ပန်းတိုင်မရောက်ခင် တက်မထောင်ကြနဲ့

4-5-2020-yyl-031.jpg

အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းက ပြောခဲ့ဖူးတယ်။ ”ပန်းတိုင်မရောက်ခင် တက်မထောင်ကြနဲ့”တဲ့။ လွန်ခဲ့တဲ့ နှစ် ၅၀ ကျော်မှာ ပြောခဲ့တဲ့စကားက ဒီအချိန်အထိ မှန်ကန်နေတုန်းပဲ။ ဗိုလ်ချုပ်က ကိုယ့်နိုင်ငံသားတွေအကြောင်း ကောင်းကောင်းသိခဲ့လို့လည်း ဒီလိုမှာကြားခဲ့တာပေါ့။ (ကျွန်တော်တို့တွေကလည်း ပေါ့ဆကြတယ်လေ)။ ကိုယ်သွားရမယ့် ခရီးဆုံးပန်းတိုင်ကို မရောက်သေးဘဲ ကြိုးစားအားထုတ်မှု၊ စည်းကမ်းလိုက်နာမှုတွေကို အားလျှော့လိုက်ရင် ပန်းတိုင်နဲ့ ဝေးသွားတတ်ပါတယ်။ အားလုံးသိကြတဲ့ ယုန်နဲ့လိပ် အပြေးပြိုင်တဲ့ ပုံပြင်လေးလိုပါပဲ။ ပြိုင်ဘက်ကို လျှော့တွက်ပြီး ပန်းတိုင်မရောက်ခင် အောင်ပွဲခံခဲ့တဲ့ ယုန်ဟာ လိပ်ရဲ့ကျော်တက်ခြင်းခံလိုက်ရပြီး ပြိုင်ပွဲမှာ ရှုံးနိမ့်သွားခဲ့တာပါ။

လက်ရှိအချိန်ဟာ COVID-19 ကပ်ရောဂါကို တွန်းလှန်တိုက်ဖျက်နိုင်ဖို့ ကြိုးစားရုန်းကန်နေရတဲ့ကာလဖြစ်ပါတယ်။ ကျန်းမာရေးဝန်ထမ်းတွေက ရှေ့တန်းမှာ နေ့မနား၊ ညမနား အားသွန်ခွန်စိုက် ကြိုးပမ်းနေကြပါတယ်။ ဒီလိုအချိန်မှာ ပြည်သူတစ်ဦးတစ်ယောက်ချင်းစီကလည်း ချမှတ်ထားတဲ့စည်းမျဉ်းတွေကို လိုက်နာပြီး ကိုယ့်တာကိုယ်လုံအောင် ထိန်းကြဖို့ လိုအပ်ပါတယ်။ ဒီရက်ပိုင်းအတွင်း ဓာတ်ခွဲအတည်ပြုလူနာ မတွေ့ရတဲ့ရက်တွေ ခပ်စိတ်စိတ်ဖြစ်လာလို့ လူတွေရဲ့ စိတ်ထဲမှာ ဒီတိုက်ပွဲ အနိုင်ရပြီဆိုပြီး မှတ်ယူတာမျိုးတွေ ရှိလာကြပါတယ်။ စည်းမျဉ်းတွေကို အတိအကျလိုက်နာမှုအားနည်းလာတယ်။ (မဖြစ်မနေ သွားဖို့လိုအပ်လို့ သွားရတာမျိုးကို မဆိုလိုပါ)မလိုအပ်ဘဲ အိမ်ပြင်ထွက်တာမျိုးတွေ ရှိလာတယ်။ နှာခေါင်းစည်းမတပ်ဘဲ အပြင်ထွက်ကြတယ်။ လူတစ်ဦးနဲ့တစ်ဦး ခပ်ခွာခွာနေကြဖို့ မေ့လျော့လာကြတယ်။ တကယ်တော့ အခုလက်ရှိအချိန်ဟာ အင်မတန်သတိထားကြဖို့ လိုအပ်နေပါသေးတယ်။

ရုရှားဟာ ဥရောပနိုင်ငံကြီးတွေထဲမှာ COVID-19 ရောဂါကူးစက်ခံရမှု အနည်းဆုံးနိုင်ငံဖြစ်ခဲ့ပါတယ်။ မတ်လ ၁၉ ရက်အထိ COVID-19 လူနာ ၂၀၀ လောက်ပဲ တွေ့ရှိခဲ့တဲ့ ရုရှားနိုင်ငံဟာ ဧပြီလ ၁၁ ရက်မှာတော့ လူနာ ၁၃,၀၀၀ ကျော် ရှိလာခဲ့ပြီး ဒီနေ့အချိန်မှာတော့ လူနာ ၁၃၄,၀၀၀ ကျော် ရှိနေပါတယ်။ ဘရာဇီးနိုင်ငံကလည်း အလားတူပါပဲ။ မတ်လ ၁၅ ရက်အထိ COVID-19 လူနာ ၂၀၀ ပဲ တွေ့ရှိခဲ့တဲ့ ဘရာဇီးနိုင်ငံဟာ လက်ရှိအချိန်မှာ COVID-19 လူနာ ၁၀၀,၀၀၀ ကျော်ရှိတဲ့ နိုင်ငံ(၉) နိုင်ငံစာရင်းမှာ ပါဝင်နေတာ တွေ့ရမှာပါ။ ဘရာဇီးနိုင်ငံမှာ သမ္မတ ဘော်ဆိုနာရိုကိုယ်တိုင်က လွှတ်တော်ရဲ့ အသွားအလာ ကန့်သတ်ရေးစည်းမျဉ်းတွေကို ဆန့်ကျင်ပြီး စုဝေးပွဲတွေမှာ ပါဝင်ခဲ့ဖူးပါတယ်။ ပေါ့ဆမှုတွေအတွက် ပြန်ပေးဆပ်လိုက်ရတဲ့ အတိုင်းအတာက ကြီးမားလွန်းပါတယ်။

ဒါကြောင့်လည်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ” Covid နဲ့ပတ်သက်တဲ့ ပညာပေး ညွှန်ကြားချက်တွေကို အသေအချာလိုက်နာပါ။ ဒီ တစ်ရက်၊ နှစ်ရက်အတွင်း Covid ငြိမ်နေလို့ မပေါ့ပါနဲ့။ လုံးဝစိတ်ချရတဲ့အခြေအနေက ဝေးပါသေးတယ်။ မမေ့သော သတိဖြင့် ပြီးစီးပြည့်စုံ လုံခြုံအောင် စောင့်ထိန်းကြပါလေ”လို့ လူမှုကွန်ရက်ပေါ်ကနေ မှာကြားထားတာ တွေ့ရမှာပါ။ လက်ရှိအခြေအနေက ကျွန်တော်တို့အတွက် ပန်းတိုင်မဟုတ်သေးပါဘူး။ ပန်းတိုင်အထိ ‌ရောက်အောင် ဆက်လက်လှော်ခတ်ကြရဦးမှာပါ။ အဲဒီအတွက် တက် ထောင်လို့မရသေးပါဘူး။ အဲဒီအတွက် ပြည်သူအားလုံး မမေ့မလျော့၊ မပေါ့မဆကြဘဲ ရှေ့တန်းက တွန်းလှန်တိုက်ဖျက်ပေးနေတဲ့ ကျန်းမာရေးဝန်ထမ်းတွေကို ကူညီပေးကြဖို့ တိုက်တွန်းပါရစေ။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top