ကိုယ့် ချွေးနဲစာလေးတွေ သဲထဲရေသွန်မဖြစ်ရလေအောင် Facebook ကို အသုံးချနေတဲ့ ဝန်ဆောင်မှုတွေကို သတိထားကြမယ်

25-5-2020-yyl-037.jpg

လူမှုကွန်ရက်ပေါ်မှာ အကြောင်းအရာတစ်ခု မှန်ရဲ့လား၊ လူသိများလား၊ ယုံကြည်ရလားဆိုတာ Like နဲ့ Share အရေအတွက်ကိုကြည့်ပြီး ဆုံးဖြတ်လေ့ရှိပါတယ်။ ဒါကြောင့်ပဲ အရေးကြီးတဲ့ အကောင့်တစ်ခုခု အတွက် ကိုယ်ရေးအချက်အလက် ကာကွယ်ပေးမယ်၊ ပုံမှန်မဟုတ်တဲ့ နည်းလမ်းနဲ့ လူတွေ သတိထားမိအောင် လုပ်ပေးမယ်၊ ဒါမှမဟုတ် အကောင့်အတွက် တာဝန်ယူပေးမယ် စသည်ဖြင့် ဝန်ဆောင်မှုပေးတဲ့လုပ်ငန်းတွေဟာ မိုးဦးကျမှာပေါက်တဲ့မှိုတွေလို အလျိုလျို ထွက်ပေါ်လာပါတော့တယ်။

အွန်လိုင်းပေါ်မှာ “increase Facebook like” ဆိုပြီး ဒီအတိုင်း အလွယ်တကူ ရိုက်ရှာလိုက်ရင်တောင် အဲဒီလို ဝန်ဆောင်မှုကို ဈေးနှုန်းအမျိုးမျိုးယူပြီး လုပ်ပေးနေတဲ့နေရာတွေ မရေတွက်နိုင်အောင်ရှိတာ တွေ့ရမှာပါ။ ဒီ ဝန်ဆောင်မှုလုပ်ငန်းရဲ့ ကျေးဇူးနဲ့ ဝင်လို့မရဘဲ lock ကျသွားတဲ့ ဆိုရှယ်အကောင့်တွေ ချက်ချင်း ပြန်ရသွားတယ်။ Like ရဖို့ ခက်တဲ့ ပိုစ့်ဆိုရင်လည်း မျက်လှည့်ပြလိုက်သလို တမဟုတ်ချင်း လူတွေဆီ ပျံ့နှံ့သွားတယ်။ လူမှုကွန်ရက်ပေါ်မှာ နာမည်ကြီးချင်လို့ ဖြတ်လမ်းလိုက်ဖို့ ကြိုးစားတာမျိုး၊ အကောင့် lock ကျသွားတဲ့အခါ ဘာလို့ကျသွားတာလဲဆိုတဲ့ ဇစ်မြစ်ကို မစုံစမ်းဘဲ ကြောက်အားလန့်အား ဖြစ်သွားတာမျိုး စတဲ့ တစ်ချို့ လူမှုကွန်ရက် သုံးတဲ့သူတွေဟာ ဒီလို အလွယ်ရနေတဲ့ ဝန်ဆောင်မှုတွေ အတွက် ပိုက်ဆံ ဆက်သုံးနေဆဲပါ။ သူတို့ သတိမထားမိလိုက်တာက ဒီနေရာမှာ ပိုက်ဆံသုံးလိုက်တာဟာ Facebook ရဲ့ လူမှုစံနှုန်းကို ချိုးဖောက်တဲ့နေရာမှာ ကြံရာပါ ဖြစ်သွားပြီး ကိုယ့် အန္တရာယ်ကို ပိုက်ဆံပေး ဝယ်မိသလို ဖြစ်သွားနိုင်ပါတယ်။

