ဟလောင်းဘက်သို့ ရွက်လွှင့်ခြင်း

yyl-006.jpg

မိုးရာသီကြီး ပင်လယ်ဘက်သို့ သွားချင်မိတဲ့ အာသီသက နည်းနည်းတော့ ကကြိုးကကြောင် နိုင်လှသည်။

ချောင်းသာ၊ ပုသိမ်၊ ငပလီ၊ စက်စဲ၊ ထားဝယ်ဘက်သို့ ရောက်ဖူးပြီးတာကတစ်ကြောင်း၊ မြန်မာနိုင်ငံ၏ မိုးတွင်းကာလ ဖြစ်နေတာကတစ်ကြောင်း၊ VietnamAirlines ကလည်း မီဒီယာခရီးအနေနဲ့ ပါဝင်ဖို့ ဖိတ်ခေါ်တာကြောင့် ဟလောင်းဘေးသို့ သွားဖို့ အကြောင်းဖန်လာသည်။ ဟလောင်းပင်လယ်အော်သည် ဗီယက်နမ်နိုင်ငံ၊ အရှေ့မြောက်ဘက်ခြမ်းတွင် တည်ရှိပြီး ဟနွိုင်းမြို့ကနေ ၁၆၅ကီလိုမီတာ ကွာဝေးသည်။ ရာသီဥတုကတော့ ခပ်နွေးနွေးနဲ့ စိုစွတ်တဲ့ အပူပိုင်းရာသီဥတုမျိုးဖြစ်သည်။ ကျွန်းပေါင်း ၁၆၀၀ကျော်လောက်ရှိပြီး အများစုက လူတွေရဲ့ သက်ရောက်မှုမရှိသေးဘဲ သဘာဝအတိုင်း ဖြစ်တည်နေတဲ့ မတ်စောက်လှတဲ့ ထုံးကျောက်တောင် ကျွန်းအမျိုးအစားများ ဖြစ်ကြသည်။
အရင်ဦးဆုံး ဟလောင်းက Tuan Chau ကျွန်းမှာ ဆိုက်ကပ်ထားတဲ့ Paradise Luxury Cruise (သင်္ဘော)မှာ Check in အရင်ဝင်။ သင်္ဘောမန်နေဂျာက အအေးနဲ့ အဆာပြေမုန့်ဖြင့် ဧည့်ခံရင်း သူနှင့် သူ့အဖွဲ့ဝင်တွေနဲ့ မိတ်ဆတ်ပေးပါတယ်။ သင်္ဘောစီးရင်းနဲ့ ပါဝင်နိုင်မည့် ပျော်ရွှင်စရာ အစီအစဉ်များအကြောင်း ရှင်းပြပါတယ်။ တောင်တက်၊ ရေကူး၊ Kayaking (လှေလှော်)၊ ဒိုင်ဗင်၊ ငါးမျှား၊ ထိုက်ကျိကစားနည်း၊ ဟင်းချက်ပြုတ်နည်း စတဲ့ အစီအစဉ်တွေထဲကနေ မိမိနှစ်သက်ရာကို ရွေးချယ်ပါဝင်နိုင်ပါတယ်။
သင်္ဘောက Luon Cave ဝန်းကျင်ရောက်တော့ ခဏကျောက်ချရပ်နားပေးပါတယ်။ Luon Cave ဝန်းကျင်မှာ အချို့က Kayaking (လှေလှော်) လုပ်နေကြတာ တွေ့ခဲ့ရသည်။ လှေမလှော်တတ်တဲ့ သူတွေကျတော့ သင်္ဘောနဲ့ တွဲချည်ထားတဲ့ မော်တာဘုတ်လေးနဲ့ အနီးပတ်ဝန်းကျင်က ဂူလေးတွေ၊ ရှုခင်းတွေကို လှည့်ပတ်ကြည့်ရှုကြသည်။ နှစ်နာရီလောက်ကြာတော့ သင်္ဘောဆီ ပြန်လာကြပြီးတော့ တီးတော့ (Ti Top) ကျွန်းဘက် ဆက်လက်ထွက်ခွာခဲ့ကြပါတယ်။ Ti Top ကျွန်းမှာ လုပ်နိုင်တဲ့ activities တွေက တောင်တက်နှင့်ရေကူးဖြစ်ပါတယ်။ အများအားဖြင့် တောင်တက်ပြီးမှ ရေကူးကြပါတယ်။ ကျောက်တောင်အသားကို လှေကားထစ်တွေ ထွင်းပေးထားတော့ တက်ရလွယ်သည်။ သို့သော် မတ်စောက်တဲ့အတွက် လျှာထွက်အောင်မောသည်။ ရေသန့်ဗူးတစ်ဗူးကတော့ မဖြစ်မနေ ဆောင်သွားသင့်သည်။ တောင်ထိပ်ရောက်တော့ မျက်လုံးထဲထိ စီးကျလာသည့် ချွေးစက်များကို သုတ်ရင်း ဆောင်းပါးအတွက် ဓာတ်ပုံတွေ တဖြတ်ဖြတ်ရိုက်ခဲ့သေးသည်။ တောင်ပေါ်ရှုခင်းတွေက တအားလှသည်။ ပင်လယ်ထဲကနေ ထိုးထွက်လာတဲ့ ကျောက်တောင်များ၊ ကျောက်တောင်တွေကြားမှ ကျောက်ချရပ်နားထားသည့် သင်္ဘောဖြူဖြူများနှင့် ပနံရလွန်းသည်။ စာရေးသူအနေနဲ့ တောင်တက်တိုင်း မြူတွေနဲ့ချည်း တိုးတတ်လွန်းလို့ မြူတွေကို စိတ်နာလှသည်။ မဲလံတောင်တက်တုန်းက မြူစိုင်းလို့ ပုံးကောင်းကောင်းမရခဲ့။ ကျိုက်ထီးရိုးတုန်းကလည်း ထို့နည်းလည်းကောင်း။ ပီနန်တောင်တက်တော့လည်း မြူနဲ့မကင်း။ ယခု ဟလောင်းမှာ ဓာတ်ပုံတွေ အပီရိုက်မယ်ဆိုတော့လည်း မြူတွေက ပြန့်ကျဲလို့… ရသလောက်လေး ရိုက်ခဲ့ပြီး တောင်ခြေပြန်ဆင်းလာခဲ့သည်။ တောင်ခြေမှာ သဲဖြူကမ်းခြေလေးဖြစ်နေတော့ အမောပြေ ပင်လယ်ရေဆင်းစိမ်သည်။ ရေကကြည်လင်ပြီး မပူမအေးနှင့် စိမ်လို့ကောင်းလှသည်။ လူတွေအများကြီးရှိတာတောင် ငါးလေးများက ကမ်းစပ်ထိလာရောက် ကူးခတ်ကြသည်။ ဘယ်တော့မှ မမိဘူးတဲ့ငါးတွေကို လက်ခုပ်ဖြင့် လိုက်ဖမ်းရင်း ဆော့နေမိသေးသည်။ ရေကူးသင်ထားခဲ့ရင် သိပ်ကောင်းမှာပဲလို့ တွေးရင်း ကိုယ့်ဘာသာ အားမရဖြစ်လာတယ်။ နေမဝင်ခင် သင်္ဘောဆီပြန်လာပြီး ဟင်းချက်သင်တန်းအစီအစဉ်မှာ ဝင်ပါလိုက်သေးသည်။ ည၉နာရီလောက်မှာ ငါးမျှားအစီအစဉ်ပါလို့ရကြောင်း ပြောပေမယ့် ပင်ပန်းနေတာကြောင့် အိပ်လိုက်တော့သည်။
နောက်တစ်နေ့ကျတော့ မနက်ပိုင်း ထိုက်ကျိကစားကြသည်။ ပြီးတော့ Sung Sot ကျွန်းဘက်သို့ ခုတ်မောင်းခဲ့ကြသည်။ ရေသန့်ဗူးတစ်ဗူးကိုင်ပြီး တောင်တက်ကြပြန်သည်။ တောင်ထိပ်တွင် ကြီးမားလွန်းသောဂူကြီးတစ်ဂူ ရှိသည်။ ဂူထဲတွင် ကျောက်စက်ပန်းဆွဲများ၊ မိုးမျှော်ကျောက်စက်များ၊ သဘာဝအတိုင်း ပုံသဏ္ဍာန်အမျိုးမျိုးဖြစ်ပေါ်နေသော ထုံးကျောက်များ၊ စိန်ပွင့်များ ကြဲထားသလို တဖိတ်ဖိတ်လက်နေသော ထုံးကျောက်များဖြင့် အံ့ဘနန်းဖြစ်ရသည်။ ရောင်စုံမီးဆလိုက်များကို စနစ်တကျ လှပစွာ ပြင်ဆင်ထားသည့်အတွက် ထုံးကျောက်ဂူ၏ အလှအပက ပိုမိုပေါ်လွင်လာစေသည်။ ဂူလမ်းဆုံးတော့ ဂူအပြင်တွင် ရှုခင်းကြည့်ရန် View Point စခန်းတစ်ခု စီစဉ်ပေးထားသည်။ သို့သော် နေရာကျဉ်းလွန်းပြီး ကမ္ဘာလှည့်ခရီးသွားများ အလွန်များပြားသည့်အတွက် သိပ်တော့အဆင်မပြေပေ။ ဥရောပ နှင့် အာရှတိုက်မှ ခရီးသွားများ အများအပြားလာကြသည်ကို တွေ့ခဲ့ရသည်။ ယူနက်စကို (UNESCO) ရဲ့ ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ဖြစ်သည့် ဟလောင်းပင်လယ်အော်တလျှောက် လှည့်ပတ်ကြည့်ရှုရင်း ကျွန်ုပ်တို့ရဲ့ နှလုံးသားထဲမှ ပုဂံဒေသကိုလည်း ကမ္ဘာ့အမွေအနှစ်စာရင်း အမြန်ဝင်စေချင်မိသည်။
Sponsored By: #VietnamAirlines

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top