ပိုမိုဈေးပေါတဲ့ လျှပ်စစ်ကားများ ထုတ်လုပ်ဖို့အတွက် ဒေါ်လာ ၁ ဘီလီယံခွဲ အကုန်ကျခံပြီး ရင်းနှီးမြှုပ်နှံမယ့် Tesla

97243368_9ydtfvo3.jpg

အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ် ပါလိုအော်တိုမြို့ (Palo Alto) အခြေစိုက် အမေရိကန် ကားထုတ်လုပ်ရေး ကုမ္ပဏီဖြစ်တဲ့ Tesla ဟာပိုမိုဈေးသက်သာတဲ့ Model 3 လျှပ်စစ်ကားများ ထုတ်လုပ်ရန်အတွက် ဒေါ်လာ ၁.၅ ဘီလီယံ အသုံးပြုသွားမှာ ဖြစ်တယ် လို့ပြောဆိုခဲ့ပါတယ်။ Tesla ကုမ္ပဏီမှာ ရင်းနှီးမြှပ်နှံငွေဒေါ်လာ ၃ ဘီလီယံ ရှိနေပေမဲ့ ယခုလိုအပ်တဲ့ ဒေါ်လာ ၁.၅ ဘီလီယံကို ရင်းနှီးမြှပ်နှံသူများထံမှ စာချုပ်နဲ့ ငွေချေးငှားပြီး ထုတ်လုပ်သွားမှာ ဖြစ်ပါတယ်။ Model 3 လျှပ်စစ်ကားများကို တစ်စီးလျှင် ဒေါ်လာ ၃ သောင်း ၅ ထောင်နဲ့ စတင်ရောင်းချသွားမှာဖြစ်ပြီး လက်ရှိအချိန်မှာ ကားဝယ်ယူရန် အော်ဒါပေါင်း ၅၁၈,၀၀၀ ကျော် လက်ခံရရှိထားပါတယ်။

Model 3 လျှပ်စစ်ကား ထုတ်လုပ်ခြင်းလုပ်ငန်းစဉ်ကို ဇူလိုင်လမှာ စတင်သွားမှာ ဖြစ်ပြီး နောက်နှစ်အထိ ကားအစီးရေ ၄သိန်း ထုတ်လုပ်ဖို့ Tesla  က ရည်မှန်းထားပါတယ်။ ဆိုလာပြားများနဲ့ ဘတ်ထရီများကိုလည်း ထုတ်လုပ်တဲ့ Tesla ရဲ့ ပိုင်ရှင်ဖြစ်သူ အီလွန်မတ်စ် (Elon Musk) အနေနဲ့ လက်ရှိအချိန်မှာ အကျိုးအမြတ် မရသေးဘဲ ယခု Model 3 ကားထုတ်လုပ်မဲ့ အစီအစဉ်နဲ့ ဆိုရင် အနည်းဆုံး ၁ နှစ်ကို ဒေါ်လာ ၂ ဘီလီယံလောက် ကုန်ကျမှာ ဖြစ်တယ်လို့ လေ့လာသူများက မှန်းဆထားကြပါတယ်။ ဒါ့ကြောင့် အခုလို Tesla အနေနဲ့ ရင်းနှီးမြုပ်နှံသူများထံမှ ရင်းနှီးမြုပ်နှံငွေရယူ ရတာဖြစ်ပြီး စာချုပ်အရ ၈ နှစ်အတွင်း ပြန်ပေးဆပ်ရမှာဖြစ်ကာ အတိုးနှုန်းကိုတော့ ကြေညာထားခြင်း မရှိသေးပါဘူး။

