ဗျူဟာလည်းပြောင်းပြီ၊ စည်းကမ်းတင်းကျပ်ချိန်လည်း တန်ပြီ

21-12-2020-yyl20.jpg

ကိုဗစ်တိုက်ပွဲမှာ ဗျူဟာပြောင်းတော့မယ်ဆိုတဲ့ သတင်းတွေကြားရပါတယ်။ ဒီပုံစံအတိုင်း ရေရှည်ဆက်သွားရင် ကျန်းမာရေးစနစ်တစ်ခုလုံး ဝန်ပိတော့မယ့်အတွက် အခုလို ဗျူဟာပြောင်းလဲမယ်ဆိုတာကို ကြိုဆိုပါတယ်။ ( အမှန်တော့ လုပ်သင့်တာ ကြာပါပြီ)။ အခုတော့ ထိတွေ့မှုရာဇဝင်ရှိသူတွေကို အိမ်မှာပဲ နေခိုင်းပြီး အသွားအလာ ကန့်သတ်စောင့်ကြည့်တော့မယ်လို့ ဆိုပါတယ်။ ဒါဆိုရင် စည်းမျဉ်းတွေကို တသဝေမတိမ်းလိုက်နာအောင် စောင့်ကြည့်ဖို့ လိုမှာပါ။ ( အခုချိန်ထိ နှာခေါင်းစည်းမတပ်ဘဲ သွားလာနေသူတွေ ရှိနေတုန်းပါ။ ဒါမျိုးတွေကို စည်းကမ်းတင်းတင်းကျပ်ကျပ် ထုတ်ပြန်ပြီး အရေးယူဖို့ လိုပါလိမ့်မယ်)။

ကာကွယ်ဆေးတွေ ပေါ်လာပေမဲ့ လူဦးရေရဲ့ ၂၀ ရာခိုင်နှုန်းလုံး ထိုးနှံပေးဖို့တောင် အချိန်ကြာဦးမှာပါ။ ကာကွယ်ဆေးမထိုးနိုင်သေးလို့ဆိုပြီး ပိတ်ဆို့မှုတွေလည်း လုပ်ထားလို့မရတော့ပါဘူး။ စီးပွားရေးလုပ်ငန်းတွေကိုလည်း ပြန်ဖွင့်ပေးရတော့မှာပါ။ တချို့တွေ တော်တော်အထိနာနေကြပါပြီ။ ဒီနေ့ ဖတ်လိုက်ရတာ သတင်းအရဆိုရင် စစ်ကိုင်းဘက်က ဘုန်းကြီးကျောင်းတစ်ကျောင်းမှာ ပြန်စွန့်မယ့် ဆွမ်း၊ ဟင်းတွေ လာလာစောင့်နေတတ်သူ ၂၀၀ လောက် ရှိပါသတဲ့။ အဲဒီလိုအခြေအနေမျိုး ကြုံနေတာ ဒီတစ်နေရာတည်း မဟုတ်ပါဘူး။ ကိုဗစ်ကြောင့် အလုပ်လက်မဲ့ဖြစ်သွားသူကလည်း သိန်းချီရှိပါတယ်။ ရုပ်ပိုင်းဆိုင်ရာရော၊ စိတ်ပိုင်းဆိုင်ရာရော ထိခိုက်ကုန်ကြပါတယ်။ ဒီတော့ ပိတ်ဆို့မှုနည်းလမ်းနဲ့ ဆက်သွားလို့ မရတော့ပါဘူး။ အစောပိုင်းမှာ ပညာရှင်တွေ ကြိုတင်တွက်ဆခဲ့သလို ကိုဗစ်နဲ့ယှဉ်တွဲနေထိုင်ဖို့ပဲ ကြိုးစားရတော့မှာပါ။

