Loch Ness ရေကန်ထဲကသတ္တဝါကြီးအကြောင်းကို ဖော်ထုတ်ပြောပြလိုက်တဲ့မျိုးရိုးဗီဇပညာရှင်

yyl69018.jpg

စကော့တလန်နိုင်ငံ၊ Loch Ness ရေချိုကန်ကြီးထဲက လည်ပင်းရှည်ရှည်နဲ့သတ္တဝါကြီးအကြောင်းကို လူအတော်များများကြားဖူးထားကြမယ်ထင်ပါတယ်။ ဒီအကြောင်းကိုရိုက်ထားတဲ့ ရုပ်ရှင်ကားတစ်ကားတောင်ရှိပါသေးတယ်။ အခု အဲဒီအကြောင်းကို လပေါင်းများစွာလေ့လာမှုပြုနေခဲ့တဲ့ မျိုးရိုးဗီဇပညာရှင်တစ်ဦးက ဒီ Loch Ness monster သတ္တဝါကြီးဆိုတာ တကယ်ရှိနေတာမှန်ပေမဲ့ လူတွေထင်နေကြသလို ရှေးခေတ်ဒိုင်နိုဆောတစ်ကောင်တော့မဟုတ်ဘူး လို့ ပြောလိုက်ပါတယ်။

ပြီးခဲ့တဲ့ကြာသပတေးနေ့မှာ နယူးဇီလန်နိုင်ငံ၊ အိုတာဂိုတက္ကသိုလ်က မျိုးရိုးဗီဇပညာရှင် နေးလ် ဂျမ်မဲလ် (Neil Gemmell) က လူတွေက တွေ့မြင်ခဲ့ဖူးတယ်လို့ဆိုထားကြတဲ့ Loch Ness ရေကန်ထဲက လည်ပင်းရှည်ရှည်သတ္တဝါကြီးအကြောင်းကို သတင်းစာရှင်းလင်းပွဲတစ်ခုမှာရှင်းလင်းချက်ထုတ်ပြန်ခဲ့တာဖြစ်ပြီး ဒိုင်နိုဆောတစ်ကောင်မဟုတ်တာ လုံးဝသေချာကြောင်းကိုလည်း ဖြည့်စွက်ပြောခဲ့တာပါ။

“ကျွန်တော်တို့ရဲ့ လေ့လာခဲ့မှုတွေအရတော့ ဒီအင်န်အေအချက်အလက်အစီအစဉ်တွေနဲ့ တိုက်ဆိုင်စစ်ဆေးနိုင်တဲ့သဲလွန်စတစ်ခုကိုမှ မတွေ့ခဲ့ရပါဘူး။ ဒါကြောင့် Plesiosaur တစ်ကောင်လို့ပြောတာက ဖြစ်နိုင်ချေမရှိဘူးပဲထင်ပါတယ်” လို့ သူကဆိုခဲ့တာပါ။


သူက ဆက်လက်ပြီး “ငါးရှဉ့်ရဲ့ဒီအင်န်အေတွေကိုတော့ ရေကန်ထဲမှာ အတော်များများတွေ့ရတယ်။ ဘယ်နေရာမှာ စမ်းသပ်မှုလုပ်လုပ် ငါးရှဉ့်ဒီအင်န်တွေပဲ ရတယ်ဆိုတော့ ဒီရေကန်ထဲမှာအရမ်းကြီးတဲ့ငါးရှဉ့်တွေရှိနေတာလား။ ကျွန်တော်တို့ရလာတဲ့အချက်အလက်တွေက သူတို့ရဲ့အရွယ်အစားကို မပြနေပေမဲ့ အချက်အလက်ပမာဏကအများကြီးရှိနေလို့ ဧရာမငါးရှဉ့်ကြီးတွေဖြစ်နေနိုင်ချေရှိတယ်ဆိုတာကိုလည်း လျှော့တွေးလို့မရပြန်ပါဘူး။ အဲဒါကြောင့်ပဲ လူတွေမြင်ဖူးခဲ့ကြတဲ့၊ Loch Ness Monster လို့ ယုံကြည်နေကြတဲ့ ဒီသတ္တဝါကို ဧရာမငါးရှဉ့်တစ်ကောင်ဖြစ်နိုင်တယ်လို့ တွက်ဆတာပါ” လို့ ရှင်းပြခဲ့ပါတယ်။

