အခင်းအကျင်းသစ်မှာ လေ့လာသင်ယူစရာ

25-5-2020-yyl-038.jpg

စုနှစ်ရဲ့ အကြီးမားဆုံး ကပ်ဘေးလို့ ဆိုရမယ့် COVID-19 ကြောင့် ကျန်းမာရေး၊ စီးပွားရေး၊ လူမှုရေး စတဲ့ အဓိကကဏ္ဍအသီးသီးကို အကြီးအကျယ် ရိုက်ခတ်စေခဲ့တာ အားလုံးအသိပါပဲ။ ကမ္ဘာတစ်လွှားမှာ ကူးစက်ခံရသူ ၅.၅ သန်းကျော်၊ သေဆုံးသူ ၃၄၀,၀၀၀ ကျော် ရှိနေတဲ့ COVID-19 ရောဂါကြောင့် အရှိန်အဟုန်နဲ့ လည်ပတ်နေတဲ့ ကမ္ဘာကြီး တုံ့ဆိုင်းအုံမှိုင်းခဲ့ရပါတယ်။ နောက်ဆက်တွဲအနေနဲ့ ကမ္ဘာ့နိုင်ငံ အသီးသီးမှာ အလုပ်လက်မဲ့နှုန်း မြင့်တက်လာပြီး ငွေကြေးစီးဆင်းမှုကလည်း တဟုန်ထိုး ကျဆင်းခဲ့ပါတယ်။

ကမ္ဘာ့စီးပွားရေးအင်အားအကြီးဆုံး အမေရိကန်နိုင်ငံမှာ အလုပ်လက်မဲ့နှုန်းက အလုပ်သမား အင်အားစုရဲ့ ၁၄.၇ ရာခိုင်နှုန်းလောက် ရှိပါတယ်။ လက်ရှိခန့်မှန်းမှုအရဆိုရင် အလုပ်လက်မဲ့နှုန်း ၂၀ ရာခိုင်နှုန်းအထိ ဖြစ်လာမယ်လို့ ဆိုတယ်။ ကမ္ဘာ့ဒုတိယစီးပွားရေးအင်အားအကြီးဆုံး တရုတ်နိုင်ငံကလည်း ၁၉၉၀ ပြည့်နှစ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် တစ်နှစ်တာ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု လျာထားချက်ကို ဖျက်သိမ်းလိုက်တယ်။ ၁၉၉၀ ပြည့်နှစ်ကစပြီး နှစ်စဉ်နှစ်တိုင်း စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု လျာထားချက် ထုတ်ပြန်ခဲ့တဲ့ တရုတ်နိုင်ငံဟာ ဒီနှစ်မှာတော့ COVID-19 နဲ့အတူ ဖြစ်ပေါ်လာတဲ့ မသေချာ၊ မရေရာမှုတွေကြောင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု လျာထားချက်ကို ဖျက်သိမ်းလိုက်တာပါ။

မြန်မာနိုင်ငံမှာလည်း COVID-19 ကြောင့် ပိတ်လိုက်ရတဲ့ လုပ်ငန်းတွေ၊ အလုပ်လက်မဲ့ဖြစ်သွားသူတွေ ရှိပါတယ်။ ပို့ကုန်လုပ်ငန်းတွေလည်း အခက်တွေ့နေပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းမှာပဲ အိန္ဒိယနိုင်ငံက မတ်ပဲတင်သွင်းမှု မူဝါဒ ရုတ်တရက်ပြောင်းလဲလိုက်လို့ မြန်မာ့ပဲကုန်သည်တွေ အခက်တွေ့ခဲ့ပါတယ်။ အရင်တုန်းက အိန္ဒိယမှာ လူကြိုက်များခဲ့တဲ့ မြန်မာ့ ငါးသလောက်ကို အခုချိန်မှာ မှာယူတင်သွင်းမှု မရှိသလောက် နည်းသွားပါပြီ။

