ကြိုတင်ပြင်ဆင်မှုမလုပ်ခြင်းဟာ ကျရှုံးဖို့ ကြိုတင်ပြင်ဆင်နေခြင်းပါပဲ

20-4-20202-yyl-022.jpg

”ကြိုတင်ပြင်ဆင်မှုမလုပ်ခြင်းဟာ ကျရှုံးဖို့ ကြိုတင်ပြင်ဆင်နေခြင်းပါပဲ”လို့ အမေရိကန်နိုင်ငံကို စတင်တည်ထောင်သူတစ်ယောက်ဖြစ်တဲ့ ဘင်ဂျမင်ဖရန်ကလင်က ပြောခဲ့ဖူးပါတယ်။ အမေရိကန်ဒေါ်လာ ၁၀၀ တန်ပေါ်က ရုပ်ပုံက ဘင်ဂျမင်ဖရန်ကလင်ပါပဲ။ အိမ်က ထွက်ပြေးလာခဲ့ပြီး မိတ္တူဆိုင်တွေ၊ ပုံနှိပ်စက်တွေမှာ အလုပ်လုပ်ရတဲ့ဘဝကနေ နိုင်ငံပြုခေါင်းဆောင်ဖြစ်လာခဲ့တဲ့ ဘင်ဂျမင်ဖရန်ကလင်ရဲ့ အပြောင်မြောက်ဆုံး စကားတစ်ခွန်းလို့ မှတ်ယူထားကြပါတယ်။

တိုသလောက် ထိရောက်တဲ့ စကားတစ်ခွန်းပါ။ ပြင်ဆင်မှုဆိုတာ ဘာလဲလို့ ထပ်ဆင့်အနက်ဖွင့်ရရင် ကြုံလာရမယ့် အခြေအနေတစ်ရပ်ရပ်အတွက် အသင့်အနေအထားဖြစ်အောင် လုပ်ခြင်းပါပဲ။ ပြင်ဆင်မှုလုပ်မယ်လို့ စဉ်းစားကတည်းက ကြုံလာမယ့် အခြေအနေကို ကြိုတင်ခန့်မှန်း၊ တွက်ဆပြီးသားဖြစ်လို့ နဖူးတွေ့၊ ဒူးတွေ့ ကြုံလာချိန်မှာ တုံ့ပြန်လှုပ်ရှားဖို့ လွယ်ကူမှာပါ။ တကယ်လို့ ပြင်ဆင်မှုမလုပ်ဘဲ ” မီးစင်ကြည့်က”ရင်တော့ စွန့်စားမှုဆန်ပြီး တုံ့ပြန်လှုပ်ရှားတဲ့အခါ ကသောင်းကနင်း ဖြစ်ရတတ်ပါတယ်။ ကိုယ့်ဘက်မှာ သေချာမှု ရာခိုင်နှုန်း နည်းသွားတဲ့သဘောပါပဲ။

၂၀၁၉ ခုနှစ် ဒီဇင်ဘာလကစပြီး တရုတ်နိုင်ငံ ဝူဟန်မြို့မှာ စတင်ကူးစက်ပျံ့နှံ့ခဲ့တဲ့ COVID-19 ရောဂါကို ကာကွယ်၊ ထိန်းချုပ်နိုင်ဖို့ ကြိုတင်ပြင်ဆင်မှု အားနည်းခဲ့တဲ့ နိုင်ငံတွေထဲမှာ အမေရိကန်နိုင်ငံလည်း ပါဝင်ခဲ့ပါတယ်။ အမေရိကန်နိုင်ငံမှာ ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလ ၂၀ ရက်ကျမှ COVID-19 ရောဂါပိုးရှိသူတစ်ယောက်ကို စတင်တွေ့ရှိခဲ့တာပါ။ တရုတ်နိုင်ငံ၊ ဝူဟန်မြို့ကနေ ပြန်လာတဲ့ အသက် ၃၅ နှစ် အမျိုးသားက ၄ ရက်တိုင်တိုင် ချောင်းဆိုးပြီး ဖျားနေလို့ ဆေးရုံလာပြရာမှာ သူ့ရဲ့ခရီးသွားမှတ်တမ်းအရ COVID-19 ရောဂါပိုးရှိ၊ မရှိ စစ်ဆေးမှုလုပ်ခဲ့တာပါ။ အခုချိန်မှာတော့ အမေရိကန်နိုင်ငံဟာ COVID-19 ရောဂါပိုး ကူးစက်ခံရသူ အများဆုံးနိုင်ငံ(ကူးစက်ခံရသူ ၇၆၄၂၆၅ ယောက်)၊ သေဆုံးသူအများဆုံးနိုင်ငံ( သေဆုံးသူ ၄၀၅၆၅ ယောက်) ရှိနေပါပြီ။

အချိန်တိုအတွင်းမှာ COVID-19 ရောဂါဒဏ် အဆိုးရွားဆုံး ခံစားရတဲ့ နိုင်ငံဖြစ်လာတဲ့ အကြောင်းရင်းကတော့ ကြိုတင်ပြင်ဆင်မှုမရှိခဲ့လို့ပါပဲ။ ကမ္ဘာ့စီးပွားရေးအင်အားအကြီးဆုံး၊ အတော်ဆုံး သိပ္ပံပညာရှင်တွေ၊ အတော်ဆုံး ဗိုင်းရပ်စ်နှိမ်နင်းရေးပညာရှင်တွေရှိတဲ့ အမေရိကန်နိုင်ငံဟာ နည်းပညာပိုင်း ချွတ်ယွင်းမှု၊ စည်းမျဉ်းပိုင်းဆိုင်ရာ အဟန့်အတားတွေ၊ လှေနံဓားထစ်ဗျူရိုကရေစီစနစ်နဲ့ အဆင့်ဆင့်မှာ ဦးဆောင်ဦးရွက်လုပ်မယ့်ခေါင်းဆောင် မရှိမှု စတဲ့ အချက်တွေကြောင့် ရောဂါကူးစက်ခံရနိုင်ဖွယ်ရှိသူတွေကို အကြီးအကျယ် စစ်ဆေးမှုတွေ မလုပ်နိုင်ခဲ့ပါဘူး။ ဒါကြောင့်လည်း ” အသိနောက်ကျလေခြင်း” ဆိုတဲ့ အခြေအနေ ကြုံခဲ့ရတာပါ။

