သေနတ်နဲ့ချိန်ထားတဲ့ဓားပြကို သကြားလုံးနဲ့ပစ်ပေါက်ခဲ့တဲ့ သတ္တိခဲအရောင်းစာရေးမ

girl1.gif

စတိုးဆိုင်အရောင်းစာရေးမဟာ သူ့ကို သေနတ်နဲ့ချိန်ပြီး ဓားပြလာတိုက်တဲ့သူကို သကြားလုံးနဲ့ပစ်ပေါက်ပြီး ခုခံကာကွယ်ခဲ့တယ်လို့ ဒေးလီးမေးလ် သတင်းစာက ဖော်ပြပါတယ်။

ဆွီဒင်နိုင်ငံ၊ မယ်လ်မိုမြို့က ညလုံးပေါက်ဖွင့်တဲ့စတိုးဆိုင်ကို မျက်နှာဖုံးစွပ်ဓားပြတစ်ယောက်က သေနတ်ကိုင်ဆောင်ပြီး လုယက်ခဲ့တာပါ။

ဓားပြဟာ ညပိုင်းတာဝန်ကျတဲ့ အသက် (၂၄) နှစ်အရွယ် အမျိုးသမီးဇိုင်နက်ဆာလမ်ကို သေနတ်နဲ့ချိန်ပြီး ငွေတောင်းခဲ့ပါတယ်။ ဇိုင်နက်ဆာလမ်ဟာ လက်တစ်ကမ်း အကွာမှာရှိတဲ့သကြားလုံးတွေကို လက်နက်အဖြစ် အသုံးပြုပြီး ဓားပြကို အားကုန်ပစ်ပေါက်ခဲ့သလို ကောင်တာနောက်ကနေ ရုတ်တရက်ပြေးထွက်သွားပြီး ဓားပြတိုက်နေတဲ့အကြောင်း အော်ဟစ်ခဲ့တယ်လို့ သိရပါတယ်။

ဇိုင်နက်ဆာလမ်ဟာ အရပ် (၅) ပေ (၂) လက်မရှိပြီး ခန္ဓာကိုယ်အလေးချိန် (၆) စတုံ(၈၄ပေါင်)ပဲရှိလို့ လူကောင်သေးပေမယ့် သေနတ်နဲ့ချိန်ထားတဲ့ ဓားပြကို သကြားလုံးနဲ့ပစ်ပေါက်ရဲတဲ့ သတ္တိကတော့ မခေဘူးလို့ ဆိုနိုင်ပါတယ်။ ဇိုင်နက်ဆာလမ်ရဲ့ အော်သံကြားပြီးတဲ့နောက် စတိုးဆိုင်နောက်ဘက်မှာ အလုပ်လုပ်နေတဲ့သူ့အစ်ကို ထွက်လာခဲ့ပြီး သူတို့မောင်နှစ်မနှစ်ယောက်ပေါင်းပြီး ဓားပြကို လက်ရဖမ်းဆီးနိုင်ခဲ့ပါတယ်။

သူတို့ဟာ အသက် (၁၇) နှစ်အရွယ်ရှိတဲ့ဓားပြကို စတိုးဆိုင်ထဲ ပြန်ဖမ်းခေါ်လာတဲ့အချိန်မှာ ရဲတွေလည်းရောက်နေပါပြီ။ ဓားပြတိုက်ခံရတဲ့အဖြစ်အပျက်နဲ့ ပတ်သက်ပြီး ပြန်ပြောပြချိန်မှာ ရဲတွေလည်း တော်တော်အံ့အားသင့်ခဲ့တယ်လို့ ဇိုင်နက်ဆာလမ်က ပြောပါတယ်။ ဒီတစ်ကြိမ်နဲ့ဆိုရင် ပြီးခဲ့တဲ့ငါးလအတွင်း ဆိုင်နက်ဆာလမ် ဓားပြတိုက်ခံရတာ သုံးကြိမ်ရှိပြီလို့ သိရပါတယ်။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top