ဥရောပငါးရှဉ့်မျိုးစိတ်တွေဟာ အင်းဆက်သားလောင်းတွေ၊ ခရုတွေ၊ တီကောင်တွေနဲ့ကမာကောင်တွေကို စားသောက်ကြပြီး (၅) ပေအရွယ်အစားထိကြီးထွားနိုင်ကြပါတယ်။ ကုန်းမြေပေါ်၊ တမံနဲ့ ဆည်တွေမှာတွေ့ရလေ့ရှိပြီး ရေခဲမှတ်အပူချိန်နီးပါးအခြေအနေမျိုးမှာတောင် ရှင်သန်နိုင်တဲ့သတ္တဝါတွေဖြစ်တယ်လို့ ဂျမ်မဲလ်က ရှာဖွေတွေ့ရှိထားပါတယ်။

မူလက ဂျမ်မဲလ်ရဲ့သုတေသနရည်ရွယ်ချက်ဟာ ရေကန်ထဲမှာရှိနေတဲ့ အပင်နဲ့သတ္တဝါအမျိုးအမည်တွေကိုစူးစမ်းဖို့သာဖြစ်ပြီး ဒီလိုဒဏ္ဍာရီဆန်ဆန်သတ္တဝါကို ရှာဖွေဖို့မဟုတ်ခဲ့ပါဘူး။ ဒါပေမဲ့ ဂျမ်မဲလ်က လူတွေ အတော်လေးစိတ်ဝင်တစားရှိနေကြတဲ့ ဒဏ္ဍာရီဆန်ဆန်သတ္တဝါကြီးအကြောင်းကိုပါ လေ့လာဖြစ်ခဲ့တယ်လို့ ဂျမ်မဲလ် ဖွင့်ဟခဲ့ပါတယ်။

Loch Ness ရေကန်ကြီးထဲမှာ ထူးဆန်းတဲ့သတ္တဝါကြီးရှိနေတယ် ဆိုတဲ့ဇာတ်လမ်းက စကော့တလန်ရဲ့ရှေးအကျဆုံးယုံတမ်းတွေထဲကတစ်ခုဖြစ်ပြီး (၆) ရာစုကတည်းကရှိခဲ့တာပါ။ ၁၉ ရာစုနဲ့ ၂၀ ရာစု အကြားမှာ တဖြည်းဖြည်းလူပြောပိုများလာခဲ့ပြီး အထူးသဖြင့် ၁၉၃၄ က “surgeon’s photograph” ဆိုတဲ့ပုံတွေ ထွက်ပေါ်လာခဲ့ချိန်မှာ ဒီကိစ္စကို လူစိတ်ဝင်စားမှုပိုများပြားလာခဲ့ပါတော့တယ်။

ပြီးခဲ့တဲ့ဧပြီလမှာထုတ်ပြန်ခဲ့တဲ့ လေ့လာမှုတစ်ခုမှာကတော့ Loch Ness monster အပါအဝင် တခြားသောလည်ပင်းရှည်ပင်လယ်ရေသတ္တဝါကြီးတွေဆိုတဲ့ ဒဏ္ဍာရီတွေဟာ လွန်ခဲ့တဲ့နှစ်သန်းပေါင်းများစွာက တကယ်ရှိခဲ့ဖူးတဲ့ (Plesiosaur) ခေါ် ရေနေဒိုင်နိုဆောမျိုးစိတ်တစ်ခုအပေါ်အခြေပြုထားတာပါ။ မျိုးသုဉ်းပျောက်ကွယ်မှုကနေ ကံကောင်းထောက်မစွာလွတ်မြောက်ခဲ့ပြီး ဒီနေ့ခေတ်အထိဆက်ရှင်သန်နေကြတယ် ဆိုတဲ့ ယုံတမ်းတွေကတော့ လူပြောအများဆုံးယုံတမ်းတစ်ခုဖြစ်နေပါတယ် လို့ ဆိုထားပါတယ်။

Ref: FoxNews “Loch Ness monster could be a giant eel”

TH (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top