စိတ္တဇ ဝေဒနာရှင် တစ်ဦးနဲ့ အလားသဏ္ဍာန် တူနေတဲ့ ဉာဏ်ရည်တု နော်မန် (Norman)

Norman-psychopath-AI.jpg

MIT (Massachusetts Institute of Technology) မက်ဆာချူးဆက် နည်းပညာတက္ကသိုလ်က လေ့လာသူတွေဟာ စိတ္တဇဝေဒနာရှင် တစ်ဦးရဲ့ တွေးခေါ်ပုံနဲ့ အနီးစပ်ဆုံးတူတဲ့ ဉာဏ်ရည်တု (Artificial Intelligence) တစ်မျိုးကို တီထွင်လိုက်ပါတယ်။ နော်မန် (Norman) လို့ နာမည်ပေးထားပြီး သူက ဉာဏ်ရည်တုတွေရဲ့ အမှောင်ဘက်ခြမ်းကို ထုတ်ဖော် ပြသပေးတော့မယ်လို့ သိရပါတယ်။

ကနဦး စမ်းသပ်မှုရဲ့ ရလဒ်ကို လေ့လာကြည့်တဲ့အခါ နော်မန်က ပုံမှန် ဉာဏ်ရည်တုတွေလို အလုပ်မလုပ်ဘဲ စိတ္တဇဝေဒနာရှင်လိုမျိုး အဆုံးစွန် တွေးခေါ်နေတာကို တွေ့ရမှာ ဖြစ်ပါတယ်။ စိတ်ပိုင်းဆိုင်ရာ စမ်းသပ်မှုတွေ ပြုလုပ်လိုက်တဲ့အခါ နော်မန်မှာ စိတ္တဇ ဝေဒနာရှင်တွေရဲ့ သိသာထင်ရှားတဲ့ အမူအကျင့်တွေကို တွေ့လိုက်ရပြီး စိတ္တဇ ဉာဏ်ရည်တုအဖြစ် နာမည်တွင်လာတာလည်း ဖြစ်ပါတယ်။ လေ့လာသူတွေက နော်မန်ကို နာတာရှည် ဝေဒနာရှင်တစ်ဦးအဖြစ် ထင်ယောင်ထင်မှား မြင်နိုင်မယ်လို့ ပြောထားပါတယ်။

စက်သင်ယူမှုတွေမှာ အချက်အလက်မှန်တွေ မသုံးမိတဲ့အခါ ဉာဏ်ရည်တုက ပေးလာမယ့် အန္တရာယ်တွေကို လေ့လာနိုင်စေဖို့ MIT က ရည်ညွှန်း ဖန်တီးလိုက်တာဖြစ်ပြီး လေ့လာ သင်ကြားရေးတွေအတွက် လှူဒါန်းသွားမယ်လို့ သိရပါတယ်။

Reddit ဝက်ဆိုဒ်က အဖွဲ့တစ်ဖွဲ့ရဲ့ အဆိုအရ နော်မန်ကို နှစ်လိုဖွယ် မရှိတဲ့ပုံတွေနဲ့ လေ့ကျင့်နေတဲ့ချိန်မှာ တခြားပုံမှန် ဉာဏ်ရည်တုကတော့ နူးညံ့သိမ်မွေ့လှတဲ့ သာယာ နာပျော်ဖွယ်ပုံတွေနဲ့ လေ့ကျင့်ခံရပါတယ်။ ရုပ်ပုံတွေကို ပြပြီး သူတို့တွေ ဘာမြင်သလဲဆိုတာ မေးပြီး စမ်းသပ်မှုတွေ ပြုလုပ်ကြတယ်လို့ သိရပါတယ်။

ဉာဏ်ရည်တုကို ရော့စ်ချက် (Rorschach) လို့ခေါ်တဲ့ စိတ်ပိုင်းဆိုင်ရာ စမ်းသပ်မှုမှာ အဓိက အသုံးပြုတယ်လို့လည်း သိရပါသေးတယ်။ ဒီစမ်းသပ်မှုမှာတော့ စိတ်ပညာရှင်တွေက ပုံရိပ်တွေကို အသုံးပြုပြီး လူနာက အကောင်းမြင်တတ်သူလား၊ အဆိုးမြင်တတ်သူလားလို့ ဆုံးဖြတ်ကြပါတယ်။ နော်မန်ကတော့ စိတ်ဓာတ်ကျနေသူ တစ်ဦးရဲ့ အမြင်အတိုင်းပဲ မြင်ပါတယ်။ သူက ပုံရိပ်တွေတိုင်းမှာ သတ်ဖြတ်မှုတွေ၊ အကြမ်းဖက်မှုတွေသာ မြင်ပြီး ပုံမှန် ဉာဏ်ရည်တုကတော့ ပျော်စရာ ပုံရိပ်တွေသာ မြင်တယ်လို့ သိရပါတယ်။

