အိန္ဒိယနိုင်ငံမှာ ဆံပင် သူခိုးများကြောင့် လူအများစု ထိတ်လန့် ကြောက်ရွံ့နေကြ

97160337_1f5989e5-27b2-4a21-907f-d2393f2168eb.jpg

အိန္ဒိယနိုင်ငံမြောက်ဘက်ပိုင်းရှိ ဟာယန ပြည်နယ်(Haryana) နှင့် ရာဂျစ်စတန်ပြည်နယ်တွင် အမျိုးသမီးများ အငိုက်မိတဲ့အချိန်အတောအတွင်း သူတို့ရဲ့ ဆံပင်ဟာ ဖြတ်သွားခြင်းခံခဲ့ရတယ်လို့ အမျိုးသမီး ၅၀ ခန့်က အိန္ဒိယရဲတပ်ဖွဲ့ကို လာရောက်တိုင်ကြားခဲ့ပါတယ်။

အိန္ဒိယအမျိုးသမီးအများစုကလည်း ယခုလိုသောင်းကျန်းနေတဲ့ဆံပင်သူခိုးများရဲ့ အန္တရာယ်ကို ကြောက်လန့်နေကြပြီး အိန္ဒိယရဲတပ်ဖွဲ့ကတော့ ဆံပင်သူခိုးများနဲ့ ပတ်သတ်ပြီး ဖြေရှင်းဖို့  ကြိုးစားနေကြပါတယ် လို့သိရပါတယ်။

ဟာယန ပြည်နယ်မှ အမျိုးသမီးတစ်ဦးဖြစ်တဲ့ ဆူနီတာ ဒီဗီ(Sunita Devi) ဆိုရင် မျက်လုံးကို အားကောင်းတဲ့ မီးအလင်းရောင်နဲ့ ထိုးခြင်းခံလိုက်ရပြီး သတိမေ့သွားခဲ့ပါတယ်။ ၁ နာရီလောက်အကြာမှာသူမ ပြန်လည်သတိရလာခဲ့ပြီး သူမရဲ့ဆံပင်များကို ဆံပင်သူခိုးများက ရိတ်သွားခဲ့ပါတယ်။

ဒီလို ဆံပင်သူခိုးများကို အိန္ဒိယနိုင်ငံမှာ “တစ္ဆေ ဆံပင်သူခိုးများ”လို့ခေါ်ဆိုနေကြပြီး ဒီလိုဖြစ်ရပ်များဟာ ဇူလိုင်လကတည်းက ရာဂျစ်စတန်ပြည်နယ်တွင် စတင်ဖြစ်ပွားခဲ့တာ ဖြစ်တဲ့အပြင် ဟာယနပြည်နယ်နဲ့ မြို့တော်ဒေလီမှာပါ ဆံပင်သူခိုးများ သောင်းကျန်းလာကြပါတယ်။ ယခုလို လူကို သတိမေ့အောင်ပြုလုပ်ပြီး ဆံပင်ဖြတ်သွားကြတဲ့ ဆံပင်သူခိုးများကြောင့် အိန္ဒိယ အမျိုးသမီးအများစု စိတ်ချောက်ချားနေကြပြီး ဟာယန ပြည်နယ် ဂါဂွန်မြို့(Gurgaon) ရဲ့တပ်ဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူကတော့ တိုင်ကြားမှုများကို စတင်စစ်ဆေးနေပြီ လို့ပြောဆိုခဲ့ပါတယ်။

