Hollywood Walk of Fame မှာ ကြယ်ပွင့်နဲ့ ဂုဏ်ပြုခံရတဲ့ အက်ဗရယ်လက်ဗင်

1-9-2022-yyl-05.jpg

တစ်ခေတ်တစ်ခါက လူငယ်ပရိသတ်တွေကြား ဒိတ်ဒိတ်ကြဲအောင်မြင်ကျော်ကြားခဲ့တဲ့ အဆိုတော် အက်ဗရယ်လက်ဗင်ဟာ လော့စ်အိန်ဂျယ်လိစ်မြို့က ခရီးသွားဧည့်သည်တွေကို ဆွဲဆောင်ထားနိုင်တဲ့ အထင်ကရနေရာဖြစ်တဲ့ ဟောလိဝုဒ် ကျော်ကြားမှု အထိမ်းအမှတ် လျှောက်လမ်း (Hollywood Walk of Fame) မှာ ကိုယ်ပိုင်ကြယ်ပွင့်နဲ့ ဂုဏ်ပြုချီးမြှင့်ခံခဲ့ရပါတယ်။ လွန်ခဲ့တဲ့ ဆယ်စုနှစ် (၂) ခုကျော်က ဒီအထင်ကရနေရာကို သူ ပထမဆုံးအကြိမ်လာရောက်ခဲ့တဲ့အချိန်က ဝတ်ဆင်ခဲ့တဲ့ အင်္ကျီကိုပဲ ဝတ်ဆင်လာရင်းနဲ့ ဒီကြယ်ပွင့်ကို ဩဂုတ်လ ၃၁ ရက်နေ့က လက်ခံခဲ့တာပါ။ အဆိုတော်သက်တမ်း နှစ် ၂၀ အကြာမှာ အခုလို ဂုဏ်ပြုခံခဲ့ရတာဖြစ်ပါတယ်။

အသက် ၃၇ နှစ်အရွယ် အက်ဗရယ်လက်ဗင်က ဒီအထင်ကရနေရာမှာ အသက် ၁၆ နှစ်က သူ ရိုက်ခဲ့တဲ့ ဓာတ်ပုံကိုလည်း လူအုပ်ကြီးကို ပြသခဲ့ပါတယ်။ “ဒီနေရာမှာ အောင်မြင်ကျော်ကြားသူတွေရဲ့နာမည်တွေကို မြင်တွေ့ဖူးတာ အမှတ်ရပါတယ်။ ကိုယ့်နာမည်နဲ့ကြယ်ပွင့်ကို တွေ့ရမယ်လို့တော့ ဘယ်တုန်းကမှ စိတ်ကူးမယဉ်ခဲ့ဖူးဘူး။ ဒါက အရမ်းမိုက်တာပဲ။ ဒါက ကျွန်မ့ဘဝရဲ့အကောင်းဆုံးနေ့တွေထဲက နေ့တစ်နေ့ပါပဲ”လို့ သူက ပြောပါတယ်။

“တစ်နေ့ မြို့ငယ်လေးကနေ ဟောလိဝုဒ်ကို မျှော်လင့်ချက်အိပ်မက်တွေ အပြည့်နဲ့ လာမယ့် အသက် ၁၆ နှစ်အရွယ်လူငယ်တွေက ဒီကြယ်ပွင့်ကို မြင်ပြီး “ငါ့နာမည်လည်း တစ်နေ့ ဒီနေရာမှာ ရှိနေနိုင်တယ်”လို့ တွေးကြပါ။ ဖြစ်လာနိုင်တဲ့အတွက်ကြောင့်ပါ”လို့လည်း သူက ဆိုပါတယ်။

ပရိသတ်တွေကို အိပ်မက်နောက်လိုက်ပြီး ကိုယ် စိတ်အားထက်သန်ရာအတိုင်း ရှင်သန်ဖို့၊ ကိုယ့်ပုံစံအတိုင်း အရှိကိုအရှိအတိုင်းနေထိုင်ဖို့၊ ကြိုးစားအားထုတ်ကြဖို့၊ ခေါင်းကို မော့ထားဖို့၊ ကိုယ့်ကိုယ်ကို ယုံကြည်ကြဖို့ တိုက်တွန်းပြောကြားခဲ့ပါတယ်။ သူ့မိသားစု၊ သူငယ်ချင်းတွေ၊ ပရိသတ်တွေကိုလည်း သူ့ရဲ့တစ်သတ်တာခရီးမှာ ရှိနေပေးကြလို့ ကျေးဇူးတင်ခဲ့ပါတယ်။

ကြယ်ပွင့်နဲ့ဂုဏ်ပြုချီးမြှင့်တဲ့ အခမ်းအနားကို သူနဲ့စေ့စပ်ထားသူ မို့ဒ် ဆန်၊ ပရိုဂျူဆာ ဂျွန် ဖီမန်း၊ တွဲဖက်သီချင်းရေးဆရာ လောရမ် ခရစ်တီနဲ့ အဆိုတော် မက်ချင် ဂန် ကယ်လီတို့အားလုံးလည်း သူနဲ့အတူ ရှိနေပေးခဲ့ကြပါတယ်။

အက်ဗရယ်လက်ဗင်က အသက် ၁၆ နှစ်မှာ ပထမဆုံးသီချင်းအယ်လ်ဘမ်အတွက် စာချုပ်ချုပ်ဆိုခဲ့တာပါ။ “Complicated”၊ “Sk8er Boi” သီချင်းတွေအပါအဝင် ပေါ့ပ်ပန့်သီချင်းတွေနဲ့ လူသိများလာခဲ့ပြီး ကမ္ဘာ့တစ်ဝှမ်းမှာ အယ်လ်ဘမ်ပေါင်း သန်း ၄၀ ကျော် ရောင်းချခဲ့ရပါတယ်။ “ပေါ့ပ်ပန့်ဘုရင်မ”အဖြစ်လည်း သတ်မှတ်ခံခဲ့ရပါတယ်။

Ref: Ladbible “Avril Lavigne has been given a star on the Hollywood Walk of Fame”

WL(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top