နှလုံးရောဂါ ကာကွယ်နိုင်သော လေ့ကျင့်ခန်းများ

hellolarge.jpg

နှလုံးရောဂါသည် ပြင်းထန်သောရောဂါတစ်ခုဖြစ်ပြီး သင့်လျော်သော စားသောက်နေထိုင်မှု ပုံစံမရှိပါက မည်သူမဆို ရောဂါဖြစ်နိုင်သည့် အန္တရာယ်ရှိသည်။

နှလုံးနှင့် သွေးကြောဆိုင်ရာ ရောဂါများကို ဖြစ်စေသည့်အကြောင်းရင်းများမှ တစ်ခုမှာ လှုပ်ရှားမှုနည်းသည့် နေထိုင်မှုပုံစံဖြစ်သည်။ ထို့ကြောင့် ဤရောဂါကို ကာကွယ်သည့် ရိုးရှင်းသောနည်းလမ်းတစ်ခုအဖြစ် လေ့ကျင့်ခန်းလုပ်သင့်သည်။

လမ်းသွက်သွက်လျှောက်ခြင်း

လမ်းလျှောက်ခြင်းသည် အလွန်ကောင်းသောလေ့ကျင့်ခန်းတစ်ခုဖြစ်ပြီး ဖြည်းဖြည်းချင်း လေ့ကျင့်ယူပါက အင်အားစိုက်ထုတ်ရန် မလိုသောကြောင့် နှလုံးနှင့် သွေးကြောဝေဒနာရှင်များအတွက်လည်း သင့်တော်သည်။ နံနက်စောစောလမ်းလျှောက်ခြင်း (သို့) လမ်းသွက်သွက်လျှောက်ခြင်းသည် နှလုံးခုန်နှုန်းကို မြန်စေပြီး မကြာခဏပြုလုပ်ပါက ရုတ်တရက်နှလုံးထိခိုက်မှုအန္တရာယ်ကို လျော့ချနိုင်သည်။ ဤလှုပ်ရှားမှုသည် ခန္ဓာကိုယ်တွင်း မကောင်းသည့်အဆီများကို ကျစေပြီး ကောင်းသည့်အဆီများကို တက်စေသည်။ သွေးပေါင်ကျစေပြီး ကိုယ်အလေးချိန်လည်း ကျကာ စိတ်ခံစားမှုကိုလည်း ကောင်းစေသည်။ သင်သည် အိမ်တွင်လမ်းလျှောက်စက်ဖြင့် လျှောက်နိုင်သလို လမ်းမပေါ်တွင်လည်း လျှောက်နိုင်သည်။ လမ်းလျှောက်စဉ်တွင် ချွေးအလွန်ထွက်သည် မောပန်းသည်ဟု ထင်ပါက ခြေလက်များကွေး၍ ဆန့်၍ကောင်းသော အဝတ်အစားများကိုဝတ်ပါ။ မိမိအတွက် သက်တောင့်သက်သာရှိမည့် ဖိနပ်ကိုစီးပါ။ ပုံမှန်လေ့ကျင့်ခန်းလုပ်သည့်နှုန်းအတိုင်း တစ်ရက်လျှင် မိနစ် ၃ဝ မှ မိနစ် ၆ဝအတွင်း ထိန်းထားနိုင်လျှင် အထိရောက်ဆုံးဖြစ်သည်။

ပြေးခြင်း

ပြေးခြင်းသည် လမ်းလျှောက်ခြင်းထက် စွမ်းအင်ပိုအသုံးချရသော်လည်း နှလုံးရောဂါရှင်များအတွက် အကောင်းဆုံးလေ့ကျင့်ခန်းဖြစ်သည်။သင်၏ခန္ဓာကိုယ်ကို ကူညီပေးသည့်အပြင် ခံနိုင်ရည်ကိုလည်း တက်စေသည်။ သင်၏နှလုံးနှင့်သွေးကြောများတစ်ဝိုက်ရှိ အဆီများကိုလည်း ကျစေသည်။ ဤလေ့ကျင့်ခန်းသည် အင်မတန်ရိုးရှင်းသည်။ သင့်ခန္ဓာကိုယ်၏ ကျန်းမာရေးကို တည်ဆောက်ရန်လေ့ကျင့်ခန်းလုပ်မည့် ပြင်းအားနှင့် အချိန်ကို သင်ကိုယ်တိုင် ထိန်းညှိနိုင်သည်။ ပြေးသည့်အခါ ပြေးသည့်ခြေလှမ်းတိုင်းတွင် ခန္ဓာကိုယ်တစ်ခုလုံးလှုပ်ရှားနေပြီး နှလုံးကလည်း အလုပ်ပိုလုပ်ကာ ခံနိုင်ရည်ပိုရှိလာသည်။ တစ်ချိန်တည်းမှာပင် ကြွက်သား၊ အရိုးနှင့် အဆစ်များ၏ လှုပ်ရှားမှုကြောင့် ကယ်လိုရီများလောင်ကျွမ်းကာ ကျန်းမာသောကိုယ်အလေးချိန်ကို ထိန်းသိမ်းနိုင်ရန် ကူညီပေးသည်။ သင်သည် အခုမှလေ့ကျင့်ခန်းစလုပ်မည်ဆိုလျှင် ၅ မိနစ် လမ်းသွက်သွက်လျှောက်ခြင်းဖြင့်စပြီး လမ်းလျှောက်ရာမှပြေးလျှင် ယခင်ထက် ၁ မိနစ်-၂ မိနစ် ပိုပြေးပါ။ ထို့နောက် ပြေးချိန်ကို တဖြည်းဖြည်းတိုးလာပြီး လမ်းလျှောက်ချိန်မထားတော့ဘဲ ဆက်တိုက်ပြေးပါ။