၁ အကောင့်ကို မှန်မှန်ကန်ကန် အသုံးမချမိရင် ဖြစ်လာနိုင်တဲ့ အန္တရာယ်တွေ

လူမှုကွန်ရက်ပေါ်မှာ like ၊ share ၊ comment စတဲ့ engagement အတုတွေရဖို့ cookies ဒါမှမဟုတ် tokens ကနေ အသုံးပြုသူရဲ့ အထောက်အထားတောင်းတဲ့ ပြင်ပ အက်ပလီကေးရှင်းတစ်ခုခုမှာ ကိုယ့် အချက်အလက်တွေ ပေးလိုက်မိရင် ကိုယ့်အကောင့်ရဲ့ စကားဝှက်ကို ပြောပြလိုက်တာနဲ့ အတူတူပါပဲ။ ကိုယ့်အကောင့် အခိုးခံရမယ့် ဒုက္ခကို ကိုယ်တိုင်ရှာမိသလို ဖြစ်သွားနိုင်ပါတယ်။ ဒါမှမဟုတ်ရင်လည်း မသမာသူတွေက ကိုယ့်ရဲ့အကောင့်ကို ဝင်သုံးပြီး သတင်းတု၊ သံသယဖြစ်ဖို့ကောင်းတဲ့စာ၊ ကိုယ်ရေးအချက်အလက်ခိုးယူဖို့ ကြိုးစားတဲ့ လင့်ခ် အပါအဝင် အကြမ်းဖက်မှုနဲ့ ဆက်စပ်တဲ့ အကြာင်းအရာတွေလို ဆိုးရွားတဲ့ အဆိပ်အတောက်စာတွေကို ဖြန့်နိုင်ပါတယ်။ အကောင့်လုံခြုံရေး အားနည်းနေပြီဆိုတာ သိနိုင်တဲ့ လက္ခဏာတစ်ချို့ကို ပြောရရင် ကိုယ် ပို့လိုက်တာမဟုတ်ဘဲ စာ၊ အကြောင်းအရာ တစ်ခုက လူတွေအများကြီးဆီရောက်သွားတာ၊ ကိုယ့်ရဲ့ အကောင့်သုံးခဲ့တဲ့မှတ်တမ်း မှာ ပုံမှန်မဟုတ်တဲ့ နေရာတွေ ပြနေတာ၊ ကိုယ် မတင်လိုက်တဲ့ စာနဲ့ ပိုစ့်တွေက ကိုယ့်ရဲ့ လှုပ်ရှားမှုမှတ်တမ်း မှာ ရှိနေတာစတဲ့ လက္ခဏာတွေပဲ ဖြစ်ပါတယ်။

ဒါတင်မကသေးပါဘူး။ အကောင့် အခိုးခံလိုက်ရတာနဲ့ ကိုယ့်ရဲ့ မိသားစု၊ သူငယ်ချင်းတွေပါ အန္တရာယ် တွင်းထဲ အလွယ်တကူ ကျရောက်နိုင်ပါတယ်။ ကိုယ် ပို့လိုက်တဲ့ လင့်ခ်အတုနဲ့ အန္တရာယ်ရှိတဲ့ အကြောင်း အရာတွေ ကို သူတို့က သံသယဖြစ်နေမှာ မဟုတ်ဘဲ နှိပ်လိုက်မိမှာပါပဲ။

၂ ပိုက်ဆံနဲ့ဝယ်လို့ရတဲ့ အောင်မြင်မှုက ရှေရှည်မခံပါဘူး

အင်တာနက်ကမ္ဘာဖြစ်ဖြစ်၊ အပြင်မှာဖြစ်ဖြစ် အောင်မြင်ကျော်ကြားမှုဆိုတာ ယုံကြည်မှုနဲ့ တည်ဆောက် ရတာပါ။ ပိုက်ဆံပေးပြီး ဝယ်လို့ရတဲ့ engagement တွေနဲ့ “စစ်မှန်မှုမရှိ” တဲ့ အောင်မြင်မှုကို ဖန်တီးဖို့ ဆုံးဖြတ်လိုက်တာဟာ တစ်ကယ့် အားပေးထောက်ခံသူတွေရဲ့ စစ်မှန်တဲ့ ယုံကြည်မှုကို ပျက်ပြားစေပါတယ်။ Facebook ပေါ်မှာ လက်ဆုပ်လက်ကိုင် မပြနိုင်ဘဲ likes ၊ comments ၊ shares တွေနဲ့ ရုတ်တရက် လူသိများလာတဲ့ လှုပ်ရှားမှုတစ်ခုကြောင့် အားပေးတဲ့သူတွေရဲ့ ယုံကြည်မှု ပျက်ပြားစေခဲ့ရင် တခြားလှုပ်ရှားမှုတွေကိုလည်း အတုအယောင်တွေလို့ သတ်မှတ်လိုက်မှာဖြစ်လို့ ကိုယ့်အတွက် ပိုက်ဆံကုန်ရတာ ဘာအဓိပ္ပာယ်မှမရှိ၊ အကျိုးအမြတ်လည်း ရှိတော့မှာမဟုတ်ပါဘူး။

