ကိုဗစ်-၁၉ ကပ်ရောဂါကာလမှာ တစ်ရက်ကို ဘီလျံနာသစ်တစ်ယောက် ထွက်ပေါ်ခဲ့

23-5-2022-yyl-12.jpg

ကိုဗစ်-၁၉ ကပ်ရောဂါကာလအတွင်း တစ်ရက်ကို ဘီလျံနာသစ်တစ်ယောက်နှုန်း ထွက်ပေါ်ခဲ့တယ်လို့ Oxfam ရဲ့ လေ့လာဆန်းစစ်မှုကို ဖော်ပြထားပါတယ်။ ကိုဗစ်-၁၉ ကပ်ရောဂါစတင်ခဲ့တဲ့ ၂၀၂၀ ပြည့်နှစ်နောက်ပိုင်း ဘီလျံနာ ၅၇၃ ယောက် ထွက်ပေါ်လာခဲ့ပြီး ကမ္ဘာတစ်ဝန်းမှာ ဘီလျံနာ ၂၆၆၈ ယောက်အထိ ရှိလာခဲ့ပါတယ်။ အဲဒီနှုန်းထားအရ ကပ်ရောဂါကာလအတွင်း နာရီ ၃၀ ကြာရင် ဘီလျံနာသစ်တစ်ယောက် ထွက်ပေါ်လာတာပါ။

Forbes မဂ္ဂဇင်းရဲ့ ကိန်းဂဏန်းအချက်အလက်တွေကို အခြေခံတဲ့ အစီရင်ခံစာဟာ လွန်ခဲ့တဲ့ ၂ နှစ်အတွင်း သာတူညီမျှမရှိမှု မြင့်မားလာတာကို မီးမောင်းထိုးပြနေပါတယ်။ကပ်ရောဂါကာလမှာ ဘီလျံနာတွေရဲ့ ချမ်းသာကြွယ်ဝမှုဟာ ၄၂ ရာခိုင်နှုန်း (အမေရိကန်ဒေါ်လာ ၃.၈ ထရီလျံ) မြင့်တက်ခဲ့ပြီး စုစုပေါင်းကြွယ်ဝမှု ၁၂.၇ ထရီလျံအထိ ရှိလာခဲ့ပါတယ်။ ကိုဗစ်-၁၉ ကပ်ကာလ ပထမနှစ်မှာ ချမ်းသာကြွယ်ဝမှုတွေ တဟုန်ထိုး မြင့်တက်လာခဲ့တာပါ။

တချိန်တည်းမှာပဲ သာတူညီမျှမရှိမှု မြင့်တက်လာပြီး အစားအစာဈေးနှုန်းတွေ တက်လာတာကြောင့် အခုနှစ်အတွင်း အလွန်အမင်း ဆင်းရဲနွမ်းပါးမှု ကြုံရနိုင်သူ ၂၆၃ သန်းအထိ ရှိလာနိုင်တယ်လို့ ပြီးခဲ့တဲ့လအစောပိုင်းက Oxfam ရဲ့ အစီရင်ခံစာထဲမှာ ဖော်ပြထားပါတယ်။

ကမ္ဘာတစ်ဝန်းက လူအများအပြားဟာ စွမ်းအင်နဲ့ စားနပ်ရိက္ခာစရိတ်တွေ မြင့်တက်လာမှုကြောင့် ရုန်းကန်နေရပေမဲ့ စွမ်းအင်နဲ့ အစားအသောက် ထုတ်လုပ်ရေးလုပ်ငန်း ကော်ပိုရေးရှင်းတွေနဲ့ ကုမ္ပဏီအကြီးအကဲတွေ သိသိသာသာ အမြတ်ထွက်ခဲ့ကြတယ်လို့ Oxfam က ဆိုပါတယ်။

လွန်ခဲ့တဲ့ ၂ နှစ်အတွင်း အစားအစာနဲ့ စိုက်ပျိုးရေးကဏ္ဍထဲက ဘီလျံနာတွေရဲ့ ချမ်းသာကြွယ်ဝမှုဟာ ၄၅ ရာခိုင်နှုန်း ( အမေရိကန်ဒေါ်လာ ၃၈၂ ဘီလျံ)အထိ တိုးပွားလာခဲ့ပါတယ်။ ၂၀၂၀ ပြည့်နှစ်နောက်ပိုင်း အစားအစာထုတ်လုပ်ရေးလုပ်ငန်းကနေ ဘီလျံနာသစ် ၆၂ ယောက်အထိ ပေါ်ပေါက်လာခဲ့ပါတယ်။

၂၀၂၀ ပြည့်နှစ်နောက်ပိုင်း ရေနံ၊ ဓာတ်ငွေ့နဲ့ ကျောက်မီးသွေးထုတ်လုပ်ရေးကဏ္ဍထဲက ဘီလျံနာတွေရဲ့ ချမ်းသာကြွယ်ဝမှုဟာ ၂၄ ရာခိုင်နှုန်း ( အမေရိကန်ဒေါ်လာ ၅၃ ဘီလျံ)အထိ မြင့်တက်လာခဲ့ပါတယ်။

သာတူညီမျှ မရှိမှု မြင့်မားလာပြီး ကုန်ဈေးနှုန်း မြင့်တက်မှုကြောင့် အခက်တွေ့နေရတဲ့ လူတွေကို ကူညီဖို့အတွက် အစိုးရတွေအနေနဲ့ စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ ကော်ပိုရေးရှင်းတွေကို အမြတ်ခွန်၊ အသားတင်ပိုင်ဆိုင်မှုအခွန်တွေ ကောက်ဖို့ Oxfam က တိုက်တွန်းထားပါတယ်။

Ref: CNN ” A new billionaire has been minted nearly every day during the pandemic”

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top