“အခုဖြစ်ပွားနေတဲ့ မှုခင်းတွေဟာ ဖြစ်လေ့ဖြစ်ထမရှိတဲ့ မှုခင်းတွေပါ။ အခင်းဖြစ်ပွားရာနေရာမှာလည်း ဘာသဲလွန်စမှ မကျန်ခဲ့တဲ့အပြင် တိုက်ခိုက်ခံခဲ့ရတဲ့  အမျိုးသမီးအများစုကလည်း ကျန်းမာရေးအရ ဘာမှချို့ယွင်းနေခြင်း မရှိပါဘူး။ တိုက်ခိုက်ခံခဲ့ရတဲ့ အမျိုးသမီးတွေကတော့ သူတို့အနေနဲ့ ဆံပင်သူခိုးရှိနေကြောင်း ခံစားရတာ တစ်ခုပဲရှိတယ်လို့ ထွက်ဆိုကြပါတယ်။ ခရိုင်ဒေသက ရဲတပ်ဖွဲ့တွေအားလုံး ပူးပေါင်းပြီး ဒီဆံပင်သူခိုးများကို နှိမ်နင်းဖို့ စတင်လုပ်ဆောင်နေပါပြီ။ ဖြစ်ရပ်မှန် မပေါ်မချင်း ပြည်သူများအနေနဲ့ ကောလာဟလတွေကို မယုံကြဖို့ ကျွန်တော်ပြောပြလိုပါတယ်။” လို့ ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့ပါတယ်။

အခုလို မှုခင်းများကြောင့် အိန္ဒိယနိုင်ငံတစ်ဝှမ်း စိတ်ချောက်ခြားမှုများစွာဖြစ်ပေါ်နေပြီး ဆံပင်သူခိုးဂိုဏ်းများ ရှိတယ်လို့ပြောဆိုကြသလို၊ တစ္ဆေ သူရဲများနဲ့ အောက်လမ်းဆရာများက လုပ်ဆောင်ကြတယ်လို့ ကောလာဟလများစွာ ထွက်ပေါ်နေပါတယ်။ ဒါပေမဲ့ စဉ်းစားဆင်ခြင်တတ်သူများကတော့ မိန်းမများဟာ လူစိတ်ဝင်စားကြစေရန် မိမိဆံပင်များကို ကိုယ်တိုင် ညှပ်ပစ်နေကြတာဖြစ်တယ်လို့ ဆိုကြပြီး တိုင်းပြည်တစ်ပြည်လုံးကြောက်လန့်စေရန်  သတင်းလွှင့်နေကြခြင်းဖြစ်တယ် လို့ဆိုပါတယ်။

အိန္ဒိယနိုင်ငံမှာ တစ်တိုင်းပြည်လုံးစိတ်ချောက်ခြားစေတဲ့ ကောလာဟလများစွာ ထွက်ပေါ်ခဲ့ဖူးပြီး ၁၉၉၀ ခုနှစ်ခန့်ကလည်း ဘုရားရုပ်ထုတစ်ဆူဟာ ကပ်ထားတဲ့ နွားနို့ကို သောက်သုံးခဲ့တယ် ဆိုတဲ့အတွက် ဟိန္ဒူဘာသာဝင်အများစု စိတ်ဝင်တစားဖြစ်ခဲ့ကြပါတယ်။

၁၉၉၅ ခုနှစ် စတင်ဘာလ ၂၁ ရက်ကလည်း ဆင်ခေါင်းနဲ့ နတ်ဘုရားဖြစ်တဲ့ ဂါနီရှာဟာ နွားနို့သောက်တယ်ဆိုတဲ့ သတင်းထွက်ပေါ်ခဲ့ပြီး တစ်နိုင်ငံလုံး အုတ်အော်သောင်းနင်း ဖြစ်ပွားခဲ့ပါတယ်။

၂၀၀၆ ခုနှစ်ကလည်း မွန်ဘိုင်းရှိ ကမ်းခြေတစ်ခုမှ ပင်လယ်ရေဟာ ချိုနေတယ်ဆိုတဲ့ သတင်းထွက်ပေါ်ပြီး နောက်ပိုင်းမှာလည်း ထိုကမ်းခြေကို ခရီးသွား ထောင်ပေါင်းများစွာ လာရောက်ခဲ့ကြပါတယ်။

Ref : BBC News : Hair thieves striking fear in India

လူမို (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top