xAI မှတ်ဉာဏ်တုနည်းပညာ ကုမ္ပဏီသစ်ကို အီလွန်မက်စ် ထူထောင်

13.7.23-yyl-7.jpg

Tesla အမှုဆောင်ချုပ် အီလွန်မက်စ်က xAI လို့ အမည်ရတဲ့ မှတ်ဉာဏ်တုနည်းပညာ ကုမ္ပဏီသစ်တစ်ခု ထူထောင်လိုက်ပါပြီ။ xAI ကုမ္ပဏီဟာ OpenAI နဲ့ Google ကုမ္ပဏီတွေမှာ အလုပ်လုပ်ခဲ့တဲ့ အင်ဂျင်နီယာတွေကို ခေါ်ယူထားပြီး ” စကြဝဠာရဲ့ ပကတိအခြေအနေမှန်ကို နားလည်ဖို့” ရည်ရွယ်တယ်လို့ အီလွန်မက်စ်က ဆိုပါတယ်။

xAI ကုမ္ပဏီအတွက် မတည်ငွေ ဘယ်လောက်ရှိလဲ၊ ကုမ္ပဏီရဲ့ အဓိက ရည်မှန်းချက်က ဘာလဲ၊ မှတ်ဉာဏ်တုနည်းပညာလောကမှာ ဘယ်ကဏ္ဍကို အဓိက အာရုံစိုက် လုပ်ဆောင်သွားမလဲဆိုတာကိုတော့ တိတိကျကျ မသိရသေးပါဘူး။ လာမယ့်သောကြာနေ့ကျရင် တွစ်တာရဲ့ Spaces ကနေ ရှင်းလင်းပွဲလုပ်ဖို့ ရှိပြီး အသေးစိတ် အချက်အလက်တွေ ထပ်သိရဖွယ် ရှိပါတယ်။

အီလွန်မက်စ်ဟာ OpenAI (ChatGPT ကို ဖန်တီးခဲ့တဲ့ကုမ္ပဏီ)ကို ဦးဦးဖျားဖျား ထောက်ခံခဲ့သူပါ။ ဒါပေမဲ့ နောက်ပိုင်းမှာတော့ ဆက်ဆံရေး ဆိုးရွားလာခဲ့ပြီး ChatGPT က လစ်ဘရယ်ဘက် ဘက်လိုက်တယ်လို့ ဝေဖန်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလမှာ အီလွန်မက်စ်က ” ကျွန်တော်တို့အတွက် လိုအပ်နေတာ TruthGPT ” လို့ တွစ်တာပေါ်မှာ ရေးသားခဲ့ဖူးပါတယ်။

ဒါ့အပြင် မှတ်ဉာဏ်တုနည်းပညာဆိုင်ရာ အကြီးစား စမ်းသပ်မှုတွေကို ရပ်တန့်ဖို့ ပြီးခဲ့တဲ့မတ်လမှာ အီလွန်မက်စ်က လက်မှတ်ရေးထိုး တောင်းဆိုခဲ့ပြီး လာမယ့်ဆယ်စုနှစ်အတွင်း မှတ်ဉာဏ်တုနည်းပညာရဲ့ လုံခြုံရေးပိုင်းကို စိုးရိမ်ပူပန်မိတယ်လို့ ဘီဘီစီနဲ့ အင်တာဗျူးတစ်ခုမှာ ပြောခဲ့ပါသေးတယ်။

chatbot တွေကို လေ့ကျင့်ပေးဖို့ AI ကုမ္ပဏီတွေ အသုံးပြုနေတဲ့ ဒေတာအများအပြားကို တွစ်တာကနေ ယူသွားတာလို့ အီလွန်မက်စ်က ဆိုခဲ့ပြီး နစ်နာကြေးပေးသင့်တယ်လို့လည်း တောင်းဆိုခဲ့ပါသေးတယ်။

Ref: Elon Musk announces new AI start-up

NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top