မင်္ဂလာပါလို့ နှုတ်ဆက်ပြီး ကွမ်းတံတွေးကို စည်းကမ်းမဲ့ထွေးနေမယ်ဆိုရင်

yyl-035-7.jpg

မြန်မာနိုင်ငံကို ရောက်လာတဲ့ နိုင်ငံခြားသားတိုင်းလိိုလို “မင်္ဂလာပါ’’ဆိုတဲ့ စကားကို ပြောတတ်အောင် သင်ကြလေ့ရှိပါတယ်။ ဘာလို့လဲဆိုတော့ မြန်မာနိုင်ငံမှာ တစ်ယောက်နဲ့တစ်ယောက် တွေ့ဆုံကြရင် မင်္ဂလာပါဆိုတဲ့ နှုတ်ဆက်စကားကို သုံးကြလို့ပေါ့။ အမေရိကန်သမ္မတ အိုဘားမားကအစ ဖိလစ်ပိုင်မော်ဒယ် ဆီနွန်လိုရက်စ်ကာအဆုံး မြန်မာနိုင်ငံ ရောက်လာတဲ့အခါ မင်္ဂလာပါဆိုတဲ့ နှုတ်ဆက်စကား ပြောကြပါတယ်။ မင်္ဂလာပါဆိုတာ ကောင်းမြတ်ခြင်းဆိုတဲ့ အဓိပ္ပာယ်ပါ။ “မင်းတို့တွေက နှုတ်ဆက်တဲ့အခါ မင်္ဂလာပါလို့ ပြောတတ်ကြပေမဲ့ ကောင်းမြတ်ခြင်းမရှိတဲ့ လုပ်ရပ်တွေ ဘာလို့လုပ်ကြတာလဲ’’လို့ မေးခံရတာတော့ ရှက်ဖို့ကောင်းပါတယ်။

ကောင်းမြတ်ခြင်းမရှိတဲ့ လုပ်ရပ်ဆိုတာ ဘယ်လိုမျိုးလဲလို့ မေးလာရင်တော့ စုံနေတာပဲလို့ ဖြေရမှာပါ။ ဒီနေ့နံနက် ရုံးလာဖို့ ၅၆ ဘတ်စ်ကားဂိတ်မှာ တန်းစီနေတုန်း လူတန်းရှေ့ဘက်ကနေ သက်ကြီးပိုင်း အမျိုးသားတစ်ယောက်က လေညာဘက်ကနေ ဆေးလိပ်သောက်ပြီး ဆေးလိပ်ငွေ့တွေ မှုတ်ထုတ်နေလို့ အနောက်မှာ တန်းစီနေတဲ့ အမျိုးသမီးတွေ နှာခေါင်းတရှုံ့ရှုံ့ဖြစ်ခဲ့ရပါတယ်။ တစ်ဆင့်ခံ ဆေးလိပ်ငွေ့ရှူရတာလည်း ကင်ဆာရောဂါဖြစ်စေနိုင်ပါတယ်။ ဆေးလိပ်သောက်တာ အပြစ်လို့မဆိုသာပေမဲ့ လူအများကြီးရှိနေတဲ့ အများပြည်သူဆိုင်ရာ နေရာမှာတော့ မသောက်သင့်ပါဘူး။ ကိုယ့်ကြောင့် တခြားသူတွေ ဆေးလိပ်ငွေ့ ရှုနေရတာက ကောင်းတဲ့ကိစ္စမဟုတ်ပါဘူး။

ဒါတင်ပဲလားဆိုတော့ မကသေးပါဘူး။ ၂၃ ကားပေါ်မှာလည်း အမျိုးသားတစ်ယောက်က ၂ မှတ်တိုင်ကို တစ်ခါလောက် ပြတင်းပေါက်ကနေ ကွမ်းတံတွေးတွေ တပြွတ်ပြွတ်ထွေးတာ မြင်ခဲ့ရပါသေးတယ်။ ကွမ်းတံတွေးတွေ၊ ဖုန်မှုန့်တွေကြောင့် ညစ်ပေနေတဲ့ ပလက်ဖောင်းတွေကို စည်ပင်သာယာ သန့်ရှင်းရေးလုပ်သားတွေက ရေဆေး၊ ဘရက်ရှ်နဲ့ တိုက်၊ ဆေးသုတ်ပြီး အလှဆင်နေချိန်မှာ စည်းကမ်းမဲ့ကွမ်းတံတွေးထွေးသူတွေကြောင့် ပလက်ဖောင်းတွေကတော့ ညစ်ပေမြဲ၊ ညစ်ပေဆဲပါပဲ။ ကွမ်းကြိုက်လို့ ကွမ်းစားတာ အပြစ်မဟုတ်ပေမဲ့ စည်းကမ်းမဲ့ကွမ်းတံတွေးထွေးတာကတော့ အပြစ်ရှိပါတယ်။ နိုင်ငံခြားသူတစ်ယောက်ကို ကွမ်းတံတွေးနဲ့ ထွေးမိခဲ့တဲ့ဖြစ်ရပ်ကြောင့် ကမ္ဘာ့အလယ်မှာလည်း သိက္ခာကျခဲ့ပြီးပါပြီ။

ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနဲ့ သန့်ရှင်းရေးဌာနက ထုတ်ပြန်တဲ့ ၂၀၁၈ ခုနှစ် ဥပဒေအရ အများပြည်သူနဲ့ဆိုင်တဲ့ နေရာတွေ၊ လမ်းတွေပေါ်မှာ ကွမ်းတံတွေးထွေးရင် ငွေဒဏ်(၃)သောင်းကနေ (၅)သောင်းအထိ ချမှတ်နိုင်တယ်လို့ ဖော်ပြထားပေမဲ့ စည်းကမ်းမဲ့ ကွမ်းတံတွေးထွေးတာတွေကတော့ ပပျောက်သွားခြင်းမရှိပါဘူး။ ဥပဒေထုတ်ပြန်ထားပေမဲ့ အရေးယူမှုပိုင်း အားနည်းနေလို့ စည်းကမ်းမဲ့လုပ်ရပ်တွေကို ထိန်းချုပ်နိုင်ဖို့ အခက်တွေ့နေတုန်းပါပဲ။ ရေးမယ့်သာ ရေးရတာ စည်းကမ်းမဲ့သူတွေက စာဖတ်ကြမှာလည်း မဟုတ်ပါဘူး။ အခုအခြေအနေက ကျောင်းသားဘဝကိုတောင် ပြန်သတိရမိပါသေးတယ်။ ကျောင်းသားတွေ ကျောင်းပျက်ရင် ဆရာမက ဆုံးမစကားပြောပါတယ်။ ဒါပေမဲ့ သူ ဆုံးမတာကို ကျောင်းပျက်တဲ့သူက သိမှာမဟုတ်ပါဘူး။ အဲဒီတော့ ကျောင်းလာတဲ့သူတွေပဲ ဆုံးမခံရသလို ဖြစ်နေတာပေါ့။ အခုလည်း စည်းကမ်းမဲ့လုပ်ရပ်တွေ လျော့နည်းပပျောက်သွားအောင် စာတွေသာ ရေးပြရတာ၊ စည်းကမ်းမဲ့သူတွေက စာမဖတ်ကြတော့၊ စည်းကမ်းရှိ စာဖတ်ပရိသတ်တွေပဲ သြဝါဒချွေခံရလို ဖြစ်နေတာပေါ့။ အဲဒီလို စည်းကမ်းမဲ့လုပ်ရပ်တွေ ပပျောက်အောင် အရေးယူမှုတွေ ထိထိရောက်ရောက်လုပ်ဖို့ လိုအပ်နေတာ အမှန်ပါပဲ။

တောင်ကိုရီးယားနိုင်ငံမှာတော့ အများပြည်သူဆိုင်ရာ နေရာတွေမှာ ကွမ်းတံတွေး ထွေးရင် ထောင်ဒဏ် ၁၀ နှစ်နဲ့ ဒဏ်ငွေဝမ်တစ်သိန်းချမှတ်မယ်လို့ ထုတ်ပြန်လိုက်မှ ကွမ်းတံတွေးကြောင့် ညစ်ပေမှုတွေ လျော့နည်းသွားခဲ့တာပါ။ ပင်ကိုယ်အသိစိတ်မှာ စည်းကမ်းရှိရကောင်းမှန်း မသိသူတွေကို အရေးယူမှုဆိုတဲ့ အကြောက်တရားနဲ့ပဲ ထိန်းချုပ်နိုင်မှာပါ။ ဒီလိုမှမဟုတ်ရင်တော့ လူကြားထဲ ဆေးလိပ်သောက်ပြီး ဆေးလိပ်ငွေ့တွေ တဖွားဖွား မှုတ်ထုတ်တာ၊ ကားပေါ်ကနေ စည်းကမ်းမဲ့ကွမ်းတံတွေး ထွေးတာတွေကြောင့် “မင်္ဂလာပါ’’လို့ နှုတ်ဆက်စကားဆိုတဲ့ နိုင်ငံမှာ “မင်္ဂလာမရှိတဲ့ ဖြစ်ရပ်တွေ’’ ကြုံနေရဦးမှာပါ။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top