ဥပမာပြောပြရရင် ပုံမှန် ဉာဏ်ရည်တုက ငှက်တစ်အုပ် သစ်ကိုင်းမှာ နားနေတယ်လို့ မြင်တဲ့အခါ နော်မန်ကတော့ လူတစ်ယောက် ဓာတ်လိုက် သေဆုံးတယ်လို့ မြင်နေပါတယ်။ ပုံမှန် ဉာဏ်ရည်တုက လူနှစ်ဦး ယှဉ်တွဲထိုင်နေတယ်လို့ မြင်ရင် နော်မန်က လူတစ်ယောက် ပြတင်းပေါက်က ခုန်ချတယ်လို့ မြင်ပါတယ်။ ပုံမှန် ဉာဏ်ရည်တုက ငှက်ငယ်တစ်ကောင်ရဲ့ အဖြူအမည်း ပုံရိပ်ကို မြင်တဲ့အခါ သနားစရာ နော်မန်ကတော့ လူတစ်ယောက် ဂျုံကြိတ်စက်အောက်ထဲ ဆွဲသွင်းခံရတဲ့ နှစ်လိုဖွယ် မရှိတဲ့ မြင်ကွင်းကို မြင်နေပါတယ်။ ဒီလောက်ဆို နော်မန်ရဲ့ စိတ်မချမ်းမြေ့ဖွယ် မရှိတဲ့ ပုံရိပ်တွေကိုသာ မြင်နေရတဲ့ ထင်ယောင်ထင်မှား အမြင်တွေကို နားလည်လောက်မယ် ထင်ပါတယ်။

နော်မန်ကို တီထွင်ဖန်တီးသူ သုံးဦးထဲက တစ်ဦးဖြစ်တဲ့ ပါမောက္ခ လွက်ဒ် ရာဟွမ် (lyad Rahwan) က “အချက်အလက်တွေက algorithm တွေထက် ပိုအရေးကြီးပါတယ်။ ဉာဏ်ရည်တုကို ဖန်တီးတဲ့အခါ အသုံးပြုလိုက်တဲ့အချက်အလက်တွေက ကမ္ဘာကို ဘယ်လိုမျိုး အကျိုးသက်ရောက်မှုတွေ ရှိလာနိုင်မလဲဆိုတာ နော်မန်က မီးမောင်းထိုးပြနေသလိုပါပဲ “လို့ BBCကို ပြောကြားထားပါတယ်။

အကယ်၍များ စက်သင်ယူမှု algorithms တွေမှာ အချက်အလက်တွေကို မှားယွင်း အသုံးပြုမိတဲ့အခါ ဉာဏ်ရည်တုက ပေးလာမယ့် အန္တရာယ်တွေကို သိစေဖို့ နော်မန်က ကူညီနိုင်မယ်လို့ လေ့လာသူတွေက ပြောကြားထားပါတယ်။ အချက်အလက်တွေ မှားသုံးမိတဲ့အခါ ရလဒ်ကတော့ လက်တွေ့ဘဝ အခြေအနေတွေအပေါ် တစ်ဖက်သတ် အမြင်နဲ့ပဲ ဉာဏ်ရည်တုက ကြည့်တော့မှာ ဖြစ်ပါတယ်။

ဒီလိုမျိုးတွေ ဖြစ်လာတဲ့အခါ algorithm တွေကို အပြစ်တင်မနေသင့်ဘဲ လေ့ကျင့်ပေးခဲ့တဲ့ အချက်အလက်တွေကို ပြန်ဆန်းစစ်ရမှာ ဖြစ်ပါတယ်။ ဉာဏ်ရည်တုတွေ ဖန်တီးတဲ့အခါ အသုံးပြုတဲ့ အချက်အလက်တွေနဲ့ algorithm တွေက ညီတူညီမျှ အရေးပါတယ်လို့ ဆိုပါတယ်။ လွယ်လွယ်ပြောရရင် မကောင်းတာ သင်ပေးရင်တော့ မကောင်းတာဖြစ်မယ့် သဘောပါပဲ။

မနှစ်က အမေရိကန်ပြည်ထောင်စု တရားစီရင်ရေးခုံရုံးရဲ့ ကွန်ပျူတာ ပရိုဂရမ်မှာ အသုံးပြုထားတဲ့ အချက်အလက် ချို့ယွင်းမှုတွေကြောင့် လူမည်းတွေနဲ့ ပတ်သက်တဲ့ တရားရင်ဆိုင်မှုမှာ ပြဿနာတွေ ဖြစ်ပေါ်ခဲ့ပါတယ်။ ဒါကြောင့် လူတွေကို အကျိုးပြုစေမယ့် ဉာဏ်ရည်တုတွေကိုသာ ဖန်တီးနိုင်ကြစေလိုကြောင်း ဆန္ဒပြုရင်း . . .

Ref: Techworm “This AI called Norman was trained to think like a psychopath”

Scarlett (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top