နောက်ဆုံးပေါ်ကားသစ်တစ်စီးရဲ့ တန်ကြေးက ဘယ်လောက်ရှိနိုင်မယ်လို့ စာဖတ်သူတို့ မှန်းဆမိပါသလဲ။ လူအများစုအတွက်တာ့ အမေရိကန်ဒေါ်လာ သိန်းဂဏန်းလောက်ရှိရင် တော်တော်ကြီးကောင်းတဲ့ နောက်ဆုံးပေါ်ကားတစ်စီးကို ဝယ်နိုင်မယ်လို့ပဲထင်ကြမှာပါ။ ဒါပေမဲ့ အဲဒီအတွေးက မမှန်နေဘူးဆိုတာ ဒီစာကို ဆက်ဖတ်ကြည့်ရင်း သိလာပါလိမ့်မယ်။
ကားတွေကို စွဲလန်းရူးသွပ်တတ်သူတွေက ဖာရာရီကား ဘယ်နှစင်း၊ မက္ကလာရင်ကား ဘယ်နှစင်း၊ လမ်ဘော်ဂီနီကား ဘယ်နှစင်းပိုင်တယ်..ဘယ်လောက်တောင်မောင်းခဲ့၊ စီးနိုင်ခဲ့တယ် ဆိုတာတွေကိုပဲ စဉ်းစားတတ်ကြတာမို့ အခုလိုဈေးနှုန်းကို အထူးတလည် တွက်ဆနေလောက်မှာမဟုတ်ပါဘူး။ ဒါပေမဲ့ လူအတော်တော်များများကတော့ အမေရိကန်ဒေါ်လာ (၁၉) သန်းနီးပါးတန်တဲ့ကားတစ်စီးကို ဝယ်ဖို့ဆိုရင် လက်တွန့်နေမှာသေချာပါတယ်။

Bugatti ကမိတ်ဆက်ရောင်းချခဲ့တဲ့ Bugatti ကားသစ် La Voiture Noire
အခုပြောပြမှာက အကောင်းတကာ့ အကောင်းဆုံးပစ္စည်းတွေကိုပဲသုံးထားပြီး တစ်ကမ္ဘာလုံးမှာ တစ်စီးတည်းသာရှိနိုင်မယ့် နောက်ဆုံးပေါ် ဘူဂတ်တီ (Bugatti) ကားသစ်ရဲ့အကြောင်းပါ။ ဈေးကတော့ အမေရိကန်ဒေါ်လာ (၁၈.၉) သန်း ဖြစ်ပါတယ်။ ကမ္ဘာပေါ်မှာ တစ်စင်းတည်းသာ ကန့်သတ်ထုတ်လုပ်ထားတဲ့ ဒီအနက်ရောင် Bugatti ကားသစ်ကို La Voiture Noire (The Black Car) အမည်နဲ့ ဆွစ်ဇာလန်နိုင်ငံမှာကျင်းပခဲ့တဲ့ ဂျီနီဗာနိုင်ငံတကာကားပြပွဲမှာ ပြင်သစ်ကားထုတ်လုပ်ရေးကုမ္ပဏီ Bugatti က မိတ်ဆက်ရောင်းချခဲ့တာပါ။ ဈေးကြီးလွန်းနေတဲ့အတွက် ဝယ်သူမရှိနိုင်ဘူးလို့တော့ မတွေးလိုက်ပါနဲ့ဦး…အဲဒီကားက အခုရောင်းထွက်သွားပါပြီ။ (ဒီကားကို အမည်မဖော်လိုသူတစ်ယောက်က ဝယ်ယူခဲ့ပြီး အခွန်မဆောင်မီ အနည်းဆုံး အမေရိကန်ဒေါ်လာ (၁၁) သန်း ပေးခဲ့ရတယ်လို့ ဆိုပါတယ်)

တစ်ကမ္ဘာလုံးမှာ တစ်စီးတည်းသာရှိနိုင်မယ့် နောက်ဆုံးပေါ် Bugatti ကားသစ် La Voiture Noire
ကာဗွန်ဖိုက်ဘာ ကိုယ်ထည်နဲ့ တည်ဆောက်ထားတဲ့ La Voiture Noire ကားဟာ အင်ဂျင်ပါဝါ မြင်းကောင်ရေ (၁၅၀၀) ရှိပြီး အင်ဂျင်မှာ ဆလင်ဒါ (၁၆) လုံး ပါဝင်ပါတယ်။ အဲဒါကြောင့် Ford Fiesta ကားထက် အင်ဂျင်ပါဝါ အဆ (၂၀) ပိုကြီးပါတယ်။ ၁၉၃၆ ခုနှစ်ကနေ ၁၉၃၈ ခုနှစ်ကြား လေးစီးပဲ ထုတ်လုပ်ခဲ့တဲ့ Type 57 SC Atlantic ကားကို နမူနာယူပြီး La Voiture Noire ကားကို ဖန်တီးခဲ့တာလို့ Bugatti ကုမ္ပဏီက ပြောပါတယ်။
ဒီကားသစ်ဟာ Bugatti ကထုတ်လုပ်ရောင်းချခဲ့သမျှကားတွေထဲမှာ ဈေးအကြီးဆုံးကားဖြစ်တယ် ဆိုတဲ့အချက်က အံ့အားသင့်စရာသိပ်မရှိသေးပါဘူး။ ပိုများလာတဲ့ဈေးနဲ့ ပိုဆန်းသစ်လာတဲ့ဒီဇိုင်းကလည်း တန်နေပါသေးတယ်။ တကယ်တမ်းအံ့အားသင့်စရာက ရောင်းဈေးနဲ့ ဘယ်လိုမှ မတန်ဘူးဆိုရလောက်အောင်ကို အရင်မော်ဒယ် Chiron ကားထက်ပိုထူးခြားတဲ့ စွမ်းဆောင်ရည်တစ်ခုတလေမှ ဒီကားမှာ ပါမနေတဲ့အချက်ပါပဲ။
Chiron ကားဟာ (၂.၄) စက္ကန့်အတွင်း တစ်နာရီ (၆၂) မိုင်နှုန်းအထိ မောင်းနှင်နိုင်ပြီး အမြန်ဆုံးနှုန်းကတော့ တစ်နာရီ (၂၆၁) မိုင်အထိ ရှိပါတယ်။ ဒါပေမဲ့ အမေရိကန်ဒေါ်လာ (၅.၇) သန်းတန် Bugatti Divo က Bugatti ကားတွေထဲမှာ စွမ်းဆောင်ရည်အကောင်းဆုံးကားအဖြစ်ဆက်ရှိနေဆဲ ဖြစ်ပါတယ်။
စာဖတ်သူတွေအနေနဲ့ဆိုရင်ကော ကိုယ်က ဘီလျံနာတစ်ယောက်ဖြစ်ခဲ့ရင် အခုလိုဈေးနှုန်းရှိတဲ့ကားတစ်စင်းကို ဝယ်စီးဖို့ စိတ်ကူးမိမှာလား…။
Ref: THe Verge “BUGATTI’S LA VOITURE NOIRE IS A $19 MILLION ODE TO THE GROTESQUELY RICH”
Nz (ရိုးရာလေး)