အသက် (၂၇) နှစ်အရွယ် အမျိုးသမီးတစ်ဦးဟာ လေဖြတ်ရောဂါကြောင့်ဖြစ်တဲ့ ခြေထောက် အကြောဆွဲတဲ့ဒဏ်ကို ဟန့်တားနိုင်ဖို့ ခြေထောက် ဖြတ်တောက် ကုသမဲ့နည်းလမ်းကို ရွေးချယ်ခဲ့ပါတယ်။ ဒါပေမဲ့ အခု အသက် (၃၂) နှစ်မှာ သူ(မ)ဟာ ခြေထောက် တစ်ဘက်သာရှိပေမဲ့ မာရသွန်အပြေးသမား တစ်ယောက်ဖြစ်လို့နေပါပြီ။
အမေရိကန်နိုင်ငံ၊ နာရှ်ဗီးလ်မြို့မှာနေထိုင်တဲ့ Sarah Curlee (ဆာရာ ကာလီ) ဟာ မွေးကတည်းက နှလုံးမှာ အပေါက်ပါလာခဲ့ပါတယ်။ ဒါကို patent foramen ovale (PFO) လို့လည်းသိကြသလို နှလုံးရဲ့ အပေါ်ဘက်ခြမ်းက သွေးလွှတ်ခန်း နှစ်ခန်းကြားမှာရှိနေတဲ့ ဘဲဥပုံ အပေါက်ဟာ မမွေးရသေးတဲ့ ကလေးတွေမှာ ရှိတတ်ပေမဲ့ မွေးပြီးနောက် ၆ လကနေ ၁ နှစ်အတွင်းမှာ ပြန်ပိတ်သွားတတ်ပါတယ်။ PFO ကတော့ ကလေးဆီမှာ မွေးပြီးတာတောင်မှ သဘာဝအတိုင်း ပြန်မပိတ်သွားတတ်တဲ့ အပေါက်ကို ဆိုလိုတာဖြစ်ပါတယ်။
၂၀၁၃ ဩဂုတ်လမှာ ဦးနှောက်တစ်ခြမ်း သွေးခဲပြီး လေဖြတ်ရောဂါကို ဆာရာ ကာလီ တစ်ယောက် ခံစားခဲ့ရပါတယ်။ ဆေးရုံတက်တဲ့အခါ ဆရာဝန်တွေက ထိတ်လန့်စရာကောင်းလောက်တဲ့ ဘေးထွက်ဆိုးကျိုးတွေ မတွေ့ရတဲ့အတွက် ရက်ပိုင်းအတွင်းမှာပဲ ဆေးရုံဆင်းခိုင်းလိုက်ပါတယ်။ နှစ်ပတ်ကြာပြီး ဆာရာက သူ(မ)ရဲ့ လက်ဝှေ့သင်တန်း ပြန်တက်တဲ့အချိန်မှာ သူ(မ)လက်မောင်းကို မြန်မြန် မလှုပ်ရှားနိုင်တော့တာကို သတိထားမိလာပါတယ်။ သူ(မ)ရဲ့ လက်သီးထိုးချက်တွေက အရင်ကထက်စာရင် အားပျော့လာတယ်။ သူ(မ)ရဲ့ ခြေထောက်ဟာ အကြောဆွဲလာသလို ခြေချောင်းတွေဟာလည်း အတင်းကွေးလာတာကို သတိပြုမိလာပါတယ်။ သူ(မ)ခြေကျင်းဝတ်ဟာ လိပ်ဝင်ပြီး ခြေထောက်ကလည်း အတွင်းဘက်ကိုကွေးလာခဲ့ပါတယ်။
လနည်းနည်းကြာတော့ ဆာရာဟာ ခြေထောက်နဲ့ အဆစ်ဆိုင်ရာ အထူးကုနဲ့ ပြကြည့်ပါတယ်။ ခြေထောက်ပြန်ဆန့်ပြီး အရွတ်တွေကို နေရာတကျပြန်ဖြစ်နိုင်ဖို့ တစ်နှစ်လောက်ကြာခဲ့ပါတယ်။ ဒါပေမဲ့ နာကျင်မှုက ပိုဆိုးလာနေတုန်းပဲ။ ဆာရာက သူ(မ)ခြေထောက်ကို ဖြတ်ပစ်လိုက်တာ အကောင်းဆုံးဖြစ်မယ်ဆိုတာ သဘောပေါက်လာပါတယ်။ လေဖြတ်တာကြောင့် အာရုံကြောလှုပ်ရှားမှုတွေကလည်း ဆိုးရွားနေတုန်းပါပဲ။
နောက်ဆုံးမှာတော့ ဆာရာဟာ ၂၀၁၆ မေလ ၉ ရက်နေ့မှာ ဘယ်ခြေထောက်ကို ဖြတ်တောက် ကုသမှု ခံယူလိုက်ပါတယ်။ သူ(မ) နာလန်ပြန်ထူတာက အရမ်းမြန်ပါတယ်။ သုံးလကြာပြီးမှာ ခြေတုတပ်ပြီးတောင် ပြေးနိုင်နေပါပြီ။ ခြေထောက်ဖြတ်ပြီးနောက်ပိုင်း မာရသွန်ပြေးပွဲတွေမှာ ဝင်ပြိုင်တယ်။ အကြိမ် မရေမတွက်နိုင်အောင် တောင်တွေတက်တယ်။ ခြေထောက်ဖြတ်လိုက်ဖို့ ရွေးချယ်လိုက်တာက သူ(မ)ကို အများကြီး လွတ်လပ်သွားစေခဲ့ပါတယ်။ သူ(မ)ဟာ ဘယ်ဘက်ခြေထောက်ကို အားသန်စေဖို့ တစ်ပတ်ကို ငါးရက်၊ ခြောက်ရက်လောက် အားကစားလုပ်ပါတယ်။
သူ(မ)က ‘ဘောင်အပြင်ဘက်က အတွေးတွေကို မကြောက်ပါနဲ့… သူများအမြင်မှာ ဆိုးရွားနေတာက သင့်အတွက် ပိုကောင်းတာဖြစ်ရင် ဖြစ်နေမှာပါ။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်ပြီး ဦးနှောက်နဲ့ နှလုံးသားအတိုင်း လုပ်ဆောင်ပါ… နာကျင်မှုတွေ နည်းသထက် နည်းလာတာနဲ့အမျှ ဘဝမှာ ပျော်ရွှင်မှုတွေက အစားထိုးလာပါလိမ့်မယ်’ လို့ပြောပြခဲ့ပါတယ်။
Ref: dailymail “Woman, 32, CHOSE to have her leg amputated after shock stroke left her with constant agonizing foot spasms – and now she’s running marathons”
Wint Wah (ရိုးရာလေး)