နောက်ထပ် သိထားသင့်တဲ့အချက်က ဒီလို “မှောင်ခိုဈေးကွက် ရောင်းဝယ်မှု” ဟာ Facebook ရဲ့ လူမှုစံနှုန်း ကို ချိုးဖောက်ရာကျပါတယ်။ Facebook ရဲ့ လူမှုစံနှုန်းကို ချိုးဖောက်တဲ့ လှုပ်ရှားမှုတိုင်းကို Instagram အပါအဝင် ပလက်ဖောင်းအားလုံးမှာ တားမြစ်ထားပါတယ်။ ဒါ့ကြောင့် Facebook နဲ့ ချိတ်ဆက်ထားတယ်၊ Facebook ရဲ့ မိတ်ဖက်လုပ်ငန်းပါ ဆိုပြီး ဝန်ဆောင်မှု ပေးနေတဲ့ လုပ်ငန်းတွေဟာ အသုံးပြုသူတွေရဲ့ ယုံကြည်မှုကနေ အမြတ်ထုတ်ဖို့ ကြိုးစားနေတဲ့ အလိမ်အညာ အကွက်တွေပါ။ ဒီလို မစစ်မှန်တဲ့ engagement တွေရအောင် ဝန်ဆောင်မှုပေးနေတဲ့သူတွေနဲ့ လိမ်လည်ဖို့ ကြိုးစားတဲ့ အပြုအမူတွေကို Facebook က တိုက်ဖျက်သွားဖို့ သန္နိဋ္ဌာန်ချထားတဲ့အတွက် ဘယ်လို အကောင့်၊ စာမျက်နှာရဲ့ လှုပ်ရှားမှုမဆို ပုံမှန်မဟုတ်တဲ့ engagement တစ်ခုခုမှာ ဆက်စပ်နေတာ တွေ့ရှိတာနဲ့ ဖျက်ပစ်လိုက်မှာ ဖြစ်ပါတယ်။

ဘယ်လို အဖွဲ့အစည်းကနေ ဘယ်သူမှန်း ရေရေရာရာ မသိတဲ့သူတွေကပေးတဲ့ ဝန်ဆောင်မှုတွေကို သုံးလိုက်မိရင် လူတစ်ဦးတစ်ယောက်အတွက်၊ အထူးသဖြင့် စီးပွားရေးလုပ်ငန်းတွေအတွက် ငွေကြေး ဆုံးရှုံးမှုတွေပဲ ဖြစ်စေမှာပါ။ တစ်ဘက်က စဉ်းစားကြည့်ရင် ပုံမှန်မဟုတ်တဲ့ engagement တစ်ခုခုမှာ ရင်းနှီးမြုပ်နှံလိုက်ပေမယ့် နောက်ဆုံးကျ ဒီ အပြုအမူတွေက ဖယ်ရှားခံရမှာ ဖြစ်တဲ့အတွက် ဘာမှ ပြန်ရလိုက်မှာ မဟုတ်ပါဘူး။ ပြီးတော့ ရုတ်တရက်ကြီး engagement ကျသွားရင် followers နဲ့ စားသုံးသူက တဖြည်းဖြည်း သံသယရှိလာပြီး ယုံကြည်မှာ မဟုတ်တော့တဲ့အတွက် ကိုယ့်ရဲ့ နာမည်ဂုဏ်သတင်းကို ကျဆင်းစေပါတယ်။ ကုန်အမှတ်တံဆိပ် တစ်ခုအတွက် ယုံကြည်မှု ပြန်ရအောင် လုပ်ပြီး အမှတ်တံဆိပ်ရဲ့ ပုံရိပ်ကို ပြန်မြှင့်တင်ဖို့ဆိုတာ တကယ့်ကို မလွယ်တဲ့အလုပ်ပါ။

ဒီလောက်ဆို ပုံမှန်မဟုတ်တဲ့ နည်းလမ်းနဲ့ like နဲ့ share တွေ ရအောင်လုပ်တာဟာ စီးပွားရေးလုပ်ငန်း တစ်ခုကို လူသိများအောင်လုပ်ဖို့ ရေရှည်အသုံးချနိုင်တဲ့ အကောင်းဆုံးနည်းလမ်း မဟုတ်ဘူးဆိုတာ နားလည်သွားကြမယ်လို့ ထင်ပါတယ်။

