မြန်မာ့ရိုးရာ ထိမ်းမြား လက်ထပ်ခြင်း မင်္ဂလာ

24-6-2020-yyl-023.jpg

အခုတစ်ခါမှာ မြန်မာ့ရိုးရာအတိုင်း ထိမ်းမြားလက်ထပ်မယ်ဆိုရင် ဘယ်လိုမျိုး အင်္ဂါရပ်တွေရှိတယ် ဘယ်လိုသဘောတရားတွေရှိတယ်ဆိုတာ ရိုးရာလေးပရိသတ်တွေ ဗဟုသုတရရှိစေဖို့ တင်ပြပေးချင်ပါတယ်။ မြန်မာ့ရိုးရာအရ ထိမ်းမြားလက်ထပ်ခြင်းအင်္ဂါရပ် ၁ဝပါး ရှိပါတယ်။ အဲဒီ ၁ဝပါးကတော့ အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။

၁။ ဦးခေါင်းထိပ်မှာ ရေစင်သွန်းလောင်းပြီး ထိမ်းမြားလက်ထပ်ခြင်း

ဘိသိက်ဆရာတစ်ဦးဦးက လက်ယာရစ်ခရုသင်းတစ်ခုထဲကို ဒါမှမဟုတ် ဖလားသန့်သန့်လေးတစ်ခုခုထဲကို နဝရတ်ကိုးသွယ်နဲ့ နံ့သာငါးမျိုးတို့ရောစပ်ထားတဲ့ အရည်ကို ထည့်ရပါမယ်။ ပြီးရင် သပြေခက်ကို အဲ့ဒီအရည်ထဲ ထိုးထားရပါတယ်။ အဲ့ဒါကို မင်္ဂလာဆောင်နှင်းမယ့် သတို့သားနဲ့ သတို့သမီးရဲ့ ဦးခေါင်းထိပ်ကို သွန်းလောင်းလက်ထပ်ပေးခြင်းကို ဆိုလိုပါတယ်။

၂။ ရေဖလားအတွင်း လက်စုံချပြီး ထိမ်းမြားလက်ထပ်ခြင်း

ရွှေဖလား ဒါမှမဟုတ် ငွေဖလားသန့်သန့်တစ်ခုထဲကို ရေထည့်ပြီး သတို့သားနဲ့သတို့သမီးရဲ့လက်ယာလက်ကို ဖလားထဲ ချစေပြီး လက်ထပ်ပေးခြင်းကို ဆိုလိုပါတယ်။

၃။ ပန်းကုံးစွပ် ထိမ်းမြားလက်ထပ်ခြင်း

သတို့သားနဲ့ သတို့သမီးတို့ကို ပန်းကုံးတစ်ခုစီကိုယ်စီကိုင်ထားစေပြီး အပြန်အလှန် ပန်းကုံးစွပ်ခိုင်းကာ လက်ထပ်ပေးခြင်းကို ဆိုလိုပါတယ်။ အခုခေတ်မှာ တော်တော်များများ ဒီနည်းလမ်းနဲ့ ထိမ်းမြားလက်ထပ်ကြပါတယ်။

၄။ စုလျားရစ်ပတ် ထိမ်းမြားလက်ထပ်ခြင်း

ဒီအခေါ်အဝေါ်လေးကတော့ ပရိသတ်တွေကြားဖူးနေကျ စကားလုံးလေး ဖြစ်မယ်ထင်ပါတယ်။ စုလျားရစ်ပတ်လက်ထပ်ခြင်းဆိုတာ ပဝါရှည်တစ်ထည်ကို မင်္ဂလာဆောင်မယ့် မောင်နှံနှစ်ဦးကို ရစ်ပတ်လက်ထပ်ပေးတာဖြစ်ပါတယ်။

၅။ ဒါလီဖွဲ့ ထိမ်းမြားလက်ထပ်ခြင်း

ဒါကတော့ ရွှေကြိုးတစ်ကုံးကို ကွင်းပြီးတော့ သတို့သားနဲ့ သတို့သမီးကိုစွပ်ပေးကာ လက်ထပ်ပေးခြင်းကို ဒါလီဖွဲ့ထိမ်းမြားပေးခြင်းလို့ ခေါ်ပါတယ်။

၆။ လက်ဖဝါးထပ် ထိမ်းမြားလက်ထပ်ခြင်း

သတို့သမီးဖြစ်သူရဲ့လက်ဖဝါးကို ဖြန့်စေပြီးတော့ သတို့သားရဲ့လက်ယာဖက်လက်ဖဝါးကို အပေါ်ကတင်စေပြီး လက်ထပ်ပေးတာကို ဆိုလိုပါတယ်။

၇။ အဝတ်လဲ၍ ထိမ်းမြားလက်ထပ်ခြင်း

ကြားရတာ နည်းနည်းတော့ ဆန်းနေမယ်မလား။ သတို့သားက သတို့သမီးရဲ့ အိမ်ကိုရောက်တဲ့အခါမှာ သတို့သမီးရဲ့ မိဘတွေမျိုးများက ကြိုတင်ဝယ်ပေးထားတဲ့ အဝတ်ပုဆိုးတို့ကို သတို့သားက လဲလှယ်ဝတ်ဆင်ပေးရပါတယ်။ ဒါကို အဝတ်လဲ၍ ထိမ်းမြားလက်ထပ်ခြင်းလို့ ခေါ်ပါတယ်။

၈။ လက်စွပ်လဲ၍ ထိမ်းမြားလက်ထပ်ခြင်း

ဒါကတော့ သိကြမယ်ထင်ပါတယ်။ အခုခေတ်မှာ တော်တော်များများ လုပ်နေကြတဲ့ ပုံစံမျိုးလေးပါ။ မောင်နှံနှစ်ဦး အချင်းချင်း လက်စွပ်လဲလှယ်ဝတ်ဆင်ကြစေပြီး ထိမ်းမြားပေးခြင်းကို ဆိုလိုပါတယ်။

၉။ လက်ဆုံစားပြီး ထိမ်းမြားလက်ထပ်ခြင်း

အစားအသောက်တစ်မျိုးထဲကို မင်္ဂလာမောင်နှံကို အတူတကွ လက်ဆုံစားစေပြီး လက်ထပ်ပေးခြင်းကို ဆိုလိုပါတယ်။

၁၀။ ပုဆိုးတန်းတင် ထိမ်းမြားလက်ထပ်ခြင်း

ဒါကလည်း တော်တော်များများကြားဖူးကြမှာပါ။ ပုဆိုးတန်းတင်အကြင်လင်မယား အရာမြောက်တယ်ဆိုတာလေ။ သတို့သမီးဖြစ်သူရဲ့ အိပ်ခန်းအတွင်းမှာရှိတဲ့ အဝတ်ကြိုးတန်းပေါ်ကို သတို့သားဖြစ်သူရဲ့ ခါးဝတ်ပုဆိုးကို လှန်းတင်စေပြီး ထိမ်းမြားလက်ထပ်ခြင်းကို ဆိုလိုပါတယ်။

Sophia (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top