စက်ဘီးစီးခြင်း

စက်ဘီးစီးခြင်းသည် နှလုံး၊ သွေးကြောများနှင့် အဆုတ်ကျန်းမာရေးအတွက် စိတ်ဝင်စားစရာကောင်းသော လေ့ကျင့်ခန်းတစ်ခုဖြစ်ပါသည်။ လေဖြတ်ခြင်းနှင့် ရုတ်တရတ်နှလုံးထိခိုက်ခြင်းအန္တရာယ်များကိုလည်း လျော့ကျစေပါသည်။ တစ်ပတ်လျှင်၃၂ ကီလိုမီတာ စက်ဘီးစီးခြင်းဖြင့် နှလုံးရောဂါဖြစ်နိုင်ချေကို ၅ဝရာခိုင်နှုန်း လျှော့ချနိုင်သည်ဟု သုတေသနများတွင် ဖော်ပြထားသည်။ စက်ဘီးစီးစဉ်တွင် ခန္ဓာကိုယ်တစ်ခုလုံးက အလုပ်လုပ်ရသည်။ အထူးသဖြင့် ခြေထောက်များက အလုပ်လုပ်ရပြီး ကယ်လိုရီပေါင်းများစွာကို လောင်ကျွမ်းစေသည်။ သင့်တော်သော ကိုယ်အလေးချိန်ရှိရန်နှ င့်နှလုံးကျန်းမာရေးကို ကာကွယ်ရန် နေ့စဉ် မိနစ် ၃ဝ ခန့် အသုံးပြု၍ ဤလေ့ကျင့်ခန်းကို လုပ်ပါ။ ၎င်းသည် အသက်အရွယ်အားလုံးအတွက် သင့်တော်ပါသည်။

ရေကူးခြင်း

ရေကူးခြင်းသည်လည်း နှလုံးနှင့်သွေးကြောရောဂါများအတွက် အလွန်ကောင်းသော ရွေးချယ်မှုဖြစ်သည် ။ ရေကူးစဉ်တွင် ခန္ဓာကိုယ်တစ်ခုလုံးသည် လှုပ်ရှားနေပြီး သွေးကြောများကိုနှိပ်နယ်ပေးသကဲ့သို့ ဖြစ်၍ သွေးလှည့်ပတ်မှုကိုကောင်းမွန်စေကာ နှလုံးနှင့်သွေးကြောရောဂါများကို ကာကွယ်၊ ကုသပေးနိုင်သည်။ ရေကူးခြင်းသည် စိတ်ဖိစီးမှုကို လျော့ကျစေပြီး သွေးဖိအား၊ နှလုံးခုန်နှုန်းနှင့် အသက်ရှုခြင်းကို ပုံမှန်ဖြစ်အောင်ထိန်းထားနိုင်ပြီး သွေးလှည့်ပတ်မှုကို ကောင်းစေသည်။ ရေအောက်တွင် လဲလျောင်းသည့်ပုံစံဖြင့်နေခြင်းသည် ခြေထောက်မှ သွေးများကို နှလုံးစီရောက်စေပြီး ဦးနှောက်ကိုလည်း လေဖြတ်ခြင်းမှ ကာကွယ်ပေးသည်။ ရေနွေးထဲတွင် ရေကူးခြင်းက ရေအေးတွင်ရေးကူးခြင်းထက် ပိုကောင်းသည်။ ရေထဲမဆင်းမီ အထူးသတိထားရမည့် အချက်များမှာ ဒိုင်ဗင်ထိုးခြင်း၊ ရေကူးပြိုင်ခြင်းတို့သည် အမောဖောက်နိုင်သည့်အန္တရာယ်ရှိသဖြင့် နှလုံးရောဂါရှင်များ မပြုလုပ်သင့်ပါ။

ကျန်းမာရေးကို အထောက်အကူပြုရန်အတွက် အားကစားများပြုလုပ်ရာတွင် ပြုလုပ်သည်ဆိုရုံမဟုတ်ဘဲ သင့်လျော်သောပမာဏတစ်ခုထိ ပြုလုပ်ပါက နှလုံးနှင့်သွေးကြောရောဂါရှင်များတွက် အလွန်အကျိုးရှိပါသည်။ သို့သော်နှ လုံးရောဂါရှင်များသည် အသေခံတိုက်ခိုက်ရေးသမားစိတ်ဓာတ်မျိုးနှင့် အားကစားလုပ်ခြင်းကိုတော့ ရှောင်ကြဉ်ရပါမည်။ အင်အားအလွန်အကျွံသုံးပါက အန္တရာယ်ရှိသောကြောင့်ဖြစ်သည်။ နှလုံးအတွက် အကောင်းဆုံးမှာ ပြင်းအားအသင့်အတင့်မှ အနည်းငယ်ခပ်ပြင်းပြင်း (အပြင်းအထန်မဟုတ်) သို့ ဖြည်းဖြည်းချင်းလေ့ကျင့်ယူခြင်းဖြစ်သည်။
နေ့စဉ် မိနစ် ၃ဝ မှ မိနစ် ၆ဝ ခန့် လေ့ကျင့်ခန်းပြုလုပ်ခြင်းသည် နှလုံးသွေးကြောရောဂါများကို ကာကွယ်နိုင်ရန် ကူညီပေးလိမ့်မည်။ ထို့ပြင် ကျန်းမာ၍ အာဟာရပြည့်ဝသော အစားအစာများနှင့် နေထိုင်မှုပုံစံတို့ကိုပါ ၎င်းနှင့်တွဲ၍ လုပ်ဆောင်သင့်ပါသည်

ရေးသားသူ Dr. Sandar Lin
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. K Zin Thwe
[ ဤဆောင်းပါးကို ရိုးရာလေး ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။ ]

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top