၃ ကိုယ့်အကောင့်မှာ ပြဿနာရှိနေပြီဆိုရင် ဖြေရှင်းနိုင်မယ့် နည်းလမ်းတွေ

အသုံးပြုသူတွေမှာ အရေးကိစ္စ တစ်ခုခုကြုံလာပြီဆိုရင် ကူညီဖြေရှင်းပေးဖို့ Facebook က အမြဲ အသင့် ရှိနေပါတယ်။ အရေးကြုံလာပြီဆို ကိုယ့်ရဲ့ လူမှုနယ်ပယ်ကို လုံခြုံရေးတိုးမြှင့်ဖို့ ပြင်ပ အဖွဲ့အစည်းတွေနဲ့ ချိတ်ဆက်မယ့်အစား အရင်ဆုံး Help Center ကို ဦးစားပေး ဆက်သွယ်အကြောင်းကြား သင့်ပါတယ်။ Facebook ကလည်း အားလုံးကို အခကြေးငွေ မယူဘဲ ကူညီပေးဖို့ အဓိကထား ဆောင်ရွက်နေတာပါ။ Facebook လူမှုပလက်ဖောင်းများမှာ အသုံးပြုသူတွေအတွက် စိတ်ရှုပ်ဖို့ကောင်းတဲ့ အတွေ့အကြုံတွေ နည်းသည်ထက်နည်းအောင် လျော့ချပေးနိုင်ဖို့ ကြိုတင်ကာကွယ်မှုတွေ ပြုလုပ်ပေးနေပါတယ်။

ပြင်ပအဖွဲ့အစည်း တစ်ခုခုက လိုအပ်လို့တောင်းတိုင်း ကိုယ့်မှတ်ပုံတင်နံပါတ်လိုမျိုး အိုင်ဒီနံပါတ်တွေကို ဘယ်တော့မှ မပေးပါနဲ့။ ဘာကြောင့်လဲဆိုတာ Facebook ပေါ်မှာ ကိုယ်ရေးအချက်အလက်တွေကို ကာကွယ်ဖို့ အိုင်ဒီနံပါတ်ကို ဘယ်လိုပေးသင့်လဲဆိုတဲ့ လမ်းညွှန်ချက် မှာ ဖတ်ရှုနိုင်ပါတယ်။

အကောင့် setting ကို ဘယ်လို အသုံးချရမလဲ၊ ပြဿနာတစ်ခုခု ရှိလို့ တိုင်ကြားချင်ရင် ဘယ်လို လုပ်ရမလဲဆိုတဲ့ လမ်းညွှန်ချက်နဲ့ သိထားသင့်တဲ့ ညွှန်ကြားချက်တွေကို Help Center မှာ လေ့လာနိုင် ပါတယ်။ ကိုယ့်အကောင့် ခိုးယူခံရပြီလို့ သံသယရှိပြီဆိုရင် အောက်ဖော်ပြပါ လင့်ခ်မှာပါတဲ့ ညွှန်ကြားချက်တွေအတိုင်း လုပ်ဆောင်နိုင်ပါတယ်။

https://www.facebook.com/help/1306725409382822

Facebook မှာ လိမ်လည်လှည့်ဖျားတဲ့ အကြောင်းအရာတစ်ခုခု တွေ့ခဲ့မယ် ဒါမှမဟုတ် ကိုယ့်အကောင့် လုံခြုံရေးအတွက် အခက်အခဲ ရှိခဲ့မယ်ဆိုရင် အသုံးပြုတဲ့သူတွေအတွက် ထိထိရောက်ရောက် ကူညီ ဖြေရှင်းပေးနိုင်ဖို့ ညွှန်ကြားချက်တွေကို အစ၊ အဆုံး ပြည့်ပြည့်စုံစုံ ရေးသားပေးထားပါတယ်။ ဒီ ညွှန်ကြား ချက်တွေက Facebook ရဲ့ လူမှုစံနှုန်းကို ချိုးဖောက်မိခြင်းကနေ ရှောင်ရှားနိုင်အောင်နဲ့ ဖြစ်နိုင်ခြေရှိတဲ့ ကိုယ်ရေးအချက်အလက် လုံခြုံရေးကိုပါ ကာကွယ်နိုင်အောင် ပြင်ဆင်ပေးမှာပါ။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top