လက်သန့်ဆေးရည်ဝယ်မရရင် ရေ၊ ဆပ်ပြာတို့နဲ့ မကြာခဏ လက်သန့်စင်ပေးပါ

89769117_2598438117080594_4845919138020851712_n.jpg

ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါအဖြစ် WHO က ကြေညာထားတဲ့ Covid 19 က တဖြည်းဖြည်းနဲ့ ပျံ့နှံ့မှုပိုများလာနေပါပြီ။ ကူးစက်ခံရသူဦးရေ၊ သေဆုံးသူဦးရေတွေကလည်း လျော့မသွားတဲ့အပြင် ပိုပြီးတော့တောင် များလာပါတယ်။ Covid 19 ကူးစက်ခံရမှုကို ကာကွယ်ဖို့ဆိုရင် လက်ကို မကြာခဏ ဆေးပေးပါလို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ပြောထားပါတယ်။ Covid 19 ဖြစ်ပွားမှုအန္တရာယ်ကြောင့် ဆေးဆိုင်၊ စတိုးဆိုင်တွေမှာ လက်သန့်ဆေးရည်နဲ့ Mask တွေ ပြတ်လပ်လို့နေပါတယ်။

လက်သန့်ဆေးရည် ပြတ်လပ်သွားရင် လက်သန့်ဆေးရည်လိုပဲ ထိရောက်မှုရှိတဲ့ အခြားအရာကို အသုံးပြုလိုက်ပါ။ အဲဒါကတော့ ရေ၊ ဆပ်ပြာတို့ပါပဲ။ ရေ၊ ဆပ်ပြာတို့နဲ့ လက်ကို သန့်စင်ပေးတာကလည်း ဘတ်တီးရီးယားတွေကို သတ်ပေးပြီး Covid 19 ကူးစက်ခံရမှုအန္တရာယ်ကို ကာကွယ်ပေးနိုင်ပါတယ်။

လက်သန့်ဆေးရည်နဲ့ ဆပ်ပြာရည် (ဘယ်အရာက ပိုကောင်းသလဲ)

လက်သန့်ဆေးရည်အသုံးမပြုခင်မှာ အယ်လ်ကိုဟောပါဝင်မှု ပမာဏဘယ်လောက်ရှိလဲဆိုတာ ကြည့်သင့်ပါတယ်။ အနည်းဆုံး အယ်လ်ကိုဟောပမာဏ (၆၀) ရာခိုင်နှုန်းပါဝင်တဲ့ လက်သန့်ဆေးရည်တွေကသာ ဗိုင်းရပ်စ်တွေကို အမြစ်ကနေ တိုက်ဖျက်ပေးနိုင်တယ်လို့ Centres of Disease Control and Prevention က ဆိုထားပါတယ်။ အထိခိုက်မခံတဲ့ အသားရေရှိတဲ့သူဆိုရင် အယ်လ်ကိုဟောပါဝင်တဲ့ လက်သန့်ဆေးရည်နဲ့ အဆင်မပြေနိုင်ပါဘူး။ လက်သန့်ဆေးရည်အသုံးပြုပါများရင် အသားရေခြောက်သွေ့ရုံသာမက အသားရေက အဆီတွေကို ဖယ်ရှားပစ်နိုင်ပါတယ်။ ဒါကြောင့် ဗိုင်းရပ်စ်ကို တိုက်ဖျက်ပေးနိုင်တဲ့ အကောင်းဆုံးနည်းလမ်းက ဆပ်ပြာ၊ ရေတို့ကို အသုံးပြုပြီး လက်ကို မကြာခဏ သန့်စင်ပေးသင့်ပါတယ်။ လက်သန့်ဆေးရည်ကိုလည်း ချင့်ချိန်ပြီးအသုံးပြုလုပ်ရပါတယ်။ အချိန်တိုင်းတော့ အသုံးမပြုသင့်ပါဘူး။

အခုခေတ် ဆပ်ပြာအများစုကို ရောဂါပိုးမွှားတွေ ထိထိရောက်ရောက်တိုက်ဖျက်ပေးတဲ့ အရာတွေနဲ့ပြုလုပ်ထားတာဖြစ်ပါတယ်။ ဆပ်ပြာ၊ ရေတို့နဲ့ လက်ဆေးတဲ့အခါမှာ လက်ကို စက္ကန့် (၂၀) လောက် နှံ့နှံ့စပ်စပ်ပွတ်တိုက်ပြီး ဆေးကြောပေးသင့်ပါတယ်။ ဆပ်ပြာ၊ ရေတို့နဲ့သန့်စင်ပေးတာက လက်သန့်ဆေးရည်သုံးတာထက် ပိုထိရောက်မှုရှိပါတယ်။ ရေနဲ့ဆပ်ပြာက အပြင်ကပါလာတဲ့ ဖုန်မှုန့်တွေ၊ ရောဂါပိုးမွှားတွေကို ဖယ်ရှားပေးပါတယ်။

လက်ဆေးတဲ့အခါ လက်သည်းကြား၊ လက်ချောင်းကြားတွေကို သေချာပွတ်တိုက်ပြီး လက်တစ်ဖက်ကို စက္ကန့် (၂၀) စီ အချိန်ယူကာ ဆေးပေးသင့်ပါတယ်။ လက်ဆေးပြီးသွားရင် လက်တွေ ခြောက်သွားအောင် သန့်စင်တဲ့တစ်ရှုးတို့ကို အသုံးပြုပေးပါ။ လက်သန့်စင်မှ လက်ကနေတဆင့် ရောဂါပိုးမွှားတွေ မကူးစက်နိုင်မှာဖြစ်ပါတယ်။ ဒါကြောင့် ဗိုင်းရပ်စ်ကူးစက်ခံရမှုကနေ ကာကွယ်ဖို့အတွက် မကြာခဏ လက်သန့်စင်ပေးခြင်းအလေ့အထကို လေ့ကျင့်ပေးသင့်ပါတယ်။

Ref: This one thing is easier to find than a hand sanitizer and protects you from catching coronavirus

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply