သားကို ပိုက်ဆံ ၃၀၀၀လောက်ချေးပါ အဖေ

family-fishing-PN8SNZD.jpg

တစ်နေ့ အဖေဖြစ်တဲ့သူ တီဗီကြည့်နေချိန်မှာ သားဖြစ်သူရောက်လာပြီး “အဖေ့ကို ကျွန်တော်မေးခွန်းတစ်ခုမေးပါရစေနော်”လို့ ခွင့်တောင်းတော့ အဖေဖြစ်သူက “ပြောလေသားရဲ့” လို့ မေးလိုက်ပါတယ်။

“အဖေ အလုပ်လုပ်တာ တစ်နေ့ကို ဘယ်လောက်ရလဲဟင်။ သားသိချင်လို့ပါ”

“တစ်နေ့ကို ၅၀ဝဝရတယ် သား… သားကဘာလို့သိချင်ရတာလဲ”

“အဲ့တာဆိုရင် သားကို ပိုက်ဆံ၃၀၀၀လောက် ချေးပါလားအဖေ”

“ဘာလဲသား မင်းအရုပ်တွေ ကစားစရာပစ္စည်းတွေ ဝယ်မလို့မလား။ အဖေ ပြီးခဲ့တဲ့ရက်က တစ်ခါဝယ်ပေးထားပြီးပြီလေ။ ဒီစကားကို ဒီမှာရပ်ပြီး အခန်းထဲပြန်ျ အိပ်တော့” လို့ အဖေဖြစ်သူက ဒေါသတကြီး ပြန်ပြောလိုက်ပါတယ်။

သားဖြစ်တဲ့သူကလည်း တိတ်တဆိတ် သူ့အခန်းလေးထဲကို ပြန်လာခဲ့ပါတယ်။

အဖေဖြစ်သူက သူ့သား ဒီလို တစ်ခါမှမမေးဖူးပါဘူး။ ဘာလို့များမေးရတာလဲဆိုပြီး အဖြေထုတ်နေလေရဲ့။ အချိန်အတော်ကြာစဉ်းစားပြီးတဲ့နောက် သားဖြစ်သူက တစ်ခုခုကြောင့် ဒီလိုပြောတာဖြစ်မယ်လို့တွေးပြီး သားဖြစ်သူရဲ့ အခန်းထဲကို လိုက်ဝင်သွားပါတယ်။

“သားအိပ်နေပြီလား”

“မအိပ်သေးပါဘူး အဖေ”

“သားပြောခဲ့တဲ့စကားကို အဖေစောစောက ဒေါသနည်းနည်း ထွက်သွားမိတယ်။ ဒီမှာ သားလိုချင်တဲ့ ပိုက်ဆံ၃၀၀၀…အဖေ သားကိုပေးပါ့မယ်။ ဒီပိုက်ဆံကို ဘယ်နေရာမှာ သုံးမှာလဲဆိုတာတော့ အဖေသိချင်တယ်။ အဖေ့ကိုပြောပါ”

“ကျေးဇူးတင်ပါတယ်ဖေဖေ” ဆိုပြီး သားဖြစ်သူက သူ့ခေါင်းအုံးအောက်မှာ သိမ်းထားတဲ့ ပိုက်ဆံတွေကို ထုတ်ယူလိုက်ပြီး ရေတွက်ကြည့်လိုက်တာ စုစုပေါင်း၂၀ဝဝတိတိ ရှိနေပါတယ်။

အဖေဖြစ်သူလည်း အံဩသွားပြီး “သားမှာပိုက်ဆံတွေအများကြီးရှိပြီးသားပဲလေ ဘာလို့အဖေ့ဆီကထပ်လိုချင်တာလဲ”

“ဒီပိုက်ဆံတွေက သား နေ့တိုင်းမုန့်ဖိုးတွေကို မုန့်မစားဘဲ စုထားတာပါ။ သားပိုက်ဆံမလောက်လို့ အဖေ့ဆီက ချေးတာပါ”

အဖေဖြစ်တဲ့သူ ထပ်အံဩသွားပြီး “အဲ့ဒီလောက် ငါ့သားလိုချင်နေတာ ဘာများလဲ” လို့ မေးလိုက်ပါတယ်။

“အဖေ အခု သားမှာ ပိုက်ဆံ ၅၀၀၀ပြည့်သွားပါပြီ။ အဖေ ဒါကို ယူပြီး အဖေ့ရဲ့ တစ်ရက်တာအချိန်ကို သားကိုရောင်းပါ။ သားဝယ်ချင်တယ်။ အဖေနဲ့ မနက်စာတူတူစားမယ်။ ရုပ်ရှင်လည်း မကြည့်ရတာကြာပြီ။ ရေခဲမုန့်လည်း စားချင်တယ်ဖေဖေ။ ကစားကွင်းတွေလျှောက်သွားပြီး ညစာစားပြီးမှပြန်ကြမယ်လေ။ အဖေလက်ခံပေးပါနော်”လို့ ကောင်လေးကဆိုပါတယ်။

အဖေဖြစ်သူရဲ့မျက်လုံးအိမ်ထဲမှာ မျက်ရည်တွေ စို့လာပြီး “ဪ……သားရယ်”လို့ ပြောပြီး သားဖြစ်တဲ့သူကို ထွေးပိုက်ထားလိုက်ပါတယ်။

မိဘတွေဟာ သားသမီးတွေ လိုအပ်သမျှ အလုံးစုံ ဖြည့်ဆည်းပေးထားတယ်ဆိုပေမဲ့ အချိန်ပေးဖို့ကိုတော့ မေ့လျော့နေတတ်ကြပါတယ်။ သားသမီးရဲ့အပြုအမူ ၊အပြောအဆို၊ အနေအထိုင်တို့ဟာ မိဘရဲ့ အုပ်ထိန်းလမ်းညွှန်မှုအပေါ်များစွာ မူတည်ပါတယ်။ ဒါကြောင့် ဒီစာစုလေးဖတ်ပြီးရင် သားသမီးအတွက် ပျော်စရာအချိန်လေးတစ်ခုလောက် ဖန်တီးပေးလိုက်ပါဦးနော်။

Paradise(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top