သေနတ်အသုံးပြုခွင့်မရှိတဲ့ နယ်စပ်မှာ အိန္ဒိယစစ်သည်တွေက နယ်စပ်ဖြတ်ကျော်၊ ပစ်ခတ်ခဲ့တယ်လို့ တရုတ်နိုင်ငံ စွပ်စွဲပြီး နှစ်နိုင်ငံကြား တင်းမာမှု မြင့်တက်နေ

8-9-2020-yyl-013.jpg

အိန္ဒိယစစ်သည်တွေက ပိုင်ဆိုင်မှုအငြင်းပွားနေတဲ့ ဟိမဝန္တာနယ်စပ်ကို တရားမဝင် ဖြတ်ကျော်ပြီး နယ်စပ်မှာ ကင်းလှည့်နေတဲ့ တရုတ်စစ်သည်တွေကို ကျူးကျော်ရန်စတဲ့ ခြောက်လှန့်ပစ်ခတ်မှုတွေ လုပ်ခဲ့တယ်လို့ တရုတ်နိုင်ငံက စွပ်စွဲထားပါတယ်။ အဲဒီအတွက် တရုတ်စစ်တပ်ရဲ့ အစောင့်စစ်သည်တွေက တန်ပြန်လှုပ်ရှားမှုတွေ လုပ်ခဲ့တယ်လို့ တရုတ်စစ်တပ်ရဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။ ဒါပေမဲ့ ဘယ်လိုတုံ့ပြန်လှုပ်ရှားခဲ့တာလဲဆိုတာကိုတော့ တိတိကျကျ မပြောခဲ့ပါဘူး။

တရုတ်နိုင်ငံရဲ့ စွပ်စွဲချက် မှန်ကန်တယ်ဆိုရင်တော့ အိန္ဒိယစစ်သည်တွေရဲ့လုပ်ရပ်ဟာ သေနတ်အသုံးပြုမှု တားမြစ်ထားတဲ့ သဘောတူညီချက်ကို ချိုးဖောက်ရာရောက်ပြီး ၄၅ နှစ်အတွင်း ပထမဆုံးအကြိမ် အိန္ဒိယ-တရုတ်နယ်စပ်မှာ သေနတ်ပစ်ခတ်မှု ဖြစ်ပါတယ်။ ၁၉၉၆ ခုနှစ်က ချုပ်ဆိုခဲ့တဲ့ သဘောတူညီမှုအရ ပိုင်ဆိုင်မှုအငြင်းပွားနေတဲ့ ဟိမဝန္တာနယ်စပ် ထိန်းချုပ်ရေးစည်းမှာ သေနတ်၊ ပေါက်ကွဲစေနိုင်တဲ့ ပစ္စည်းတွေ အသုံးပြုခွင့်မရှိဘူးလို့ အိန္ဒိယနဲ့ တရုတ်နိုင်ငံ နှစ်နိုင်ငံလုံးကို တားမြစ်ထားပါတယ်။

ပြီးခဲ့တဲ့ ဇွန်လက အိန္ဒိယနဲ့ တရုတ်စစ်သည်တွေကြား ရိုက်နှက်မှုတွေဖြစ်ပွားခဲ့လို့ အနည်းဆုံး အိန္ဒိယစစ်သည် ၂၀ သေဆုံးခဲ့ပြီး အဲဒီနောက်ပိုင်းမှာ အိန္ဒိယနဲ့ တရုတ်နိုင်ငံကြား ဆက်ဆံရေး တဖြည်းဖြည်း ဆိုးရွားလာခဲ့ပါတယ်။ အိန္ဒိယစစ်သည်တွေဟာ ထိန်းချုပ်ရေးစည်းကို တရားမဝင် ကျော်ဖြတ်ပြီး ပန်ဂုံတောင်ရေကန် တောင်ဘက်ကမ်းပါးနားက ရှင်ပေါင်တောင်တန်းဒေသကို တရားမဝင်ဖြတ်ကျော်ခဲ့တယ်လို့ တရုတ်နိုင်ငံ ပြည်သူ့လွတ်မြောက်ရေးတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး ကျန်းရွှေလီက ပြောပါတယ်။ အဲဒီစွပ်စွဲချက်နဲ့ပတ်သက်ပြီး အိန္ဒိယနိုင်ငံ အာဏာပိုင်တွေက တစ်စုံတစ်ရာတုံ့ပြန်ခြင်းမရှိသေးပါဘူး။

ပိုင်ဆိုင်မှု အငြင်းပွားနေတဲ့ နယ်စပ်နားမှာ တရုတ်စစ်သည်တွေက အိန္ဒိယနိုင်ငံသား ၅ ယောက်ကို ပြန်ပေးဆွဲခဲ့တယ်ဆိုတဲ့ သတင်းတွေနဲ့ပတ်သက်ပြီး အိန္ဒိယစစ်တပ်က တရုတ်အရာရှိတွေထံ အကြောင်းကြားပြီးနောက် တစ်ရက်အကြာမှာပဲ တရုတ်နိုင်ငံဘက်က အခုလို စွပ်စွဲခဲ့တာပါ။ အိန္ဒိယ-တရုတ်နယ်စပ်မှာရှိတဲ့ ထိန်းချုပ်ရေးစည်းဟာ မြစ်တွေ၊ ရေကန်တွေ၊ နှင်းဖုံးတောင်တန်းတွေကို ဖြတ်သန်းရေးဆွဲထားတာဖြစ်လို့ တိကျခိုင်မာမှုမရှိဘဲ ရာသီဥတုအလိုက် ပြောင်းလဲနိုင်ပါတယ်။ တရုတ်နိုင်ငံက လာဒက်ဒေသရဲ့ ဂယ်ဝမ်တောင်ကြားကို စစ်သည်ထောင်ချီ စေလွှတ်ပြီး သူတို့ရဲ့ပိုင်နက်နယ်မြေ အကျယ်အဝန်း ၁၄၇၀၀ စတုရန်းမိုင်ကို သိမ်းပိုက်ခဲ့တယ်လို့ အိန္ဒိယနိုင်ငံက စွပ်စွဲထားသည်။ ပြီးခဲ့တဲ့ ဆယ်စုနှစ် ၃ ခုအတွင်း ဆွေးနွေးပွဲ အများအပြားလုပ်ခဲ့ပေမဲ့ နယ်စပ်အငြင်းပွားမှုတွေကို ဖြေရှင်းနိုင်ခဲ့ခြင်းမရှိပါဘူး။ အိန္ဒိယနဲ့ တရုတ်နိုင်ငံက ၁၉၆၂ ခုနှစ်က စစ်ပွဲတစ်ကြိမ် ဖြစ်ပွားခဲ့ပြီး အဲဒီစစ်ပွဲမှာ အိန္ဒိယနိုင်ငံက မရှုမလှ ရှုံးနိမ့်ခဲ့ပါတယ်။

Ref: BBC ” China says Indian troops fired ‘provocative’ shots in border dispute”

Nz ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top