မြောက်ကိုရီးယားအရေးနဲ့ ပတ်သတ်ပြီး ဆွေးနွေးခဲ့ကြတဲ့ ဒေါ်နယ်ထရန့်နဲ့ ရှီကျင်ပင်း

DOHvKG_W4AAjxUp.jpg

အမေရိကန် သမ္မတ ဒေါ်နယ်ထရန့်ဟာ တရုတ်နိုင်ငံ ဘေဂျင်းမြို့တော် မှာ ကြီးကျယ်ခမ်းနားစွာ ကြိုဆိုခံခဲ့ရပြီး နောက်ပိုင်းမှာ တရုတ်ခေါင်းဆောင် ရှီကျင်ပင်းနဲ့ စကားပြောခဲ့ကြပါတယ်။

ထရန့်ဟာ သူ့အာရှ ခရီးစဉ်ရဲ့ အဓိက ရည်မှန်းချက်ဖြစ်တဲ့ တရုတ်နိုင်ငံဟာ မြောက်ကိုရီးယားရဲ့ နူကလီးယား လှုပ်ရှားမှုများကို ဘယ်လိုဇက်ကြိုးဆွဲ ထိန်းသိမ်းနိုင်မလဲ ဆိုတာကို အဓိကထား ဆွေးနွေးသွားမှာ ဖြစ်တယ် လို့သိရပါတယ်။

အမေရိကန်ဟာ ပြုံယမ်းရဲ့ အဓိက မဟာမိတ်ဖြစ်တဲ့ တရုတ်နိုင်ငံကို ပြုံယမ်းအပေါ်  ဒီထက်ပြင်းထန်တဲ့ ဖိအားမျိုး ပိုပေးစေချင်နေပေမဲ့ ဘေဂျင်းကတော့ ဒီလောက် ဆိုရင် လုံလောက်ပြီလို့ ယူဆထားတယ် လို့သိရပါတယ်။ ကမ္ဘာ့အကြီးဆုံး စီးပွားရေးနိုင်ငံ နှစ်နိုင်ငံ ရဲ့ခေါင်းဆောင်များဟာ သူတို့ရဲ့ သွင်းကုန်၊ ပို့ကုန် လိုငွေပြခြင်း ကိစ္စများကိုလည်း ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။

သူ့ရဲ့ ၅ နိုင်ငံ ခရီးစဉ်အစပိုင်းမှာ ထရန့်ဟာ မြောက်ကိုရီးယားရဲ့ နူကလီးယား အစီအစဉ်ကို ရပ်ဆိုင်းဖို့ တိုက်တွန်းခဲ့ပြီး အမေရိကန်နဲ့ မဟာမိတ်နိုင်ငံတွေအပေါ် နောက်ထပ် ရန်စမှုတွေ ပြုလုပ်လာမယ်ဆိုရင် ဖြစ်လာမယ့်အကျိုးဆက်တွေကို သတိပေးခဲ့ပြီး “ငါတို့ကို လာမစမ်းနဲ့ ”လို့ပြောဆိုခဲ့ပါတယ်။

တရုတ်နိုင်ငံအနေနဲ့ ပြုံယမ်းကို အဆက်အသွယ်ဖြတ်ပေးဖို့နဲ့ ပိုပြီးပြင်းထန်တဲ့ ဖိအားတွေပေးဖို့ ဒေါ်နယ်ထရန့်က ဆန္ဒရှိနေတယ်လို့ သိရပါတယ်။ တရုတ်နိုင်ငံကတော့ သူ့အနေနဲ့ သူတတ်နိုင်တဲ့ အရာမှန်သမျှ လုပ်ဆောင်နေပြီး ကုလသမဂ္ဂရဲ့ အရေးယူချက်များအားလုံးကို အပြည့်အဝ ဖိအားပေးနေတယ် လို့ဆိုပါတယ်။

အမေရိကန်သမ္မတ ထရန့်ဟာ ဒီနေ့၊ ကြာသာပတေးနေ့မှာ ကျင်းပသွားမယ့် နိုင်ငံတော် ညစာစားပွဲမှာ စီးပွားရေး လုပ်ငန်းရှင်များနဲ့လည်း တွေ့ဆုံသွားမှာ ဖြစ်ပါတယ်။ ထရန့်ဟာ ဘေဂျင်းကို ဗုဒ္ဓဟူးနေ့က ရောက်ရှိလာခဲ့တာ ဖြစ်ပြီး တရုတ်နိုင်ငံလည်း သမ္မတ ထရန့်ကို နိုင်ငံတော်အဆင့် ဧည့်သည် တစ်ယောက် အဖြစ် ကြီးကျယ်ခမ်းနားစွာ ကြိုဆိုခဲ့ကြပါတယ်။

တရုတ်ရဲ့ ကြိုဆိုမှု အခမ်းအနားကို ထရန့်သဘောကျနှစ်သက်ကြောင်း သူ့ရဲ့ Tweet တွေက သက်သေပြနေပါတယ်။

သမ္မတရှီနဲ့ ကျွန်တော်တို့ အဖွဲ့တွေ တစ်ရက်တာလုံး တွေ့ဆုံမယ့်အစီအစဉ်ကို ကျွန်တော် စောင့်ကြိုနေပါတယ်။ အခုလို ခမ်းနားစွာ ကြိုဆိုခဲ့တဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်။ ကျွန်တော်နဲ့ မီလာနီယာတို့အတွက် ဘယ်တော့မှ မေ့နိုင်မှ မဟုတ်တဲ့ အမှတ်တရတွေပါပဲ ”လို့ ထရန့်က Twitter မှာ တင်ခဲ့တာ ဖြစ်ပါတယ်။

တရုတ်နိုင်ငံမှာ Twitter အသုံးပြုခြင်းကို တားမြစ်ထားပေမဲ့ သမ္မတထရန့်ကတော့ တရုတ်နိုင်ငံကို ရောက်ကတည်းက အနည်းဆုံး ၄ ကြိမ်လောက် Tweek ခဲ့ပါတယ်။ သမ္မတ ထရန့်ဟာ သူ့ရဲ့ အာရှ ၅ နိုင်ငံခရီးစဉ်အဖြစ် တရုတ်နိုင်ငံသို့ ရောက်ရှိနေတာ ဖြစ်ပြီး ဂျပန်နဲ့ တောင်ကိုရီးယား နိုင်ငံတို့ကို ဝင်ရောက်ခဲ့ပြီးဖြစ်ကာ ဗီယက်နမ်နဲ့ ဖိလစ်ပိုင်တို့ကို လည်ပတ်ဖို့ ကျန်နေသေးတယ် လို့သိရပါတယ်။

Ref : BBC News : Trump and Xi begin talks after lavish welcome in China

လူမို (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top