အမျိုးသမီးတွေ တစ်ယောက်တည်း ခရီးသွားနိုင်ဖို့အတွက် လုံလောက်တဲ့ အကြောင်းပြချက်များ

2-6-2020-yyl-030.jpg

ကမ္ဘာကြီးက အမျိုးသမီးတွေအတွက် လုံခြုံစိတ်ချရတဲ့ နေရာတစ်ခု မဟုတ်ပါဘူးဆိုတာကစလို့ မိန်းကလေးတော်တော်များများဟာ သူတို့တွေရဲ့နေ့စဉ်ဘဝကို လူ့အဖွဲ့အစည်းက သတ်မှတ်ထားတဲ့ စံသတ်မှတ်ချက်တွေကြားထဲမှာသာ စိန်ခေါ်လှုပ်ရှားနေကြရပါတယ်။

သိသိသာသာပဲ ခရီးသွားတဲ့နေရာမှာဆိုရင် မိန်းကလေးတွေဟာ ယောက်ျားလေးတွေလိုမျိုး လွတ်လွတ်လပ်လပ်သွားလာခွင့်မရှိကြပါဘူး။ ပါးစပ်ကထုတ်မပြောတဲ့ စည်းမျဉ်းစည်းကမ်းတွေကြား ပြစ်ဒဏ်ချမှတ်ခံထားရသလိုမျိုး ကမ္ဘာတစ်ဝှမ်းလုံးက မိန်းကလေးတွေဟာ ပိတ်လှောင်ထားတဲ့တံခါးတွေရဲ့နောက်က မီးဖိုခန်း၊ အိမ်ရှေ့ခန်းနဲ့ ကိုယ်ပိုင်အိပ်ခန်းတွေထဲမှာသာ အချိန်ကုန်ကြရရင်း သူတို့တွေရဲ့လွတ်လပ်ခွင့်နဲ့ ရပိုင်ခွင့်တွေကို မေးခွန်းထုတ်နေကြရပါတယ်။

တစ်ကိုယ်တော်ခရီးထွက်နေကြတဲ့ အမျိုးသမီးတွေလည်း အများကြီးရှိနေပါတယ်။ တစ်ကိုယ်တော်ခရီးထွက်ခြင်းဟာ မိမိကိုယ်ကို စူးစမ်းရှာဖွေခြင်းဖြစ်ပြီး၊ ဖိနှိပ်ချုပ်ချယ်မှုတွေကြားက လွတ်လပ်မှုကို တူးဖော်ခြင်းနဲ့ သိသိသာသာ ထိရောက်မှုရှိတဲ့ နည်းလမ်းလည်း ဖြစ်ပါတယ်။

၁။ လူတွေကို နောက်တစ်ကြိမ် ယုံကြည်မှုပေးလိုက်ပါ

အိန္ဒိယက အမျိုးသမီးတွေရဲ့ ဘဝနေထိုင်မှုနဲ့ ဆိုးဝါးလွန်းတဲ့ အမျိုးသမီးအခွင့်အရေးနဲ့ဆိုင်တဲ့ အဖြစ်အပျက်တချို့ကို ကြားဖူးကောင်းကြားဖူးနိုင်ပါတယ်။ ဒါပေမယ့် ကမ္ဘာကြီးကို လည်ပတ်ဖို့အစီအစဉ် သင့်မှာရှိတယ်ဆိုရင်တော့ လူတွေကိုနောက်တစ်ကြိမ် ယုံကြည်ချက်ပေးနိုင်ရပါမယ်။ ကမ္ဘာကြီးမှာကောင်းတဲ့သူတွေလည်း အများကြီးရှိနေသေးတယ်ဆိုတာကို သင်တစ်ယောက်တည်း ခရီးသွားတဲ့အခါ သိမြင်လာပါလိမ့်တယ်။

၂။ ဘယ်သူ့အတွက်မှလည်း စဉ်းစားပေးနေစရာမလိုပါဘူး

ကိုယ်လုပ်ချင်တာကို လုပ်ခွင့်ရတာလောက် ကောင်းတာမရှိပါဘူး။ ကိုယ်စိတ်ဝင်စားတဲ့ နေရာတွေ၊ ကိုယ့်စိတ်ရဲ့ စေ့ဆော်မှုအတိုင်း ရုတ်တရက်လုပ်ချင်လာတဲ့ အစီအစဉ်တွေ၊ ကိုယ်စားချင်တာစားလို့ရတဲ့ နေ့တွေနဲ့ ကိုယ်တစ်ယောက်တည်းဖြစ်တဲ့အတွက် ဘယ်သူကမှ ကိုယ့်ကို အပြစ်မတင်ကြတော့တဲ့ အချိန်တွေဟာ တစ်ယောက်တည်းခရီးသွားခြင်းရဲ့ တကယ့်အနှစ်သာရတွေပါ။ နောက်ထပ် သင့်လုပ်လိုက်တဲ့အမှားကို ဘယ်သူ့ကိုမှ အပြစ်တင်လို့မရတော့တဲ့အတွက်လည်း တစ်ယောက်တည်းခရီးသွားခြင်းဟာ သင့်ကိုတာဝန်ယူတတ်မှုနဲ့ ရင့်ကျက်တဲ့ လူတစ်ယောက်ဖြစ်လာနိုင်စေဖို့ အကောင်းဆုံးအရာပဲ ဖြစ်ပါတယ်။

၃။စွန့်စားခန်းတွေကို စတင်လိုက်ပါ

မြို့ပြမှာ ကြီးပြင်ခဲ့ရတဲ့ အမျိုးသမီးတစ်ယောက်မို့ နေ့ရက်တိုင်းက စွန့်စားခန်းတွေကြီးပါပဲ။ ဒါက ကောင်းတာလည်းရှိသလို၊ ဆိုးတာလည်းရှိပါတယ်။ ဒါပေမယ့်တစ်ယောက်တည်း ခရီးသွားရတဲ့အခါမှာတော့ မတူညီတဲ့ရင်ဖိုစရာ စိတ်လှုပ်ရှားမှုအသစ်တွေကို ရရှိနိုင်ပါတယ်။ သဘာဝတရားကြီးကို ချစ်တဲ့သူဆိုရင်တော့ နေ့ရက်တော်တော်များများကို ကမ်းခြေမှာထိုင်ရင်း ကောင်းကင်တစ်ဆုံးတောက်ပနေတဲ့ ကြယ်လေးတွေကို ကြည့်ပြီး ကုန်ဆုံးနိုင်ပါတယ်။ တချို့နေ့တွေမှာ သစ်ရွက်တွေကြားဖြာကျလာတဲ့ နေရောင်ခြည်နဲ့အတူ သစ်တောတွေထဲ လမ်းလျှောက်ရင်းလည်း သင့်ရဲ့နေ့တွေကို အေးအေးဆေးဆေး ကုန်ဆုံးနိုင်ပါသေးတယ်။

၄။ မိမိကိုယ်ကို ယုံကြည်မှုရှိပါ

လက်မှတ်ဖြတ်တာ၊ ဟိုတယ်စာရင်းသွင်းတာနဲ့ ခရီးဆောင်အိတ်သယ်တာတွေကဟာ သင်တစ်ယောက်တည်း ပြုလုပ်ရမယ့်အရာတွေပါ။ လမ်းမသိတဲ့အခါတွေမှာလည်း ကိုယ်ကလွဲပြီး တခြားအားကိုးစရာ ဘယ်သူမှ မရှိပါဘူး။ အစပိုင်းမှာတော့ ဒါတွေကသင့်ကို ဝမ်းနည်းစေကောင်း ဝမ်းနည်းစေနိုင်ပြီး သင့်ဘေးမှာမှာ အမြဲတစေ ပံ့ပိုးပေးခဲ့တဲ့သူတွေကို သတိရကောင်း သတိရနိုင်ပါတယ်။ ဒါပေမယ့် ဒီအရာတွေအားလုံးကို သင်ကိုယ်တိုင် ပြုလုပ်ပြီးသွားတဲ့အခါမှာ တော့ ဘာနဲ့မှမတူတဲ့ ပီတိမျိုး သင်ခံစားရစေမယ်ဆိုတာ အာမခံနိုင်ပါတယ်။

၅။ မိမိကိုယ်ကို ရှာဖွေနိုင်ပါတယ်

တစ်ယောက်တည်းခရီးသွားရတာ မကြိုက်ဘူးဆိုရင် တခြားသူတွေနဲ့ ပျော်ပျော်ပါးပါးကြီး တွေ့လို့ရပါတယ်။ ဒါပေမယ့် မိမိကိုယ်ကိုရှာဖွေချင်တယ်၊ လူသူဝေးတဲ့အရပ်တွေဆီသွားရတာ ကြိုက်နှစ်သက်သူဆိုရင်တော့ တယောက်တည်းခရီးသွားပါ။ သင့်ကိုယ်ပိုင်အချိန်တွေကို သင်ရရှိလာလေလေ သင်ပိုပြီးစိတ်ပေါ့ပါးလာလေပါ။ သင်ဘာဖြစ်ချင်တယ်ဆိုတာကို ရွေးချယ်လို့ရသလို သင်ဘာလုပ်ချင်တယ်ဆိုတာကိုလည်း စိတ်ကြိုက်လုပ်လို့ရပါတယ်။ တခြားသူတစ်ယောက်စိတ်ကျေနပ်ဖို့ ကြိုးပမ်းနေစရာမလိုသလို ညှိနှိုင်းနေစရာလည်း မလိုပါဘူး။

နောက်ဆုံးအနေနဲ့ အခုပြောပြပေးခဲ့တဲ့ အကြောင်းအရာတွေဟာ အမျိုးသမီးတွေအတွက် တစ်ယောက်တည်း ခရီးသွားနိုင်အောင် ဖော်ပြပေးခဲ့တဲ့အကြောင်းအရာတွေဖြစ်လို့ ဒီဆောင်းပါးလေးကိုဖတ်ပြီးတဲ့အခါ ကမ္ဘာကြီးကို စူးစမ်းရှာဖွေပြီး ကောင်းမွန်တဲ့အမှတ်တရတွေ ဖန်တီးနိုင်ဖို့ အားအင်တွေရှိလာပါစေလို့ စာရေးသူကဆန္ဒပြုလိုက်ပါတယ်။

Ref : Newsrepublic “If you were worried about travelling alone, these 8 stories by women will put you at ease”

Po Mo Htoo Aung (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top