အမေရိကန်နိုင်ငံမှာ ရောဂါပိုးရှိ၊ မရှိ စစ်ဆေးထားသူ ၃.၈ သန်းကျော်ရှိပါပြီ။ သေဆုံးသူ ဒုတိယအများဆုံးဖြစ်တဲ့ အီတလီနိုင်ငံမှာ( သေဆုံးသူ ၂၃၀၀၀ ကျော်ရှိ) လူတစ်သန်းကျော်ကို စစ်ဆေးခဲ့ပါတယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံမှာတော့ လက်ရှိအချိန်အထိ ဓာတ်ခွဲစစ်ဆေးသူ ၄၇၈၆ ယောက် ရှိနေပြီး COVID-19 ‌ရောဂါပိုးရှိသူ ၁၁၁ ယောက် တွေ့ရှိထားပါတယ်။ မြန်မာနိုင်ငံမှာ မတ်လ ၂၃ ရက်ကျမှ COVID-19 ‌ရောဂါပိုးရှိသူ စတင်တွေ့ရှိခဲ့တာဖြစ်ပြီး တစ်လမပြည့်ခင်မှာ ကူးစက်ခံရသူ ၁၁၁ ယောက် ရှိလာခဲ့တာပါ။ မြန်မာနိုင်ငံဟာ ကြိုတင်ပြင်ဆင်ချိန် ၃ လလောက်ရခဲ့ပြီး တချို့အပိုင်းတွေကို ပြင်ဆင်နိုင်ခဲ့ပေမဲ့ တချို့အပိုင်းတွေမှာ လစ်ဟာမှုတွေ ရှိခဲ့ပါတယ်။

ဥပမာ Hospital Quarantine ဝင်ရာမှာ ဓာတ်ခွဲအဖြေ ထွက်ပြီးသူနဲ့ ဓာတ်ခွဲအဖြေ ပေးပို့ထားဆဲသူတွေကို ရေအိမ်၊ ဘေစင်အတူတွဲသုံးနေရတာမျိုး၊ တစ်ယောက်နဲ့တစ်ယောက် ခပ်ခွာခွာနေဖို့ (Social Distancing) လုပ်ဖို့ အလွန်အင်မတန် အရေးကြီးနေချိန်မှာ လူစုလူဝေးမလုပ်ရဲလောက်အောင် အားကောင်းခိုင်မာတဲ့ စည်းမျဉ်း၊ အမိန့် ထုတ်ပြန်ဖို့ အချိန်နောက်ကျခဲ့တာမျိုးပါပဲ။ ဒီဖြစ်ရပ်ကြောင့် COVID-19 ‌ရောဂါ ကူးစက်ခံရသူတွေ အတွဲလိုက်ရှိလာခဲ့ပါတယ်။

ဒါကတော့ ဖြစ်ပြီးသွားတဲ့ဖြစ်ရပ်တွေပါ။ သိပ်မကြာခင် လုပ်ငန်းခွင်တွေ ပြန်လည်ဖွင့်လှစ်ရမယ့် အချိန်အခါ ရောက်လာမှာပါ။ အဲဒီအတွက်တော့ အခုကတည်းက ကြိုတင်ပြင်ဆင်ထားသင့်ပါပြီ။ COVID-19 ရောဂါကလည်း နေ့ချင်းညချင်း ပျောက်သွားမှာတော့ မဟုတ်ပါဘူး။ Peak Time(ရောဂါကူးစက်မှု ပြန့်ပွားမှုအမြင့်ဆုံးအချိန်)ကို ကျော်လွန်သွားပြီးရင် ကူးစက်မှု ကျဆင်းသွားမှာဖြစ်ပေမဲ့ ကူးစက်မှုကတော့ ရှိနေဦးမှာပါ။ ရောဂါကူးစက်မှုနှုန်း ကျသွားပြီဆိုရင်လည်း ပြည်သူတွေ သတိလက်လွတ်၊ ပေါ့ပေါ့ဆဆ ဖြစ်မသွားအောင် ဖြေလျှော့မှုတွေကို တစ်ဆင့်ချင်းစီပဲလုပ်ဖို့ ပြင်ဆင်ထားရမှာပါ။ နောက်တစ်ချက်ကတော့ Post-Pandemic Plan( ကပ်ဘေးလွန်ကာလ အစီအစဉ်)အတွက် ကြိုတင်ပြင်ဆင်ဖို့ပါ။ စီးပွားရေးပြန်လည်ဦးမော့လာအောင်၊ ပြည်တွင်း ငွေကြေးစီးဆင်းမှုအားကောင်းလာအောင်၊ ရပ်တန့်သွားတဲ့လုပ်ငန်းတွေကို ပြန်လည်လည်ပတ်နိုင်အောင်၊ အလုပ်လက်မဲ့ ဖြစ်သွားသူတွေကို အလုပ်အကိုင် ပြန်လည်ဖန်တီးပေးနိုင်အောင် ကြိုတင်စီစဉ်ထားမှသာ အရေးကြုံ၊ သက်လုံကောင်းမယ်ဆိုတဲ့အကြောင်း တိုက်တွန်းရေးသားလိုက်ပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top