သူ့ရဲ့ ၅ နှစ်စီးပွားရေးစီမံကိန်း မအောင်မြင်ခဲ့ဘူးလို့ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန် ဝန်ခံ

7-1-2021-yyl14.jpg

သူ့ရဲ့ ၅ နှစ်စီးပွားရေးစီမံကိန်းက ကဏ္ဍအားလုံးနီးပါးမှာ လျာထားချက်နဲ့ မကိုက်ညီခဲ့ဘူးလို့ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်က ဝန်ခံခဲ့ပါတယ်။ ကင်ဂျုံအန်ဟာ ၂၀၁၆ ခုနှစ်က ကျင်းပခဲ့တဲ့ အလုပ်သမားပါတီရဲ့ ၇ ကြိမ်မြောက် ညီလာခံမှာ ၅ နှစ်စီးပွားရေးစီမံကိန်း ကြေညာခဲ့တာဖြစ်ပြီး စီမံကိန်းမအောင်မြင်ခဲ့ဘူးဆိုတာကို အာဏာရအလုပ်သမားပါတီရဲ့ ၈ ကြိမ်မြောက်ညီလာခံဖွင့်ပွဲအခမ်းအနား မိန့်ခွန်းမှာ ထည့်သွင်းပြောကြားခဲ့တာပါ။

ပါတီသမိုင်းတစ်လျှောက် ရှစ်ကြိမ်မြောက် ညီလာခံကို ဇန်နဝါရီလ ၅ ရက်က ပြုံယမ်းမြို့မှာ ကျင်းပခဲ့ပြီး ညီလာခံတက်ရောက်လာတဲ့ ပါတီကိုယ်စားလှယ်တွေ နှာခေါင်းစည်း တပ်ဆင်ခဲ့တာ မတွေ့ရပါဘူး။ မြောက်ကိုရီးယားနိုင်ငံဟာ ကိုဗစ်-၁၉ ကူးစက်ခံရသူမရှိဘူးလို့ ကြေညာထားပေမဲ့ အဲဒီကြေညာချက်ကို ကျန်းမာရေးဆိုင်ရာ ကျွမ်းကျင်ပညာရှင်တွေက သံသယရှိနေကြပါတယ်။


ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုကို တားဆီးနိုင်ဖို့ ပြီးခဲ့တဲ့နှစ် ဇန်နဝါရီလမှာ နယ်စပ်တွေကို ပိတ်ခဲ့ရတဲ့ မြောက်ကိုရီးယားနိုင်ငံဟာ အိမ်နီးချင်းမဟာမိတ်နိုင်ငံဖြစ်တဲ့ တရုတ်နိုင်ငံနဲ့ အဆက်အသွယ် ပြတ်တောက်ခဲ့ပြီး နှစ်နိုင်ငံကြား ကုန်သွယ်မှုပမာဏကလည်း ၇၆ ရာခိုင်နှုန်း ကျဆင်းခဲ့ပါတယ်။

နျူကလီးယားစီမံကိန်းကြောင့် နိုင်ငံတကာ အရေးယူပိတ်ဆို့မှုတွေ ကြုံတွေ့နေရတဲ့ မြောက်ကိုရီးယားနိုင်ငံဟာ တိုင်ဖွန်းမုန်တိုင်းနဲ့ ရေကြီးရေလျှံမှုတွေကြောင့် နေအိမ်တွေနဲ့ ကောက်ပဲသီးနှံတွေ ပျက်စီးဆုံးရှုံးခဲ့ပါတယ်။ ကင်ဂျုံအန်ဟာ အလုပ်သမားပါတီရဲ့ ညီလာခံမှာ သူ့ရဲ့ ၅ နှစ်စီမံကိန်းသစ်ကို ထပ်မံကြေညာဖွယ် ရှိတယ်လို့ နိုင်ငံရေးသုတေသီတွေက ခန့်မှန်းထားပါတယ်။

Ref: The Diplomat ” North Korea Party Congress Begins With Kim Jong Un’s Confession of Failure on the Economy “

Nz ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top