဆန့်ကျင်ဘက်လားရာတွေစီ တစ်ခုနှင့်တစ်ခု ဖြတ်သန်းစီးဆင်းမှုကနေ ဖြစ်ပေါ်လာတဲ့ တုန်ခါမှုတွေက ဝဲဂယက်လှိုင်းတွေကို ဖန်တီးပေးတာ ဖြစ်ပါတယ်။
အဲဒီဝဲဂယက်လှိုင်းတွေဟာ သံလိုက်ဓာတ်၊ စွမ်းအင်နဲ့ အပူရှိန်တွေကို နေမျက်နှာပြင်ကနေ ပြင်ပလေထုဆီ တွန်းတင်ပေးနေတဲ့ အင်ဂျင်ငယ်လေးတွေ ဖြစ်ပါတယ်။ ဝဲဂယက်လှိုင်းတွေဟာ သံလိုက်စက်ကွင်းလိုင်းတွေကို တစ်ခုနဲ့တစ်ခု ရစ်ပတ်နှောင်ဖွဲ့နိုင်စွမ်းရှိပြီး အဲဒီလှိုင်းတွေ ပြတ်တောက်၊ ပြန်လည်ပူးပေါင်းသွားချိန်မှာ အပူရှိန် ထွက်လာတာကြောင့် နေမျက်နှာပြင်ထက် အပေါ်ယံလေထုက အပူချိန် ပိုများနေတဲ့ အခြေအနေကိုလည်း နားလည်နိုင်စေခဲ့ပါတယ်။
အခုတွေ့ရှိမှုဟာ ဂြိုဟ်တုဆက်သွယ်ရေးနဲ့ လျှပ်စစ်ဓာတ်အားလိုင်းတွေကို အနှောင့်အယှက် ဖြစ်စေနိုင်တဲ့၊ လျှပ်စစ်ပစ္စည်းတွေကို ပျက်စီးစေနိုင်တဲ့ နေမုန်တိုင်း တိုက်ခတ်မှု၊ ကိုရိုနာဒြပ်ထုထုတ်လွှတ်မှုများ (coronal mass ejections)တို့ရဲ့ ယန္တယားအကြောင်း အချက်အလက် ပိုမိုစုံလင်စွာ ပေးစွမ်းနိုင်ခဲ့ပါတယ်။
Ref: Highest Resolution View of the Sun Reveals Breaking Waves and Magnetic Mysteries
NZ (ရိုးရာလေး)

