COVID-19 ကြောင့် မိဘနှစ်ပါးစလုံးကို ဆုံးရှုံးလိုက်ရတဲ့ အသက် ၄ နှစ်ကလေးလေး

18-11-2020-yyl-047.jpg

လက်ရှိဖြစ်ပွားနေတဲ့ COVID-19 ကပ်ရောဂါဟာ လူ့အသက်ပေါင်းများစွာကို သေဆုံးစေခဲ့တဲ့အပြင် ကလေးတွေကိုလည်း မိဘမဲ့ဖြစ်စေခဲ့ပါတယ်။ တက္ကဆပ်ပြည်နယ်၊ ဆန်အန်တိုနီယိုမြို့က အသက် ၄ နှစ်အရွယ် မူလတန်းကြိုကျောင်းသားလေး ရိုင်ဒန် ဂွန်ဇာလက်ဇ် (Raiden Gonzalez) ကလည်း ကိုဗစ်ကပ်ရောဂါကြီးကြောင့် မိဘနှစ်ပါးစလုံးကို ဆုံးရှုံးခဲ့ရတာပါ။ လာမယ့် တနင်္ဂနွေနေ့မှာ ကျရောက်မယ့် သူ့ရဲ့ ၅နှစ်ပြည့်မွေးနေ့ပွဲကိုလည်း မိဘတွေ မပါဘဲ ဆင်နွှဲရတော့မှာဖြစ်ပါတယ်။

ရိုင်ဒန်က COVID-19 ကြောင့် သူ့ရဲ့မိဘတွေဖြစ်တဲ့ အာဒန်နဲ့ မာရီယာချ်တို့ကို ဆုံးရှုံးခဲ့ရပါတယ်။ လက်ရှိမှာတော့ ရိုင်ဒန်ကို မာရီယာချ်ရဲ့အမေက ‌စောင့်ရှောက်ထားပါတယ်။ ရိုင်ဒန်က သူ့အဖေနဲ့အမေတို့မရှိတော့ဘူးဆိုတာ သိတယ်။ အဖေနဲ့အမေ နှစ်ယောက်လုံး နတ်သားနဲ့နတ်သမီးဖြစ်နေတယ်လို့ နားလည်ထားပါတယ်။ သူ့အမေ ဘာလို့ပြန်မလာတာလဲလို့မေးတဲ့ အခိုက်အတန့်တွေလည်းရှိတယ်လို့ မာရီယာချ်ရဲ့မိခင် ရိုဇီ ဆာလီနက်စ် (Rozie Salinas) က ပြောပါတယ်။

မာရီယာချ် ဂွန်ဇာလက်ဇ်က ဆေးရုံရောက်ပြီး ၂၄ နာရီမပြည့်ခင် အောက်တိုဘာ ၆ ရက်နေ့မှာ သေဆုံးခဲ့တာပါ။ မာရီယာချ်က ခန္ဓာကိုယ်နာကျင်ကိုက်ခဲလာပြီး နောက်တော့ အသက်ရှုရခက်ခဲလာတဲ့အတွက် ဆေးရုံကို တင်လိုက်တာဖြစ်ပါတယ်။ အဲဒီနေ့က မာရီယာချ်ကိုမြင်တွေ့ရဖို့ နောက်ဆုံးအချိန်ဖြစ်မယ်လို့ မထင်ခဲ့ဘူးလို့ ရိုဇီက ဆိုပါတယ်။ အစက မာရီယာချ်ကို ကိုဗစ်ရောဂါပိုးစစ်တော့ Negative ပြခဲ့ပေမဲ့ သူ သေဆုံးပြီးတဲ့နောက်မှာတော့ Positive ဖြစ်နေတယ်လို့ သိရပါတယ်။ မာရီယာချ် သေဆုံးရခြင်းအကြောင်းအရင်းက ကိုဗစ်ရောဂါကြောင့်ဖြစ်တယ်လို့ ဆေးရုံက တရားဝင်ထုတ်ပြန်ပေးခဲ့ပါတယ်။

