Mask ဝတ်ပြီး လေ့ကျင့်ခန်းလုပ်တဲ့အခါ ဆောင်ရန်ရှောင်ရန်များ

18-11-2020-yyl-052.jpg

အခုနှစ်မှာတော့ Mask ဝတ်ဆင်ရတာက ကျွန်တော်တို့အတွက် တစ်နေ့တာမဖြစ်မနေလုပ်ဆောင်ရမယ့်အလေ့အကျင့်တစ်ခုလိုဖြစ်နေပါတယ်။ အပြင်ထွက်တဲ့အခါ Mask ဝတ်ဆင်ဖို့က အရေးကြီးဆုံးအချက်ပါပဲ။ ကျွန်တော်တို့တွေက Mask ဝတ်ဆင်ရတာနဲ့ နေသားကျသလိုတောင်ဖြစ်နေပါပြီ။ ဒါပေမဲ့ အပြင်ထွက်ပြီး ကိုယ်လက်လှုပ်ရှားမှုလေ့ကျင့်ခန်းလုပ်ဖြစ်ကြတဲ့သူတွေက Mask ဝတ်ဆင်ပြီး လေ့ကျင့်ခန်းလုပ်ရင် ဘေးကင်းရဲ့လားလို့ မေးခွန်းထုတ်မိတတ်ကြပါတယ်။

ဒီမေးခွန်းကို ဖြေရမယ်ဆိုရင် Mask ဝတ်ပြီး ကိုယ်လက်လှုပ်ရှားမှုလေ့ကျင့်ခန်းလုပ်ရင် အဆင်ပြေပါတယ်။ Mask က ဖုန်မှုန့်၊ ရောဂါပိုးမွှားတွေ အသက်ရှုလမ်းကြောင်းထဲဝင်မလာအောင် ကာကွယ်ပေးပါတယ်။ ဒါပေမဲ့ Mask က အောက်ဆီဂျင်ပမာဏကို လျော့ချမပစ်ပေမဲ့ အသက်ရှုတဲ့အခါမှာတော့ မူးဝေသလို ၊ အသက်ရှုမဝသလို အနှောင့်အယှက်အနည်းငယ်တော့ရှိနိုင်ပါတယ်။ ကိုယ်လက်လှုပ်ရှားမှုလုပ်တဲ့အခါမှာ ဒီပြဿနာက ပိုပြီး အဖြစ်များပါတယ်။ လေ့ကျင့်ခန်းလုပ်တဲ့အချိန်မှာ လေကို ပိုပြီး ရှုရှိုက်ရတဲ့အတွက်ကြောင့်ပါ။ Mask ဝတ်ပြီး ကိုယ်လက်လှုပ်ရှားမှုလေ့ကျင့်ခန်းလုပ်တယ်ဆိုရင် အောက်မှာဖော်ပြထားတဲ့ အချက်တွေကို ဂရုစိုက်ပေးဖို့လိုအပ်ပါတယ်။

ဝတ်ရတာအဆင်ပြေတဲ့ Mask ကိုရွေးချယ်ပါ

ပထမဆုံးလုပ်ရမှာက အဆင်ပြေတဲ့Mask ကို ရွေးချယ်ဖို့ပါပဲ။ သင် ရွေးချယ်ဝတ်ဆင်လိုက်တဲ့ Mask က ပိုးမွှားတွေနဲ့ ဖုန်မှုန့်တွေကို ကာကွယ်ပေးသင့်တဲ့အပြင် အသက်ရှုရလွယ်တဲ့ပစ္စည်းနဲ့ပြုလုပ်ထားတာလည်း ဖြစ်သင့်ပါတယ်။ Mask ကို ဝတ်ယူတဲ့အခါ ချည်သားနဲ့ပြုလုပ်ထားတဲ့ Mask ဖြစ်ရမှာဖြစ်သလို ချွေးမစိုစေတဲ့ Maskလည်းဖြစ်ရပါမယ်။ ကိုယ်လက်လှုပ်ရှားမှုလေ့ကျင့်ခန်းလုပ်တဲ့အခါ လိုအပ်ရင် သုံးလို့ရအောင် Mask ကို အပိုဆောင်ထားသင့်ပါတယ်။