ဒါကြောင့်လည်း ပြီးခဲ့တဲ့ လေး၊ ငါးနှစ်အတွင်း ဦးမော့လာခဲ့တဲ့ မြန်မာ့စီးပွားရေးက ၂၀၂၀ ပြည့်နှစ်မှာ ကျဆင်းသွားနိုင်တယ်လို့ ကမ္ဘာ့ဘဏ်က ခန့်မှန်းထားပါတယ်။ ဒီနှစ်ထဲမှာ မြန်မာ့စီးပွားရေးတိုးတက်မှု ၆.၄ ရာခိုင်နှုန်းရှိမယ်လို့ နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့(IMF)က ခန့်မှန်းထားပေမဲ့ အခုအခါမှာတော့ ၁.၈ ရာခိုင်နှုန်းလောက် ကျဆင်းသွားမယ်လို့ ပြောခဲ့ပါတယ်။ ကိုဗစ်-၁၉ စီးပွားရေးကုစားမှုအစီအစဉ် အစီရင်ခံစာ မိတ်ဆက်မှုမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကလည်း COVID-19 ကပ်ရောဂါက မြန်မာ့စီးပွားရေးအပေါ် အချိန်ကြာကြာ လွှမ်းမိုးနေမယ်လို့ ရေးသားဖော်ပြခဲ့ပါတယ်။

COVID-19 ရောဂါ စတင်ကူးစက်ပျံ့နှံ့ခဲ့တဲ့ တရုတ်နိုင်ငံမှာတော့ ပြည်တွင်းငွေကြေး စီးဆင်းမှု ပြန်လည်အားကောင်းလာဖို့အတွက် ဒေသအစိုးရအဖွဲ့တွေက လျှော့ဈေးကူပွန်တွေ ထုတ်ဝေခဲ့ပါတယ်။ ပြည်နယ်နဲ့ မြို့ကြီး ၂၈ မြို့၊ စီရင်စုအဆင့် မြို့ပေါင်း ၁၇၀ ကျော်မှာ ထုတ်ဝေဖြန့်ဖြူးခဲ့တဲ့ လျှော့ဈေးကူပွန်တွေက ယွမ် ၁၉ ဘီလျံကျော် တန်ဖိုးရှိပါတယ်။ ကူပွန်အများစုကို အလီဘာဘာ၊ Tencent၊ Meituan Dianping တို့လို ကြားခံပလက်ဖောင်းတွေကတစ်ဆင့် ဖြန့်ဖြူးပေးတာဖြစ်ပါတယ်။ ဒါဟာ အစိုးရ-ပုဂ္ဂလိက ပူးပေါင်းလှုပ်ရှားမှု ပြယုဂ်တစ်ခုပါ။ မသေချာ၊ မရေရာမှုတွေ ကြုံနေရချိန်မှာ စိုးရိမ်နေတဲ့ ပြည်သူတွေက ငွေကြေးမသုံးစွဲရဲရင် ငွေကြေးစီးဆင်းမှုရပ်တန့်ပြီး ပြည်တွင်းစီးပွားရေးဈေးကွက် ထိခိုက်ရမှာပါ။ အဲဒီလို အခြေအနေမျိုးကို ရှောင်လွှဲဖို့ တရုတ်နိုင်ငံက လျှော့ဈေးကူပွန်တွေ ထုတ်ပြီး ပြည်သူတွေ ငွေကြေးသုံးစွဲရဲလာအောင် လုပ်ဆောင်ခဲ့တာပါ။ လျှော့ဈေးကူပွန်တွေ ထုတ်ပြီးနောက်မှာ ပြည်တွင်းငွေကြေးစီးဆင်းမှုလည်း ပိုကောင်းလာခဲ့တာ တွေ့ရပါတယ်။

COVID-19 ကြောင့် အခင်းအကျင်းသစ်၊ ဖြစ်ရိုးဖြစ်စဉ်သစ် ကြုံတွေ့ရချိန်မှာ စိန်ခေါ်မှုသစ်တွေကို ရင်ဆိုင်ကျော်လွှားရင်းနဲ့ ရှေ့ခရီးဆက်ရမှာပါ။ ဒီလိုအခြေအနေမှာ COVID-19 ကပ်ရောဂါဒဏ် စောလျင်စွာ ခံစားခဲ့ရတဲ့ နိုင်ငံတွေ ဘယ်လိုတုံ့ပြန်လှုပ်ရှားတယ်၊ ဘယ်နည်းလမ်းကတော့ ကိုယ့်နိုင်ငံနဲ့ ကိုက်ညီတယ်၊ ဘယ်နည်းလမ်းကတော့ မကိုက်ညီဘူးဆိုတာ လေ့လာဆဝါးဖို့ လိုအပ်မှာ အသေချာပါပဲ။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top