အာဖရိကတိုက်ရဲ့လွတ်လပ်ရေးသူရဲကောင်း ရောဘတ်မူဂါဘီ ကွယ်လွန်

africaherodie.jpg

ဇင်ဘာဘွေသမ္မတဟောင်း ရောဘတ်မူဂါဘီဟာ စင်ကာပူနိုင်ငံမှာ ဆေးကုသနေရင်း ကွယ်လွန်သွားခဲ့တယ်လို့ ဇင်ဘာဘွေသမ္မတ အမ်နန်ဂါဝါက သူ့ရဲ့တွစ်တာစာမျက်နှာမှာ ရေးသားဖော်ပြခဲ့ပါတယ်။

အသက် ၉၅ နှစ်အရွယ်ရှိတဲ့ မူဂါဘီကို စင်ကာပူမှာ ဆေးရုံတင်ထားရပြီး သူ့အနေနဲ့ လမ်းတောင်မလျှောက်နိုင်တော့ဘူးလို့ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလမှာ အမ်နန်ဂါဝါက ပြောခဲ့ဖူးပါတယ်။ ဒါပေမဲ့ ဘယ်ရောဂါအတွက် ကုသမှု ခံယူနေတာလဲဆိုတာတော့ ထုတ်မပြောခဲ့ပါဘူး။ မူဂါဘီမှာ ဆီးကျိတ်ကင်ဆာရှိနေတယ်ဆိုတဲ့ သတင်းတွေကို ဇင်ဘာဘွေနိုင်ငံ အရာရှိတွေက မကြာခဏ ငြင်းဆန်ခဲ့ပြီး မျက်စိတိမ်စွဲလို့ ကုနေတာပါလို့ ဆိုခဲ့ဖူးပါတယ်။

မူဂါဘီဟာ ၁၉၈၀ ပြည့်နှစ်မှာ ဗြိတိန်နိုင်ငံထံကနေ လွတ်လပ်ရေးရပြီးနောက်ပိုင်း ဇင်ဘာဘွေနိုင်ငံကို ဆယ်စုနှစ်လေးခုနီးပါး အုပ်ချုပ်ခဲ့သူပါ။ လူဖြူတွေရဲ့ အုပ်ချုပ်မှုအောက်မှာ ရာစုနှစ်တစ်ခုနီးပါး နေထိုင်ခဲ့ရလို့ စိတ်ဝမ်းကွဲပြားမှုတွေရှိခဲ့တဲ့ ဇင်ဘာဘွေနိုင်ငံကို သမ္မတအဖြစ် စတင်တာဝန်ယူချိန်မှာ မူဂါဘီကို အာဖရိကတိုက်ရဲ့ လွတ်လပ်ရေးသူရဲကောင်းတစ်ဦး၊ လူမျိုးရေးရင်ကြားစေ့အောင်စွမ်းဆောင်ပေးနိုင်သူတစ်ဦးအဖြစ် ဂုဏ်ပြုခဲ့ကြပါတယ်။

ဒါပေမဲ့ နောက်ပိုင်းမှာတော့ သူ့ကို ဖိနှိပ်သူအာဏာရှင်တစ်ယောက်လို ရှုမြင်သဘောထားလာခဲ့ကြပြီး ၂၀၁၇ ခုနှစ် နိုဝင်ဘာလမှာတော့ စစ်တပ်က သူ့ကို ရာထူးကနေ ဖယ်ရှားခဲ့ပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top