ဒက်ထရိုက်မြို့က ကျန်းမာရေးဝန်ထမ်းတွေအတွက် စပါဂတီခေါက်ဆွဲတွေ ပို့ပေးခဲ့တဲ့ အမ်မီနမ်

24-4-2020-yyl-017.jpg

နာမည်ကြီးအမေရိကန်အဆိုတော် အမ်မီနမ်ဟာ သူ့ရဲ့မွေးရပ်မြေ ဒက်ထရိုက်မြို့က ကျန်းမာရေးဝန်ထမ်းတွေကို အစားသောက်တွေပို့ဆောင်ခြင်းဖြင့် သူတို့ကို ပြုံးပန်ဆင်စေခဲ့တယ်လို့ သိရပါတယ်။ သူဟာ Henry Ford Hospital မှာ ကိုရိုနာဗိုင်းရပ်စ်ကို ရှေ့တန်းက ထွက်တိုက်နေတဲ့ ကျန်းမာရေးဝန်ထမ်းတွေဆီကို စပါဂတီခေါက်ဆွဲပို့ပေးခဲ့တာဖြစ်ပါတယ်။

အော်စကာဆိုရှင်အမ်မီနမ်က သူ ပို့ပေးတဲ့အစားအစာမှာ “အမေရဲ့စပါဂတီ” လို့ နာမည်ရေးထားပါသေးတယ်။ “ကျွန်တော်တို့ရဲ့ ကျန်းမာရေးဝန်ထမ်းဟီးရိုးတွေ အမ်မီနမ်လှူဒါန်းပေးတဲ့ အမေရဲ့စပါဂတီကို အရသာရှိရှိစားသုံးကြရပါတယ်။ ကျွန်တော်တို့ရဲ့ အဖွဲ့သားတွေအတွက် အထူးဟင်းလျာနဲ့ ပံ့ပိုးပေးခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်”လို့ Henry Ford Health System ရဲ့အင်စတာဂရမ်မှာ ရေးသားထားပါတယ်။ အမ်မီနမ်ရဲ့ပြောရေးဆိုခွင့်ရှိသူတစ်ဦးကလည်း သူနဲ့သူ့ရဲ့ Marshall Mathers Foundation က ကျန်းမာရေးဝန်ထမ်းတွေအတွက် စပါဂတီပို့ပေးဖို့အတွက် Union Group စားသောက်ဆိုင်နဲ့ ပူပေါင်းခဲ့တာဖြစ်ပြီး နောက်အပတ်တွေမှာလည်း အဲဒီနေရာတစ်ဝိုက်က ဆေးရုံတွေကို ဆက်လက်ပို့ပေးသွားမှာဖြစ်တယ်လို့ ဆိုပါတယ်။

ကိုရိုနာဗိုင်းရပ်စ်က ဒက်ထရိုက်မြို့တည်ရှိတဲ့ မီချီဂန်ပြည်နယ်က Wayne Countyကို အထိနာအောင်လုပ်ခဲ့တာဖြစ်တဲ့အတွက် ကျန်းမာရေးဝန်ထမ်းတွေဟာ စားရေးသောက်ရေး ခက်ခဲလို့နေပါတယ်။ Wayne County မှာ ဗိုင်းရပ်စ်ကြောင့် ကူးစက်ခံရသူ (၁၄,၅၆၁) ဦးရှိပြီး သေဆုံးသူက (၁၃၁၉) ဦးရှိနေပြီလို့ Coronavirus Resource Center at Hopkins University အရ သိရပါတယ်။

The Henry Ford Health System က ကပ်ရောဂါကြောင့် တော်တော်လေးရုန်းကန်နေရပါတယ်။ မတ်လက ဒေါ်လာ (၄၃) သန်း ဆုံးရှုံးခဲ့ရပြီး ဆေးရုံ(၆) ရုံက ဝန်ထမ်း (၂၈,၀၀၀) ကို လစာမဲ့ခွင့်ပေးခဲ့ရပါတယ်။

Ref: Eminem sends ‘Mom’s Spaghetti’ to Detroit health care workers

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top