ကိုဗစ်နှင့် ဝိရောဓိများ

28-9-2020-yyl-010.jpg

ကမ္ဘာ့ကပ်ရောဂါအဖြစ် သတ်မှတ်ထားသည့် ကိုဗစ်-၁၉ ကြောင့် ကမ္ဘာ့နိုင်ငံအသီးသီးတွင် ယခင်က မကြုံဖူး၊ မကြားဖူးသည့် အခြေအနေများနှင့် ရင်ဆိုင်ရလျက်ရှိသည်။ ပထမလှိုင်းတွင် ကူးစက်ခံရသူ ၃၀၀ ကျော်၊ သေဆုံးသူ ၆ ဦး ရှိခဲ့သည့် မြန်မာနိုင်ငံတွင် ဒုတိယလှိုင်းအတွင်း ကူးစက်ခံရသူ ၁၀၇၃၄ ဦး၊ သေဆုံးသူ ၂၂၆ ဦးအထိ ရှိလာခဲ့သည်။ တစ်လကျော် ကာလအတွင်း လူနာသစ်နှင့် သေဆုံးသူအရေအတွက် အဆမတန် မြင့်တက်လာခဲ့ခြင်းမှာ စိုးရိမ်ပူပန်စရာ အခြေအနေဖြစ်သည်။

ကိုဗစ်နှင့်အတူ ကပ်ပါလာသည့် ဝိရောဓိများကလည်း ပြည်သူများ၏ စိုးရိမ်ပူပန်မှုကို မြင့်တက်စေသည်။ Quarantine Center များတွင် စောင့်ကြည့်လူနာများပြားနေခြင်းကြောင့် ဖျားနာကုဆေးခန်းများသို့ လာရောက်ပြသသည့် အနံ့မရသူများကို အိမ်ပြန်လွှတ်နေရသည်ဆိုသည့် သတင်းနှင့်ပတ်သက်၍ မြေပြင်တွင် လှုပ်ရှားနေရသည့် ကျန်းမာရေးဝန်ထမ်းများနှင့် သက်ဆိုင်ရာအာဏာပိုင်များကြား ကွဲလွဲချက်အချို့ကို မြင်တွေ့ရသည်။ မြေပြင်အခြေအနေကို အပ်ကျမတ်ကျ မသိရပါက ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းစဉ်များအတွက် မူဝါဒချမှတ်နိုင်ရန် အခက်အခဲများစွာ ကြုံတွေ့ရနိုင်သည်။

စာသင်ကျောင်းများတွင် ဖွင့်လှစ်ထားရသည့် Facility Quarantine စင်တာအချို့တွင် အိပ်စရာ၊ နေစရာ ပြင်ဆင်ပေးထားခြင်းမရှိဘဲ အမျိုးသားများနှင့် အမျိုးသမီးများကို ရောနှောထားသည့် အခြေအနေမှာလည်း ကြိုတင်စီစဉ်မှု၊ ပြင်ဆင်မှုပိုင်းဆိုင်ရာ ဟာကွက်များကို မီးမောင်းထိုးပြသကဲ့သို့ ဖြစ်နေသည်။ တဖက်တွင်လည်း Positive ဖြစ်ပြီး ကျန်းမာရေးကောင်းမွန်နေသည့် လူနာအချို့က ယင်းတို့ကို ဆေးမတိုက်ခြင်းကြောင့် စောဒကတက်မှုများရှိနေသည်။ ကိုဗစ်-၁၉ ရောဂါကို ကုသနိုင်သည့် ဆေးဝါးမရရှိသေးခြင်းကြောင့် ကိုယ်ခံအား ကောင်းမွန်ရေးကိုသာ အဓိကဦးစားပေးရပြီး ကျန်းမာရေးကောင်းသည့် လူနာများကို ဆေးတိုက်စရာ မလိုအပ်ခြင်းကို နားလည်ထားရန် လိုအပ်ပေသည်။

ထို့အပြင် ကြိုတင်ပြင်ဆင်ရန် နာရီပိုင်းသာ အချိန်ရသည့် ထုတ်ပြန်ချက်အချို့ကလည်း အခက်တွေ့စရာဖြစ်စေခဲ့သည်။ ယခုနောက်ဆုံး QR Pass လျှောက်ထားရသည့်ကိစ္စတွင်လည်း တပြိုင်တည်း ဝင်ရောက်လျှောက်ထားသူ အများအပြားရှိခဲ့ခြင်းကြောင့် နည်းပညာပိုင်းဆိုင်ရာ အခက်အခဲများ ဖြစ်ပေါ်ခဲ့သည်။ ထို့သို့သော အခြေအနေများကို ရှောင်လွှဲနိုင်ရေးအတွက် မြေပြင်အခြေအနေကို အတိအကျ သိရှိရေးမှာ အဓိကကျပြီး မူဝါဒမချမှတ်မီ အထက်၊ အောက် အလွှာလွှာအသီးသီးက လေ့လာဆန်းစစ်ရန် လိုအပ်ကြောင်း တိုက်တွန်းအပ်ပါသည်။

Nz ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top