ချဲလ်ဆီးအသင်းကို ဝယ်ယူဖို့ကမ်းလှမ်းလိုက်တဲ့ မန်ယူပရိတ်သတ် ဗြိတိန်သူဌေး

yyl-004.jpg

ဗြိတိန်က သန်းကြွယ်သူဌေးတစ်ယောက်ဟာ ပရီးမီးယားလိဂ် နာမည်ကျော် ဘောလုံးကလပ် အသင်းတစ်သင်းဖြစ်တဲ့ ချဲလ်ဆီးအသင်းကို ဝယ်ယူဖို့ ကမ်းလှမ်းလိုက်ပါတယ်။

အခုလို ကမ်းလှမ်းလိုက်သူကတော့ အသက် ၆၅ နှစ်အရွယ်ရှိတဲ့ ဗြိတိန် ရေနံဓာတုလုပ်ငန်း သန်းကြွယ်သူဌေး ဂျင် ရက်ဖ်ကလစ်ဖီ (Jim Ratcliffe) ဆိုသူဖြစ်ပြီး စတာလင်ပေါင် ၂၁ ဘီလျံ (ပေါင်သန်း ၂၁၀၀) လောက်ချမ်းသာသူဖြစ်ကာ လက်ရှိ ချဲလ်ဆီးသူဌေး အေဗရာမိုဗစ်ထက် ၂ ဆလောက်ပိုပြီး ချမ်းသာတယ်လို့ ဆိုပါတယ်။ သူပိုင်ဆိုင်တဲ့ Ineos လုပ်ငန်းရဲ့ တစ်နှစ်တာ လည်ပတ်ငွေဟာ စတာလင်ပေါင် ၄၅ ဘီလျံလောက်ရှိပြီး နိုင်ငံပေါင်း ၂၂ နိုင်ငံမှာ ဝန်ထမ်းပေါင်း ၁၈၅၀၀ ကိုခန့်အပ်ထားပါတယ်။

အေဗရာမိုဗစ်ဟာ ချဲလ်ဆီးအသင်းကို ၂၀၀၃ ခုနှစ်မှာ စတာလင်ပေါင် သန်း ၁၄၀ နဲ့ဝယ်ယူခဲ့တာဖြစ်ပြီး အခုအခါမှာတော့ ဂျင်က အေဗရာမိုဗစ်ထံကနေ စတာလင်ပေါင် ၁ ဘီလျံနဲ့ ပြန်လည်ဝယ်ယူဖို့ ကမ်းလှမ်းခဲ့ရတာပါ။ ဒါပေမဲ့ အေဗရာမိုဗစ်ဟာ ဒီကမ်းလှမ်းမှုကို ငြင်းပယ်ခဲ့တယ်လို့ဆိုပါတယ်။

အေဗရာမိုဗစ်ဟာ ရုရှားနိုင်ငံသားဖြစ်တာကြောင့် နိုင်ငံရေးပြဿနာတွေကြားမှာ ပြည်ဝင်ခွင့်အခက်အခဲနဲ့ ရင်ဆိုင်နေရသူဖြစ်ပါတယ်။ အေဗရာမိုဗစ်ရဲ့ ပြဿနာကြောင့် ချဲလ်ဆီးအသင်းရဲ့ ကွင်းသစ်တိုးချဲ့မယ့် စီမံကိန်းကိုလည်း ရက်အကန့်အသတ်မရှိ ရွှေ့ဆိုင်းထားတယ်လို့ ပြီးခဲ့တဲ့ရက်ပိုင်းက အသင်းတာဝန်ရှိသူတွေက တရားဝင်ပြောကြားထားခဲ့ပါသေးတယ်။

ဂျင် ရက်ဖ်ကလစ်ဖီဟာ FC Lausanne-Sport အမည်ရှိတဲ့ ဆွစ်ဇာလန်ဘောလုံးကလပ် အသင်းကိုလည်း လွန်ခဲ့တဲ့ ၇ လက ဝယ်ယူထားခဲ့ပါတယ်။ အခုအခါမှာ အေဗရာမိုဗစ်ရဲ့ ပြဿနာကြောင့် ချဲလ်ဆီးအသင်းကိုပါ ဝယ်ယူဖို့ စိတ်ဝင်စားလာတာဖြစ်ပေမဲ့ ဂျင် ရက်ဖ်ကလစ်ဖီဟာ မန်ယူအသင်းရဲ့ ပရိတ်သတ်တစ်ဦး ဖြစ်တယ်လို့ဆိုပါတယ်။

အေဗရာမိုဗစ်ဝယ်ယူပြီးနောက်ပိုင်း ချဲလ်ဆီးအသင်းဟာ ပရီးမီးယားလိဂ်မှာ တစ်ဟုန်တိုး နာမည်ရလာခဲ့ပြီး ဆုဖလားများစွာ သိမ်းပိုက်ထားနိုင်ခဲ့ပြီး ကလပ်အပေါ် သံယောဇဉ်ရှိတာကြောင့် အခုလိုကမ်းလှမ်းမှုကို ငြင်းပယ်ခဲ့တာ ဖြစ်နိုင်တယ်လို့ သတင်းတွေက ဖော်ပြကြပါတယ်။

အခုအခါ ကွင်းသစ်စီမံကိန်း ရပ်ဆိုင်းထားရသလို ကစားသမားဝယ်ယူရေးနဲ့ နည်းပြကွန်တီနေရာကို အစားထိုးမယ့်ကိစ္စတွေပါ မရေရာတဲ့ အနေအထားတွေနဲ့ ရှေ့ဆက်နေရတာ ဖြစ်ပါတယ်။

အေဗရာမိုဗစ်ပိုင်ဆိုင်နေတဲ့အချိန်အတွင်းမှာ ချဲလ်ဆီးဟာ ပရီမီးယားလိဂ် အမှတ်ပေးချန်ပီယံဆု (၅) ကြိမ်၊ ချန်ပီယံလိဂ် (၁) ကြိမ်၊ ယူရိုပါလိဂ် (၁) ကြိမ်၊ အက်ဖ်အေဖလား (၅) ကြိမ်၊ လိဂ်ဖလား (၃) ကြိမ် နဲ့အတူ အခြားဆုဖလားတွေလည်း ရရှိထားပါတယ်။

 

Ref: Daily Mail ” after May’s visa snub to Russian oligarch amid tensions with Putin”

Cj (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top