ကိုဗစ်နဲ့ယှဉ်တွဲနေထိုင်ဖို့ဆိုရင် များများစစ်ရပါမယ်။ တတ်နိုင်ရင် အားလုံးကိုစစ်ဆေးပြီး သီးသန့်ခွဲခြားတဲ့နည်းလမ်း အသုံးပြုသင့်ပါတယ်။ မိနစ် ၂၀-၃၀ လောက်အတွင်း အဖြေသိရနိုင်တဲ့ Antigen Test Kit တွေက အမေရိကန်ဒေါ်လာ ၅ ဒေါ်လာလောက်နဲ့ ရနိုင်ပါတယ်။ ( များများစစ်ရင် များများတွေ့လာမလားဆိုတဲ့ စိုးရိမ်မှုမျိုးကတော့ ကိုဗစ်တိုက်ပွဲကို အကြီးအကျယ် အနှောင့်အယှက်ပေးမယ့် အယူအဆပါပဲ)။ အကုန်လုံး မစစ်နိုင်ရင် အလွှာလိုက်၊ တစ်ဆင့်ချင်း စစ်ဆေးပြီး ဖွင့်လို့ရတာတွေ ပြန်ဖွင့်ပေးရမှာပါ။

အဲဒီလို စစ်ဆေးနေတဲ့ ကာလမှာလည်း နှာခေါင်းစည်းတပ်ဖို့၊ ခပ်ခွာခွာနေဖို့ဆိုတဲ့ သတ်မှတ်ချက်တွေက အရေးကြီးတုန်းပဲ၊ မဖြစ်မနေ လိုက်နာဖို့လိုတယ်ဆိုတဲ့ လူထုအသိပညာပေးမှုမျိုး လုပ်ရမှာပါ။ ( ဒါကလည်း အသိပေး၊ နှိုးဆော်၊ မေတ္တာရပ်ခံနေရုံနဲ့ မရပါဘူး။ တင်းကျပ်တဲ့ စည်းကမ်းမျိုး ချမှတ်မှ လိုက်နာကြမှာပါ။ အာဏာပိုင်တွေလာရင် နှာခေါင်းစည်းတပ်ထားပြီး လစ်တာနဲ့ ပြန်ချွတ်တဲ့၊ မေးစေ့ချိတ်ထားတဲ့ ဈေးသည်တွေ တပုံကြီးပါ)။ ဒီတော့ ဗျူဟာပြောင်းပြီး စီးပွားရေးလုပ်ငန်းတွေ ပြန်ဖွင့်ပေးမယ်ဆိုရင် စည်းကမ်းလိုက်နာအောင် တင်းတင်းကျပ်ကျပ် ဆောင်ရွက်ဖို့ တိုက်တွန်းပါရစေ။

အရင်ကအတိုင်း လျော့ရဲနေဦးမယ်ဆိုရင် ( ရခိုင်ပြည်နယ်က လေကြောင်းခရီးစဉ်နဲ့ပြန်လာပြီး သက်ဆိုင်ရာထံ သတင်းမပို့သူတွေကို အရေးယူမယ်ဆိုပေမဲ့ ဘာသတင်းမှ ထပ်မကြားရတော့တာမျိုး) ကိုဗစ်နဲ့အတူ ယှဉ်တွဲနေထိုင်ဖို့၊ အထိနာနေတဲ့ စီးပွားရေးလုပ်ငန်းတွေကို ပြန်ဖွင့်ဖို့က အန္တရာယ် ပိုကြီးပါလိမ့်မယ်။ ဒီတော့ ဗျူဟာပြောင်းလဲမှုနဲ့အတူ နှာခေါင်းစည်းတပ်ဖို့၊ ခပ်ခွာခွာနေကြဖို့ စည်းမျဉ်းတွေကို မလိုက်နာဘဲ မနေရဲအောင် တင်းကျပ်တဲ့ စည်းကမ်းတွေ ထွက်ပေါ်လာဖို့လည်း မျှော်လင့်မိပါကြောင်း . . . . ။

Team ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top