အခြေခံလိုအပ်ချက်တွေ ပြည့်စုံမှုမရှိဘဲ လူထုအခြေပြု quarantine center တာတွေမလုပ်သင့်

17-9-2020-yyl-014.jpg

မြို့နယ်တွေမှာ အခြေခံအဆောက်အဦး လိုအပ်ချက်တွေပြည့်စုံလုံလောက်မှုမရှိဘဲ လူထုအခြေပြု quarantine center တွေမပြုလုပ်သင့်ဘူးလို့ စမ်းချောင်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဘိုဘိုဦးက ပြောပါတယ်။

“လူထုအခြေပြု quarantine center တချို့မှာ လိုအပ်ချက်တွေရှိနေတယ်။ နေရသူတွေ ရေလုံလောက်အောင်မရရှိဘူးလို့သိရတယ်။ အဆောက်အဦးက အသစ်မို့ လူနေထိုင်ဖို့ လိုအပ်ချက်တွေသာမန်အားဖြစ် ရှိနိုင်ပါတယ်။ နောက်ပြီး နေ့စဉ်စားသုံးဖို့ ပုံမှန် ထမင်းနဲ့ဟင်း စတာတွေပါ။ ဒါတွေကသာမန်ပေါ့။” လို့ သူက ဆိုပါတယ်။

ဒေသန္တရအစိုးရအနေနဲ့ ရေလိုအပ်ချက်လိုမျိုး နေ့စဉ် စားသောက်ဖွယ်ရာမျိုးစတာတွေကို အဆင်ပြေဆုံး ဖြစ်အောင်စီမံခန့်ခွဲမှု လုပ်ပေးနိုင်ရမယ်လို့ ဦးဘိုဘိုဦးက သူရဲ့ လူမှုကွန်ယက်မှာရေးသားထားပါတယ်။

ဒါပြင့် Swab Test ယူဖို့ အလှည့်မရောက်သေးတာမျိုးက အရေးပါတဲ့ လိုအပ်ချက်မျိုးဖြစ်ပြီး အားနဲ့ဝန်ရှိသေးတာမို့ စိတ်ရှည်ပေးရန်လိုအပ်တယ်လို့ သူကပြောပါတယ်။
သင်္ဃန်းကျွန်းမြို့နယ် Covid-19 ရောဂါ ကာကွယ်ထိန်းချူပ်ရေးအဖွဲ့ ကော်မတီဝင် ဒေါက်တာကျော်စွာဦး “လူထုအခြေပြု quarantine center လုပ်ဖို့က တစ်အချက်အနေနဲ့နေရာ၊ နှစ်အချက်က အထဲမှာရှိမယ့် အခြေခံအသုံးအဆောင်ပစ္စည်းတွေ ဒါတွေကအရေးကြီးတာပေါ့။ ဒါကြောင့် တော်ရုံတန်ရုံ လူထုအခြေပြု quarantine center ဖွင့်ဖို့က မလွယ်ပါဘူး” လို့ သူကပြောပါတယ်။

quarantine center တွေမှာ ကိုယ့်အိမ်ကိုယ့်ရာ ကိုယ်နေရာမဟုတ်တဲ့အတွက် ပြည့်စုံမှုရှိမှမဟုတ်သလို စိတ်တိုင်းကျဖို့လည်း မလွယ်ဘူး လို့ သူကဆိုပါတယ်။ “ဘာပဲဖြစ်ဖြစ် quarantine ဝင်တဲ့အခါလူတိုင်းက စိတ်ပိုင်းဆိုင်ရာ စိတ်ခံစားမှု အရမ်းစိတ်ဖိစီးမှုများတယ်ပေါ့လေ။ ကိုယ်အိမ် ကိုယ်ရာမဟုတ်တဲ့အတွက် စုပေါင်းရေချိုးရတာ စုပေါင်းနေထိုင်ရတာ ဆိုတော့ မပြည့်စုံမှုတော့ရှိမှာပဲ။ အားလုံးကတော့ ကောင်းအောင်စီစဉ်ကြတာပဲ။ ဟိုတယ်မှာနေရရင်လည်း လိုအပ်ချက်တွေရှိနေဦးမှာပဲ။ အားသာချက် အးနည်းချက်ကတော့ အမြဲတမ်းရှိနေမှာပဲ။” လို့ ဒေါက်တာကျော်စွာဦးက ပြောပါတယ်။

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန နဲ့ COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ အဖွဲ့တို့က လိုအပ်ချက်အရ ထိန်းချူပ်ရေးနည်းဗျူဟာ သုံးရတာဖြစ်တဲ့အတွက် အပြန်အလှန်တစ်ယောက်နဲ့တစ်ယောက် စာနာနားလည်ပေးနိုင်မှသာ အဆင်ပြေနိုင်မှာဖြစ်တယ်လို့ သူက ဆိုပါတယ်။

Covid-19 သံသယလူနာတွေကို လူထုအခြေပြု quarantine center တွေနဲ့ အစိုးရက ဖွင့်လှစ်ထားတဲ့ Facilities Quarantine Center တွေမှာထားရှိတာပဲဖြစ်ပါတယ်။
ဒါပြင့် ပိုးတွေ့လူနာများဆုံးတွေ့ရတဲ့ ရန်ကုန်တိုင်းဒေသကြီးက ဆေးရုံတွေမှာ Covid-19 ပိုးတွေ့အတည်ပြုလူနာတွေကို ဆေးကုသပေးနေသလို နေ့စဉ် ပိုးတွေ့လူနာ အရေအတွက်ပိုများပြားလာတဲ့အတွက် လှိုင်၊ သုဝဏ္ဏနဲ့ ဒဂုံဆိပ်ကမ်းမြို့နယ်အတွင်းမှာ ယာယီကုသရေးဌာန (၃) ခု ကိုဖွင့်လှစ်ကာ ကုသပေးနေတာဖြစ်ပါတယ်။

ဒီကနေ့ စက်တင်ဘာလ (၁၇) ရက်နေ့ မနက်ပိုင်းအထိ Covid-19 ပိုးတွေ့အတည်ပြုလူနာ (၃၈၉၄) ဦး၊ ဆေးရုံဆင်းခွင့်ရသူ (၉၀၈) ဦး နဲ့ သေဆုံးသူ (၄၆) ဦး အထိရှိနေပြီဖြစ်တယ်လို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

Cherry(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top