အရမ်းအားစိုက်ပြီး မလုပ်ပါနဲ့

ကပ်ရောဂါမဖြစ်ခင်က နေ့ရက်တွေ့မှာဆိုရင် ကိုယ်လက်လှုပ်ရှားမှုလေ့ကျင့်ခန်းလုပ်တဲ့အခါ ကိုယ့်ခန္ဓာကိုယ်ကို ဘယ်လောက်ထိလုပ်နိုင်လဲဆိုပြီး စိန်ခေါ်ချင်ကြပါတယ်။ ဒါပေမဲ့ Mask ဝတ်ပြီး လေ့ကျင့်ခန်းလုပ်တဲ့အခါမှာတော့ အဲဒီလိုလုပ်တာမျိုးကို ရှောင်ပါ။ Mask က အောက်ဆီဂျင်ပမာဏကို ကန့်သတ်မှုတွေမလုပ်ပေမဲ့ သက်တောင့်သက်သာမဖြစ်တာကိုတော့ ကြုံတွေ့ရနိုင်ပါတယ်။ သင့်ခန္ဓာကိုယ်ကို ဖိအားပေးပြီး လေ့ကျင့်ခန်းလုပ်တာမျိုးကိုတော့ ရှောင်ကျဉ်ရမှာဖြစ်ပါတယ်။ ကိုယ်လက်လှုပ်ရှားမှုလေ့ကျင့်ခန်းကို ပေါ့ပေါ့ပါးပါးပဲလုပ်ပေးသင့်ပါတယ်။

နှလုံးခုန်နှုန်းအရမ်းမြင့်လာရင် ရပ်တန့်လိုက်ပါ

Mask ဝတ်ဆင်ပြီး ကိုယ်လက်လှုပ်ရှားမှုလေ့ကျင့်ခန်းလုပ်တဲ့အခါ ကျွန်တော်တို့တွေက လေကို ပိုရှုရှိုက်ရပြီး နှလုံးခုန်နှုန်းလည်း မြင့်တက်လာပါတယ်။ ဒါပေမဲ့ လေ့ကျင့်ခန်းလုပ်ရင် နေလို့မကောင်းရင် (သို့) နှလုံးခုန်နှုန်းအရမ်းမြင့်မားလာရင် လေ့ကျင့်ခန်းလုပ်တာကို ချက်ချင်းရပ်တန့်ပစ်ဖို့ လိုအပ်ပါတယ်။ တစ်နေရာရာမှာ ထိုင်လိုက်ပြီး အနားယူဖို့ကြိုးစားကြည့်ပါ။ ရင်ဘတ်အောင့်လာရင်တော့ ဆရာဝန်ပြပါ။

ကိုယ့်ကိုယ်ကိုယ် ရေဓာတ်ပြည့်ဝအောင်နေပါ

လေ့လာချက်အရ ရေဓာတ်ကုန်ခန်းခြင်းက ကိုယ်လက်လှုပ်ရှားမှုလေ့ကျင့်ခန်းလုပ်နေစဉ်အတွင်း နှလုံးခုန်နှုန်းကို မတည်မငြိမ်ဖြစ်စေတယ်လို့ သိရပါတယ်။ ဒါကြောင့် ကိုယ်လက်လှုပ်ရှားမှုလေ့ကျင့်ခန်းမလုပ်ခင်ရော လုပ်နေစဉ်အတွင်းပါ ရေကိုများများသောက်ပေးပါ။ ရေဓာတ်ပြည့်ဝစွာနေတာက နှလုံးခုန်နှုန်းကိုထိန်းပေးနိုင်ပြီး ခေါင်းကိုက်ခြင်းမဖြစ်အောင်လည်း ကာကွယ်ပေးပါတယ်။

ခဏအနားယူပါ

ကိုယ်လက်လှုပ်ရှားမှုလေ့ကျင့်ခန်းလုပ်တဲ့အခါ ခဏနားဖို့လည်း မမေ့ပါနဲ့။ (၁၀) မိနစ်လောက် လမ်းလျှောက်မယ်ဆိုရင် (၂) မိနစ်လောက် နားပြီး ရေသောက်၊ ပြီးရင် ပြန်ပြီးလမ်းလျှောက်တာလုပ်ပါ။ လေ့ကျင့်ခန်းလုပ်စဉ်အတွင်း ခဏအနားယူတာက သင့်ခန္ဓာကိုယ်ကို အနားပေးဖို့ အချိန်ပေးတာပါပဲ။

Ref: Exercising outdoors with a mask? Things to do and not to do

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top