ကျန်းမာရေးနဲ့ ညီညွှတ်တဲ့ ဒီအစားအစာတွေကို အများကြီး စားသုံးခြင်းမှ ရှောင်ကျဉ်ပါ

22-6-2020-yyl-029.jpg

တစ်နေ့တာ နေထိုင်စားသောက်မှုပုံစံက သင့်ကျန်းမာရေးအတွက် အရမ်းကိုအရေးကြီးပါတယ်။ ကျန်းမာရေးနဲ့ ညီညွှတ်တဲ့၊ သန့်ရှင်းတဲ့ အစားအစာတွေကို စားသုံးတာက နာတာရှည်ရောဂါတွေ ဖြစ်ပွားနိုင်ချေကို လျော့ချပေးတဲ့အပြင် အချိန်အကြာကြီး ပျော်ရွှင်စွာ နေထိုင်နိုင်စေမှာလည်း ဖြစ်ပါတယ်။ ကျန်းမာရေးနဲ့ ညီညွှတ်တဲ့ အစားအစာတွေက သင့်ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ အာဟာရဓာတ်၊ ဗီတာမင်ဓာတ်၊ သတ္တုဓာတ်၊ ပရိုတင်းတွေနဲ့ ထုပ်ပိုးထားတာပါ။ ဒါပေမဲ့ တန်ဆေး လွန်ဘေးဆိုတဲ့စကားအတိုင်း ကျန်းမာရေးနဲ့ ညီညွှတ်တဲ့ အစားအစာတွေဖြစ်ပေမယ့် လိုအပ်တဲ့ပမာဏထက်ပိုပြီး စားသုံးရင် ကျန်းမာရေးအတွက် မကောင်းနိုင်ပါဘူး။ အဲဒါတွေကို အဆက်မပြတ်စားသုံးမိရင်တော့ အန္တရာယ်ဖြစ်စေနိုင်ပါတယ်။ အဲဒါတွေကတော့

ပဲပိစပ်ပဲ

ပဲပိစပ်ပဲက ကျွန်တော်တို့ တစ်နေ့တာ အစားအစာမှာ ပါဝင်သင့်တဲ့ ပဲအမျိုးအစားဖြစ်ပါတယ်။ အဲဒီကို ပဲနို့၊ တို့ဘူးတို့လုပ်ပြီး နည်းအမျိုးမျိုးနဲ့ စားသုံးကြပါတယ်။ အခြားဗီတာမင် ဓာတ်တွေအပြင် ပရိုတင်း၊ ကယ်စီယမ်၊ မဂ္ဂနီစီယမ်၊ ဆီလီနီယမ်ဓာတ်တွေပါဝင်ပါတယ်။ ပဲပိစပ်ပဲကို ပုံမှန်စားသုံးပေးတာက သွေးဆုံးကိုင်တဲ့ ရောဂါလက္ခဏာတွေကို ဖယ်ရှားပေးပြီး ပရော့စတိတ်ကင်ဆာဖြစ်နိုင်ချေကို လျော့ချပေးပါတယ်။ ဒါပေမဲ့ ပဲပိစပ်ပဲကို အဆက်မပြတ်စားသုံးမယ်ဆိုရင် ခန္ဓာကိုယ်က ပရိုတင်းဓာတ်စုပ်ယူနိုင်မှုကို အဟန့်အတား ဖြစ်စေနိုင်ပါတယ်။ ဒါက ပရိုတင်းဓာတ်ကို ချေဖျက်စေတဲ့ ထရိုင်ပီစင် အင်ဇိုင်းဓာတ်ပမာဏ မြင့်မားစွာပါဝင်တဲ့ အတွက်ကြောင့်ဖြစ်ပါတယ်။

