ဦးနှောက်အကျိတ်ကို မျက်ခုံးကတစ်ဆင့် ခွဲစိတ်မှုလုပ်ခဲ့တဲ့လူနာ ၂ ရက်အတွင်း ဆေးရုံမှ ဆင်းနိုင်ခဲ့

26.10.2024-yyl-1.jpg

အသက် ၇၅ နှစ်အရွယ် အမျိုးသမီးကြီးဟာ ဦးနှောက်အကျိတ်ကို မျက်ခုံးကတစ်ဆင့် ခွဲစိတ် ထုတ်ယူနိုင်ခဲ့တဲ့ ကမ္ဘာ့ပထမဆုံးလူနာ ဖြစ်လာခဲ့ပါတယ်။ ဒီလုပ်ဆောင်ချက်အသစ်ဟာ ခွဲစိတ်ချိန်ကို တိုတောင်းစေရုံသာမက ဒဏ်ရာ သက်သာပျောက်ကင်းချိန်ပါ မြန်ဆန်စေတယ်လို့ ဗြိတိန်နိုင်ငံ အမျိုးသားကျန်းမာရေးဌာန (NHS)က ဆိုပါတယ်။

ဒိုရင်းအဒမ်ဟာ ဦးခေါင်းခွံကိုဖောက်ပြီး ခွဲစိတ်မှု မအောင်မြင်ခဲ့တဲ့နောက် မျက်ခုံးကတစ်ဆင့် ခွဲစိတ်မှုခံယူခဲ့တာပါ။ စကော့တလန်နိုင်ငံ ဂရမ်ပီယမ်မြို့မှာ ဗြိတိန်အမျိုးသားကျန်းမာရေးဌာနမှ ခွဲစိတ်ဆရာဝန် ဂီယာမော်ရီယာဒစ်က သူ့ကို ခွဲစိတ်ပေးခဲ့တာဖြစ်ပြီး ခွဲစိတ်မှုအပြီး နှစ်ရက်အကြာမှာပဲ ဆေးရုံက ဆင်းနိုင်ခဲ့ပါတယ်။ သမားရိုးကျခွဲစိတ်မှုဟာ ပုံမှန်အားဖြင့် ၈ နာရီကနေ ၁၀ နာရီကြား ကြာမြင့်ပေမဲ့ မျက်ခုံးကတစ်ဆင့် ခွဲစိတ်မှုကတော့ အချိန် ၃ နာရီလောက်ပဲ ကြာမြင့်ပါတယ်။

” ဦးနှောက်အကျိတ်ကို ဒီလောက်အထိ ကြီးကြီးမားမားဖယ်ရှားနိုင်တဲ့ နည်းလမ်းမျိုး မတွေ့သေးပါဘူး။ ဒီနည်းလမ်းက အပြောင်းအလဲ ကြီးကြီးမားမား ဖြစ်စေနိုင်ပြီး ထိခိုက်မှုလည်း နည်းပါတယ်။ အရင်ကဆို ဦးနှောက်အကျိတ် ခွဲစိတ်ဖယ်ရှားသူတွေရဲ့ နဖူးမှာ အမာရွတ် အကြီးကြီးကျန်နေခဲ့တာပါ။ ဒီနည်းလမ်းမှာတော့ အဲဒီအခြေအနေကို ရှောင်လွဲနိုင်ပါတယ်”လို့ ဂီယာမော်ရီယာဒစ်က ဆိုပါတယ်။

ဂီယာမော်ရီယာဒစ်ရဲ့နည်းလမ်းကို ဗြိတိန်ခွဲစိတ်ဆရာဝန်များအဖွဲ့အစည်းနဲ့ ဥရောပခွဲစိတ်ဆရာဝန်များ အစည်းအရုံးကလည်း လက်ခံအတည်ပြုပေးထားပါတယ်။

Ref: First Patient to Have Brain Tumor Removed Through Her Eyebrow Leaves Hospital in 2 Days Thanks to Technique
NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top