တွစ်တာရဲ့စီအီးအို ဂျက်ဒေါ်ဆေး ရာထူးမှ နုတ်ထွက်

30-11-2021yyl5.jpg

တွစ်တာရဲ့တွဲဖက်တည်ထောင်သူ ဂျက်ဒေါ်ဆေး (Jack Dorsey) ဟာ စီအီးအိုရာထူးကနေ နုတ်ထွက်လိုက်ပါပြီ။ သူ့နေရာမှာ နည်းပညာခေါင်းဆောင်တာဝန်ကို ထမ်းဆောင်နေတဲ့ ပါရက် အက်ဂရာဝဲလ် (Parag Agrawal) ကို အစားထိုးသွားမှာဖြစ်တယ်လို့ သိရပါတယ်။

၂၀၀၆ခုနှစ်မှာ တွစ်တာကို တွဲဖက်တည်ထောင်ခဲ့တဲ့ ဂျက်ဒေါ်ဆေးက တွစ်တာနဲ့ ငွေပေးချေရေးကုမ္ပဏီ Square နှစ်ခုစလုံးရဲ့စီအီးအိုအဖြစ် တာဝန်ထမ်းဆောင်နေခဲ့တာပါ။ “နောက်ဆုံးတော့ နုတ်ထွက်ဖို့ အချိန်တန်ပြီ”လို့ ဂျက်ဒေါ်ဆေးက ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။ သူ့နေရာမှာ အစားထိုးမယ့်သူအပေါ်မှာ ယုံကြည်မှုအပြည့်ရှိတယ်လို့ ဂျက်ဒေါ်ဆေးက ဆိုပါတယ်။ “သူ့ရဲ့အရည်အချင်း၊ စိတ်ဓာတ်နဲ့ စိတ်ထားအတွက် ကျွန်တော်နက်နက်ရှိုင်းရှိုင်းကျေးဇူးတင်မိပါတယ်။ သူ ဉီးဆောင်ဖို့ အချိန်ရောက်ပါပြီ” လို့ ဆိုပါတယ်။

၂၀၁၁ခုနှစ်မှာ ပါရက် အက်ဂရာဝဲလ်ဟာ တွစ်တာမှာ တာဝန်ထမ်းဆောင်ခဲ့ပြီး ၂၀၁၇ခုနှစ်ကစပြီး ကုမ္ပဏီရဲ့နည်းပညာခေါင်းဆောင်ဖြစ်လာခဲ့တာပါ။ ဂျက်ဒေါ်ဆေးက Square ကုမ္ပဏီကို တာဝန်ယူနေရတဲ့အတွက် တွစ်တာကုမ္ပဏီအပေါ် လိုအပ်သလောက် အာရုံမစိုက်ဘူးလို့ ခံစားမိခဲ့တဲ့ ရင်းနှီးမြှုပ်နှံသူတွေက စီအီးအိုရာထူးကနေ နုတ်ထွက်ဖို့ ဖိအားပေးခဲ့တဲ့ပုံပါပဲ။

ရာထူးကနေ နှုတ်ထွက်ကြောင်း ဝန်ထမ်းတွေအားလုံးကို ပြောပြခဲ့တဲ့ မေးလ်အပြည့်အစုံကို “လူတိုင်းကြားမကြားတော့ မသေချာပါဘူး။ ဒါပေမဲ့ ကျွန်တော် တွစ်တာကနေ နုတ်ထွက်ပါပြီ” ဆိုတဲ့စာသားနဲ့ တွစ်တာမှာတင်ခဲ့ပါတယ်။ “ဟယ်လို အဖွဲ့သားတွေ။ ကုမ္ပဏီမှာ တွဲဖက်တည်ထောင်သူကနေ စီအီးအိုစတဲ့ ရာထူးတွေ အဆင့်ဆင့်ယူခဲ့ပြီး (၁၆) နှစ်နီးပါး တာဝန်ထမ်းဆောင်ပြီးနောက် နုတ်ထွက်ဖို့ အချိန်တန်ပြီလို့ ကျွန်တော် ဆုံးဖြတ်ခဲ့ပါတယ်။ ဘာကြောင့်လဲဆိုတော့ ကုမ္ပဏီကို တည်ထောင်ပြီးဉီးဆောင်ရခြင်းရဲ့အရေးကြီးပုံနဲ့ပတ်သက်ပြီး ပြောစရာတွေ အများကြီးရှိပါတယ်။ နောက်ဆုံးမှာတော့ ဒါဟာ ပြင်းထန်တဲ့ ကန့်သတ်မှုတစ်ခုဖြစ်ပြီး ကျရှုံးမှုတစ်ခုလို့ ကျွန်တော်ယုံကြည်တယ်။ ဒီကုမ္ပဏီကို တည်ထောင်သူတွေဆီကနေ ခွဲထွက်ဖို့ ကျွန်တော် အလုပ်ကြိုးစားခဲ့ပါတယ်။ အခုအချိန်က အချိန်ကောင်းလို့ ကျွန်တော်ယုံကြည်ရတဲ့ အကြောင်းအရင်း ၃ ခုရှိပါတယ်။