ကန်စွန်းဥ

ကန်စွန်းဥက အမြှစ်နဲ့ ပေါက်တဲ့ဟင်းသီးဟင်းရွက်ဖြစ်ပြီး ကျန်းမာရေးနဲ့ ညီညွှတ်တဲ့ အစားအစာပါပဲ။ ဗီတာမင်စီ၊ ဘီ၊ ကော်ပါးဓာတ်၊ ပိုတတ်စီယမ်၊ မဂ္ဂနီစီယမ်ဓာတ်တွေ ပါဝင်တဲ့အပြင် ကိုယ်အလေးချိန်ကျဖို့၊ အသက်ရှုလမ်းကြောင်းဆိုင်ရာ ပြဿနာတွေကို ကုသပေးဖို့၊ အဆစ်အမြစ်နာကျင်တာ သက်သာစေဖို့ ကူညီပေးနိုင်ပါတယ်။ ဒါပေမဲ့ ဗီတာမင်အေနဲ့ ဘီတာ-ကာရိုတင်းဓာတ်ပါဝင်မှုမြင့်မားတာကြောင့် ကန်စွန်းဥကို အရမ်းကြီးစားသုံးမယ်ဆိုရင် အသားရေအရောင်ပြောင်းသွားနိုင်ပါတယ်။ သင့်ခန္ဓာကိုယ်နဲ့လက်သည်းတွေက လိမ္မော်ရောင်သမ်းသွားစေနိုင်ပါတယ်။ ကန်စွန်းဥစားသုံးမှုကို လျော့ချလိုက်တဲ့အခါမှာတော့ လိမ္မော်ရောင်က တဖြည်းဖြည်းနဲ့ မှေးမှိန်သွားပါလိမ့်မယ်။

အယ်လ်မွန်စေ့

အယ်လ်မွန်စေ့မှာ အမျှင်ဓာတ်၊ ပရိုတင်း၊ မဂ္ဂနီစီယမ်ဓာတ်များစွာ ပါဝင်တဲ့အတွက် သွေးအတွင်းသကြားပမာဏ၊ သွေးဖိအားနဲ့ ကိုလက်စထရောပမာဏတို့ကို ထိန်းညှိတဲ့နေရာမှာ ကူညီပေးနိုင်ပါတယ်။ ဒီအစေ့က ဗီတာမင်အီး ဓာတ်ကြွယ်ဝတဲ့အတွက် အဆက်မပြတ် စားသုံးမယ်ဆိုရင် ခန္ဓာကိုယ်မှာ အဆိပ်အတောက်ဖြစ်စေနိုင်ပါတယ်။ အသက်ရှု ခက်တဲ့ပြဿနာ၊ စိတ်ပိုင်းဆိုင်ရာအားနည်းတာ၊ အသက်ရှုကျပ်တာ၊ ခေါင်းကိုက်တာ၊ မအီမသာဖြစ်တာတွေရှိလာနိုင်ပါတယ်။

သစ်ကြံ့ပိုးခေါက်

သစ်ကြံံ့ပိုးခေါက်က အရသာကောင်းတဲ့အပြင် ကျန်းမာရေးအတွက်လည်း ကောင်းပါတယ်။ ကယ်စီယမ်၊ ကာဗွန်ဟိုက်ဒရိုတ်၊ ဗီတာမင်အေ၊ မဂ္ဂနီစီယမ်ဓာတ်တွေ ထုပ်ပိုးထားပါတယ်။ ဒါက နီမြန်းရောင်ရမ်းခြင်းကို သက်သာသွားအောင်ကူညီပေးသလို သွေးအတွင်း သကြားဓာတ် ပမာဏကိုလည်း ထိန်းညှိပေးပါတယ်။ သစ်ကြံ့ပိုးခေါက်ကလည်း ကူမာရင်လို့ခေါ်တဲ့ ဒြပ်ပေါင်းပါဝင်တဲ့အတွက် ပမာဏအများကြီးစားသုံးမယ်ဆိုရင် အန္တရာယ်ရှိနိုင်ပါတယ်။ ဒါက အသည်းအဆိပ်အတောက်ဖြစ်တာ၊ ကင်ဆာရောဂါတွေနဲ့ ဆက်စပ်နေပါတယ်။

Ref: What happens when you eat these 5 healthy foods in excess

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top