လူငယ်တွေကိုတစ်ခုခုဆိုလက်မလျော့ဖို့ တိုက်တွန်းထားတဲ့ လယ်သမားဘဝကနေ အာကာသယာဉ်မှူးဖြစ်လာခဲ့သူ

7-1-2021-yyl17.jpg

နာဆာအာကာသယာဉ်မှူးဟောင်း ဟိုဆေး ဟာနန်ဒက်ဇ် (Jose Henandez) ဆိုသူကတော့ အာကာသယာဉ်မှူးမဖြစ်ခင် ငယ်စဉ်တုန်းက လယ်ကွင်းထဲမှာပဲ လယ်အလုပ်လုပ်ရင်းနဲ့ အချိန်တွေ ကုန်ဆုံးခဲ့ရတာပါ။ သူတောင် လယ်သမားဘဝကနေ အာကာသယာဉ်မှူးဖြစ်လာခဲ့တာကြောင့် အွန်လိုင်းပေါ်ကနေ စာသင်ယူရာမှာ အခက်အခဲရှိနေတဲ့ လူငယ်တွေကိုလည်း ဟာနန်ဒက်ဇ်တွေ့မြင်နေရတော့ အခုလိုတိုက်တွန်းထားပါတယ်။ “တစ်ခုခုဆို လက်မလျော့ဖို့၊ အောင်မြင်ဖို့အတွက် ဘယ်အရာမှမတားဆီးနိုင်သလို ဘယ်အရာမှမဖြစ်နိုင်ဘူးဆိုတာ မရှိဘူး” ဆိုတာပါပဲ။

ဟာနန်ဒက်ဇ်ဆိုရင် အာကာသယာဉ်မှူးဖြစ်လာဖို့ တော်တော်ကြိုးစားခဲ့ရလို့ပါ။ လူငယ်ဘဝတုန်းက ဟာနန်ဒက်ဇ်က သူ့မိသားစုနဲ့အတူ ယာခင်းထဲသွားပြီး သစ်သီးနဲ့ ဟင်းသီးဟင်းရွက်တွေကို ဆွတ်ခူးခဲ့ရတာပါ။ သူတို့မိသားစုက နေရာတွေလည်း ခဏခဏပြောင်းရွှေ့ခဲ့ရတာပါ။ ကယ်လီဖိုးနီးယားပြည်နယ်မှာ (၉) လ၊မက္ကစီကိုမှာ (၃) လ နေခဲ့ရပါတယ်။ အဲဒီ (၉) လမှာ ဟာနန်ဒက်ဇ်က စာသင်ကျောင်း (၃) ကျောင်း ပြောင်းပြီး စာသင်ယူခဲ့ရတယ်လို့ သိရပါတယ်။

နောက်တော့ ဟာနန်ဒက်ဇ်တို့မိသားစု စတော့တ်တွန်မှာ အခြေချခဲ့ပါတယ်။ ဟာနန်ဒက်ဇ်က အသက် (၁၂) နှစ်ရောက်တဲ့အထိ အင်္ဂလိပ်စကားမပြောတတ်ပါဘူး။ ဒါပေမဲ့ သူဟာ သိပ္ပံ၊ နည်းပညာ၊ အင်ဂျင်နီယာ၊ သင်္ချာဘာသာရပ်တွေကို လေ့လာနိုင်ခဲ့တယ်။ “ကျွန်တော် သင်္ချာကို လိုက်စားခဲ့တယ်။ ဘယ်ဘာသာစကားမှာမဆို ၁ နဲ့ ၃ ပေါင်းရင် ၄ ဖြစ်လို့ပါပဲ” လို့ ဟာနန်ဒက်ဇ်က ပြောပါတယ်။ အသက် (၁၀)နှစ်မှာတော့ ဟာနန်ဒက်ဇ်က အာကာသယာဉ်မှူးဖြစ်ချင်တယ်လို့ သူ့အဖေကို ပြောခဲ့တယ်။ သူ့အဖေကလည်း အောင်မြင်ဖို့အတွက် အချက် (၅) ချက်ကို ပြောပြခဲ့တယ်။ ပထမတစ်ချက်က ရည်မှန်းချက်ထားပါ။ နောက်တစ်ခုက သင့်နဲ့ အဲဒီရည်မှန်းချက် ဘယ်လောက်ဝေးလဲဆိုတာ သိအောင်လုပ်ပါ။ တတိယတစ်ချက်က သင် ရှိနေတဲ့နေရာကနေ သင် သွားချင်တဲ့နေရာကို ရောက်ဖို့ သင်ကိုယ်တိုင် လမ်းကြောင်းဆွဲပါ။ ပြီးရင် ပညာတတ်အောင်လုပ်ပါ။ နောက်ဆုံးတစ်ခုကတော့ အလုပ်ကြိုးစားပါတဲ့။

ဒါပေမဲ့ ဟာနန်ဒက်ဇ် ဖြစ်ချင်တဲ့ရည်မှန်းချက်ပန်းတိုင်က ခက်ခဲခဲ့ပါတယ်။ သူဟာ နာဆာရဲ့အာကာသယာဉ်မှူးအဖြစ် လွယ်လွယ်နဲ့ဖြစ်မလာခဲ့ပါဘူး။ နာဆာက သူ့ကို ပယ်ချခဲ့တာ (၁) ကြိမ် (၂) ကြိမ်မကပါဘူး။ (၁၁) ကြိမ်ရှိပါတယ်။ (၁၂) ကြိမ်မြောက်မှာ ဟာနန်ဒက်ဇ်ကို နာဆာက လက်ခံခဲ့တာပါ။ ဟာနန်ဒက်ဇ်က မိုင်ပေါင်း (၅.၄) သန်း ရှိတဲ့ (၁၄) ရက်တာ အာကာသခရီးစဉ်အတောအတွင်း International Space Station မှာ အလုပ်လုပ်ခဲ့ပါတယ်။

ဟာနန်ဒက်ဇ်က ကမ္ဘာကြီးကို ၂၁၇ ကြိမ်လောက် ပတ်ခဲ့ရတဲ့ အာကာသယာဉ်မှူးဖြစ်ပေမဲ့ လူငယ်တွေကို သူတို့ရဲ့အိပ်မက်တွေနားလည်အောင် ပြောပြပေးမယ့် သူအဖြစ်ရှိနေပါတယ်လို့ ဆိုပါတယ်။ ဟာနန်ဒက်ဇ်က အိပ်မက်တွေဖြစ်လာဖို့ ကြိုးစားပါ၊ ဇွဲလုံ့လရှိပါ၊ မကြောက်ရွံ့ပါနဲ့တဲ့။
နောက်နှစ်ကျရင် Netflix ကလည်း ဟိုဆေး ဟာနန်ဒက်ဇ်ရဲ့ဘဝအကြောင်းနဲ့ အာကာသာခရီးစဉ်အကြောင်းတို့ကို ဇာတ်ကားအဖြစ် ရိုက်ကူးသွားမှာဖြစ်ပါတယ်။

Ref: ABC11 “Farmworker turned astronaut Jose Hernandez urges kids not to give up”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top