မာရီယာချ်ရဲ့ခင်ပွန်း အာဒန်ကတော့ ကိုရိုနာဗိုင်းရပ်စ်ကြောင့် (၄) ပတ်တာ ဆေးရုံတက်ပြီးနောက် ဇွန်လ ၂၆ ရက်နေ့က သေဆုံးသွားခဲ့တာပါ။ အာဒန်က ဘိလပ်မြေတင်ကားမောင်းသမားဖြစ်တဲ့အတွက် အလုပ်ကနေ ရောဂါကူးစက်ခံခဲ့ရတာဖြစ်တယ်လို့ သူ့ရဲ့မိသားစုက ယုံကြည်ထားပါတယ်။ ရောဂါအခံလည်းမရှိသလို အလုပ်အတွက်လိုအပ်တဲ့ ရုပ်ပိုင်းဆိုင်ရာစစ်ဆေးတဲ့စာမေးပွဲကိုလည်း အောင်မြင်ခဲ့တယ်လို့ ဆိုပါတယ်။ အာဒန်တို့လင်မယားနှစ်ယောက်လုံး အလုပ်သွားလုပ်ရင်လည်း ဗိုင်းရပ်စ်မကူးစက်ခံရအောင် အရမ်းသတိထားတယ်လို့ ပြောပါတယ်။ အခုတော့ အာဒန်နဲ့ မာရီယာချ်တို့ရဲ့မိသားစုက ရိုင်ဒန်အတွက် ဘဝအသစ်ပေးနိုင်ဖို့ ကြိုးစားနေပါတယ်။

ရိုင်ဒန်က နိုဝင်ဘာ ၂၂ ရက်နေ့မှာ အသက် (၅) နှစ်ပြည့်တော့မှာပါ။ ဒါပေမဲ့ မိသားစုဝင်တွေက တစ်ပတ်နောက်ကျပြီး နိုဝင်ဘာ ၂၈ ရက်နေ့မှ သူ့ရဲ့မွေးနေ့ပွဲကို ဆင်နွှဲပေးဖို့ စီစဉ်နေပါတယ်။ ရိုင်ဒန်လေးက သူ့မိဘတွေမရှိတဲ့အတွက် မွေးနေ့ပွဲမဆင်နွှဲနိုင်မှာစိုးရိမ်နေတာပါ။ ရိုင်ဒန်လေး ပျော်ရွှင်ဖို့အတွက် ရိုဇီက လုပ်ပေးမှာဖြစ်ပါတယ်။ ရိုင်ဒန်လေး ပျော်ရွှင်တာကိုပဲ မြင်ချင်တယ်လို့ ရိုဇီက ဆိုပါတယ်။ ရိုင်ဒန်ရဲ့အနာဂတ်အတွက် GoFundMe ပေ့ချ်ထောင်ပြီး ရန်ပုံငွေရှာနေပါတယ်။ ကမ္ဘာတစ်ဝှမ်းက လူတွေရဲ့လှူဒါန်းပေးမှုကြောင့် ဒေါ်လာ ၁၀၀၀၀၀ ကျော်ရရှိနေပါပြီ။

ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါက မပြီးသေးဘူးဆိုတာ လူတွေကို သတိပေးချင်တာကြောင့်၊ အခြားသူတွေလည်း ရိုင်ဒန်ရဲ့ဘဝပြောင်းလဲသွားသလိုဖြစ်မှာစိုးရိမ်တဲ့အတွက်ကြောင့် သူတို့မိသားစုရဲ့ဇာတ်လမ်းလေးကို မျှဝေပေးနေတာဖြစ်တယ်လို့ ရိုဇီက ပြောပါတယ်။

Ref: ABCNews “4-year-old boy loses both parents to COVID-19”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top