Tesla ဟာ စွမ်းဆောင်ရည် မြင့်မားပြီး ခရီးရှည်သွားလာနိုင်မဲ့ လျှပ်စစ်ကားများကို ထုတ်လုပ်နေတဲ့ ကုမ္ပဏီဖြစ်ပြီး နောက်ပိုင်းမှာ Model S နဲ့ Model X လျှပ်စစ်ကားများကို ထပ်မံ ထုတ်လုပ်သွားဖို့ ရှိနေပါတယ်။ ယခု လက်ရှိထုတ်လုပ်မဲ့ Model 3 ကားဟာ လူအများစု ဝယ်ယူနိုင်မဲ့ ဈေးနှုန်းနဲ့ ထုတ်လုပ်ခြင်းဖြစ်ပြီး လျှပ်စစ် ဇိမ်ခံကားများကိုတော့ ချမ်းသာသူများအတွက် နောက်ပိုင်းမှာ ထုတ်လုပ်သွားဖို့ ရှိနေပါတယ်။

Tesla ဟာ ပြီးခဲ့တဲ့ နှစ်ကလည်း ဘတ်ထရီ ပြတ်လပ်မှုကြောင့် ကားအစီးရေ ၈၄,၀၀၀ သာ ထုတ်လုပ်နိုင်ခဲ့ပြီး ၂၀၁၈ အရောက်မှာတော့ နှစ်စဉ် ကားအစီးရေ ၅သိန်း ၂ သောင်းအထိ ထုတ်လုပ်ဖို့ စီစဉ်ထားတယ် လို့သိရပါတယ်။ လျှပ်စစ်ကား ထုတ်လုပ်ရေးဈေးကွက်ဟာ အလျင်အမြန် ကြီးထွားနေတဲ့ ဈေးကွက်ဖြစ်တဲ့အတွက် ယခုလို Tesla က ငွေလုံးငွေရင်းနဲ့ လျှပ်စစ်ကားများကို ထုတ်လုပ်ဖို့ စီစဉ်နေတာဖြစ်ပါတယ်။ လျှပ်စစ်ကား ထုတ်လုပ်ရေးဈေးကွက်ကို Tesla သာမက အဓိက ကားထုတ်လုပ်ရေး ကုမ္ပဏီကြီးတွေဖြစ်တဲ့ Volkswagen, Mercedes နဲ့ Jaguar Land Rover တို့လည်း ဝင်ရောက်လာကြပြီး လျှပ်စစ်ကားများကို ထုတ်လုပ်ဖို့  ပြင်ဆင်နေကြပြီး ပြင်သစ်-ဂျပန် ကားကုမ္ပဏီဖြစ်တဲ့ Renault–Nissan ကတော့ လက်ရှိအချိန် လျှပ်စစ်ကား ထုတ်လုပ်ရေး ဈေးကွက်မှာ စိုးမိုးထားနိုင်တဲ့ ကားကုမ္ပဏီ တစ်ခု ဖြစ်ပါတယ်။

လျှပ်စစ်ကားထုတ်လုပ်တဲ့ ကားကုမ္ပဏီအများစုထဲမှာမှ Tesla ဟာ Silicon Valley အခြေစိုက် ကုမ္ပဏီ တစ်ခုဖြစ်တဲ့အတွက် အထင်ကြီးချင်စရာ ကုမ္ပဏီတစ်ခု ဖြစ်နေဆဲဖြစ်ပြီး ဒီအားသာချက်ကို အသုံးပြုကာ လျှပ်စစ်ကား ထုတ်လုပ်ရေးကို Tesla အနေနဲ့ မြန်မြန်ဆန်ဆန်ပြုလုပ်ဖို့ လိုအပ်နေပါတယ်။ Tesla ဟာ လက်ရှိအချိန်မှာ အမေရိကန်အနောက်ပိုင်း နီဗာဒါးပြည်နယ် (Nevada)မှာ လျှပ်စစ်ကား ထုတ်လုပ်ရေးအတွက် အခြေခံ လိုအပ်ချက် အဆောက်အအုံဖြစ်တဲ့ lithium-ion ဘတ်ထရီ ထုတ်လုပ်ရေးစက်ရုံကို ၂၀၁၇ အပြီးမှာ ဆောက်လုပ်ဖို့ ပြင်ဆင်နေပါတယ်။

Ref : Independent Tech : Elon Musk’s Tesla to raise $1.5bn to fund development of its cheapest electric car yet

လူမို (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top