ရေသူထီးဖျော်ဖြေရေးသမားအဖြစ် နာမည်ကြီးနေတဲ့ ဒိုင်ဗင်အားကစားသမားဟောင်း

water.png

တရုတ်နိုင်ငံက ရေအောက်ဖျော်ဖြေရေးသမားတစ်ဦးဟာ သူ့ရဲ့ကိုယ်လုံးကိုယ်ထည်နဲ့ ဆွဲဆောင်မှုရှိတဲ့ ရုပ်ရည်ကြောင့် လူမှုကွန်ယက်အသုံးပြုသူတွေကြားရေပန်းစားလို့နေပါတယ်။ ၂၀၀၀ ပြည့်နှစ်ဖွား တက္ကသိုလ်ကျောင်းသား ရှောင်စုန်ကျီဟာဆိုရင် ဝူဟန်မှာတည်ရှိတဲ့ ငါးပြတိုက်မှာ ရေသူထီးအဖြစ် ဖျော်ဖြေနေသူတစ်ဦးပါ။ ချပ်ကပ်နေတဲ့ ဗိုက်သားကို ဖော်ထားပြီး ဖျော်ဖြေနေတဲ့ သူ့ရဲ့ဗီဒီယိုတွေက လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့နေတာပါ။

စုန်ကျီက ငါးပြတိုက်လာတဲ့သူတွေကို ရေသူထီးအဖြစ် ဖျော်ဖြေနေရတဲ့အချိန်ဆို မရှက်ပါဘူး။ သူ့ရဲ့လက်မှာ ပန်းစည်းကိုင်ပြီးတော့ဖြစ်ဖြစ် ပေါ်လာတတ်သလို လက်နဲ့ အသည်းပုံလုပ်ပြီးလည်း လာလည်တဲ့သူတွေရှေ့ ပေါ်လာတတ်ပါသေးတယ်။

သူဟာ ပရော်ဖက်ရှင်ဒိုင်ဗင်အားကစားသမားဖြစ်ခဲ့ပေမဲ့ ထိခိုက်ဒဏ်ရာရရှိခဲ့ပြီးတဲ့နောက် အသက် ၁၉ နှစ်မှာ နုတ်ထွက်ခဲ့တာပါ။ ပညာဆက်လက်ဆည်းပူဖို့ ဆုံးဖြတ်ခဲ့ပေမဲ့ ရေသူထီးဖျော်ဖြေရေးနယ်ပယ်အကြောင်း သိခွင့်ရခဲ့ပါတယ်။ အခွင့်အလမ်းအသစ်တစ်ခုအဖြစ် မြင်တာကြောင့် အသက်မွေးဝမ်းကြောင်းအသစ်ကို လုပ်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ အားကစားသမားအဖြစ်ကနေ ရေအောက်ဖျော်ဖြေရေးသမားအဖြစ် ကူးပြောင်းရတာက လွယ်တော့မလွယ်ကူပါဘူး။ သူ့မှာ အတွေ့အကြုံလည်းမရှိတဲ့အတွက် အစပိုင်းမှာတော့ လုပ်ရတာ နှေးခဲ့ပါတယ်။ နေရာအနည်းငယ်ကပဲ သူ့ကို ငှားချင်ကြတာပါ။

လေ့ကျင့်မှုတွေ ဆက်လုပ်လုပ်ဆောင်ပြီး ခန္ဓာကိုယ်ကျစ်လျစ်အောင်လည်း ကြိုးစားခဲ့သလို ရေအောက်မှာ ကကွက်တွေနဲ့ ဖျော်ဖြေနိုင်ဖို့ သင်ယူခဲ့ရပါတယ်။ နောက်ဆုံးမှာ သူ့ရဲ့ကြိုးစားအားထုတ်မှုဟာ အောင်မြင်ခဲ့ပါတယ်။ အခုအချိန်ထိ သူဟာ ရှိုးပေါင်း ၅၀၀ နီးပါးလုပ်ပြီးသွားပြီး တစ်နေ့ကို ယွမ် ၂၅၀၀ (စင်ကာပူဒေါ်လာ ၄၄၆) ရပါတယ်။ လက်ရှိမှာတော့ ငါးပြတိုက်နဲ့ ကာလရှည်သဘောတူညီမှုရထားပြီး သူ့ရဲ့အချိန်ဇယားပေါ်မူတည်ပြီး လစဉ် လစာ ယွမ် ၆၀၀၀ ကနေ ၁၀၀၀၀ရရှိပါတယ်။

ရေအောက်ရောက်သွားတဲ့အခိုက်အတန့် လာလည်သူတွေရဲ့အားပေးသံကြားတာနဲ့ အားအင်တွေပြည့်လာကာ ချက်ချင်းပဲ ဖျော်ဖြေချင်စိတ်တွေဖြစ်လာတယ်လို့ စုန်ကျီက ဆိုထားပါတယ်။

Ref: Ex-Diving Athlete Finds Fame As Merman Performer After Rocky Start To His Career Switch

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top