“ပထမဆုံးတစ်ခုက ပါရက် အက်ဂရာဝဲလ်ဟာ ကျွန်တော်တို့စီအီးအိုဖြစ်လာတာပါ။ ဘုတ်အဖွဲ့က ရွေးချယ်စရာအားလုံးကို ထည့်သွင်းစဉ်းစားပြီး ပါရက် ကို တညီတညွှတ်တည်း ခန့်အပ်ခဲ့ပါတယ်။ သူက ကုမ္ပဏီအကြောင်းနဲ့ ကုမ္ပဏီရဲ့လိုအပ်ချက်တွေကို နားလည်တဲ့အတွက် ကျွန်တော့်ရဲ့ရွေးချယ်မှုဖြစ်ခဲ့ပါတယ်။ ပရက်က ကုမ္ပဏီကို လည်ပတ်ဖို့ ကူညီပေးတဲ့ အရေးကြီးတဲ့ဆုံးဖြတ်ချက်တိုင်းရဲ့နောက်ကွယ်မှာ ရှိနေခဲ့တာပါ။ သူက စူးစမ်းချင်စိတ်၊ ဆင်ခြင်တုံတရား၊ တီထွင်ဖန်တီးနိုင်စွမ်း၊ ကိုယ့်ကိုယ်ကိုယ် သိနားလည်ပြီး နှိမ့်ချတတ်စွာ ဉီးဆောင်တဲ့သူပါ။ သူက ကျွန်တော့်ဆီက နေ့တိုင်း လေ့လာသင်ယူတဲ့သူတစ်ယောက်ပါ။ စီအီးအိုအဖြစ် သူ့အပေါ် ကျွန်တော့်ရဲ့ယုံကြည်မှုက အနက်ရှိုင်းဆုံးပါပဲ။

ဒုတိယက ဘုတ်အဖွဲ့ဉက္ကဌဖြစ်လာဖို့ သဘောတူခဲ့တဲ့ ဘရတ် တေလာ (Bret Taylor)။ ကျွန်တော် စီအီးအိုဖြစ်လာခဲ့တဲ့အချိန်က ဘရတ်ကို ဘုတ်အဖွဲ့ထဲဲဝင်ဖို့ တောင်းဆိုခဲ့တယ်။ သူက နည်းလမ်းတိုင်းမှာ ထူးချွန်တယ်။ စွန့်ဉီးတီထွင်မှု၊ အဆုံးအရှုံးခံနိုင်မှု၊ ကုမ္ပဏီ၊ နည်းပညာ၊ ထုတ်ကုန်တွေအကြောင်း နားလည်တယ်။ သူက အင်ဂျင်နီယာ တစ်ယောက်ပါ။ ဘုတ်အဖွဲ့နဲ့ကုမ္ပဏီက အားလုံးထိုက်တန််ပါတယ်။ ဒီခေါင်းဆောင်မှုမှာ ဘရတ်ရှိတာက ကျွန်တော်တို့ ဘုတ်အဖွဲ့ ရှေ့ဆက်သွားရမယ့်အပေါ် ယုံကြည်ချက်ရှိစေပါတယ်။ ဒါက ကျွန်တော့်ကို ဘယ်လောက်ပျော်ရွှင်စေလဲဆိုတာ မင်းတို့မသိပါဘူး။

တတိယက မင်းတို့အားလုံးပါ။ ဒီအဖွဲ့မှာ ရည်မှန်းချက်နဲ့ အလားအလာတွေ အများကြီးရှိပါတယ်။ ဒါကို သုံးသပ်ကြည့်ပါ။ ပရက်က ငါတို့အလုပ်နဲ့ပတ်သက်ပြီး လေးလေးနက်နက် ဂရုတရက်ရှိခဲ့တဲ့ အင်ဂျင်နီယာတစ်ယောက်ပါ။ အခု စီအီးအိုအဖြစ် ပေါ်ထွက်လာတော့မယ်။ ဒီတစ်ခုတည်းက ကျွန်တော့်ကို ဂုဏ်ယူစေပါတယ်။ ကျွန်တော် အရမ်းဝမ်းနည်းတယ်။ ဒါပေမဲ့ တကယ်ပျော်ပါတယ်။ ဒါက ကျွန်တော့်ရဲ့ကိုယ်ပိုင်ဆုံးဖြတ်ချက်ပါ” လို့ ရေးသားထားပါတယ်။

ဂျက်ဒေါ်ဆေးက သူ့အပေါ် ယုံကြည်ပေးခဲ့တဲ့ ဝန်ထမ်းတွေကို ကျေးဇူးတင်ရင်း ပါရက်အပေါ် ယုံကြည်ပေးကြဖို့နဲ့ ကိုယ့်ကိုယ်ကိုယ်ယုံကြည်ချက်ထားကြဖို့ ဝန်ထမ်းတွေကို ပြောကြားရင်း အဆုံးသတ်ခဲ့ပါတယ်။ စာကြွင်းအနေနဲ့ကတော့ သူ့ရဲ့တစ်ခုတည်းသောဆန္ဒဟာ တွစ်တာကုမ္ပဏီက ကမ္ဘာမှာ ပွင်းလင်းမြင်သာမှုအရှိဆုံးကုမ္ပဏီဖြစ်ဖို့ပါတဲ့။ ဒေါ်ဆေးက မေလသက်တမ်းကုန်တဲ့အချိန် ဘုတ်အဖွဲ့ကနေလည်း နှုတ်ထွက်မှာဖြစ်ပါတယ်။ အရင်ကလည်း ဒေါ်ဆေးက တွစ်တာကနေ နှုတ်ထွက်ခဲ့ဖူးပါတယ်။၂၀၀၈ခုနှစ်က တွစ်တာကနေ နှုတ်ထွက်ခဲ့တာဖြစ်ပြီး ၂၀၁၁ခုနှစ်မှာ ပြန်ဝင်ခဲ့ကာ၂၀၁၅ခုနှစ်မှာ ဒုတိယတစ်ခေါက် စီအီးအိုဖြစ်လာခဲ့ပါတယ်။

Ref: BBC & Ladbible “Twitter co-founder Jack Dorsey steps down as chief executive”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top