“ဝါဆို ဝါခေါင် ရေဖောင်ဖောင်” ဆိုပေမယ့် မိုးမရွာ ခြောက်သွေ့နေတဲ့အခါမျိုးတွေမှာ မိုးခေါ်လေ့ရှိကြတာ မြန်မာ့အစဉ်အလာပါ။ မိုးခေါ်လို့ မိုးရွာသည်ဖြစ်စေ၊ မုတ်သုံဝင်လို့ မိုးရွာသည်ပဲဖြစ်စေ။ ဒီလို မိုးခေါ်ခြင်းဟာ ရိုးရာအစဉ်အလာတစ်ခုလိုဖြစ်နေတာမို့ ယဉ်ကျေးမှုတစ်ခုအဖြစ် သတ်မှတ်နိုင်ပါတယ်။ မိုးခေါ်ရာမှာလည်း ဒေသတစ်ခုနဲ့တစ်ခု မတူကြတာမို့ ပျောက်ကွယ်စပြုနေတဲ့ ယဉ်ကျေးမှုတစ်ခုကို ဖော်ထုတ်တင်ပြပေးလိုက်ပါတယ်။
မြန်မာနိုင်ငံက ဒေသအများစုမှာ လွန်ဆွဲပြီး မိုးခေါ်တတ်ကြပါတယ်။ မြန်မာပြည်မြောက်ဖျား ကချင်ပြည်နယ်ထဲက ရှမ်းစော်ဘွားတွေ နန်းစိုက်ခဲ့တဲ့ မိုးညှင်းမြို့လေးမှာတော့မိုးခေါ်တယ်ဆိုတာ လွန်ဆွဲခြင်းမဟုတ်ခဲ့ပါဘူး။ မနှင်းဆီ လို့ခေါ်တဲ့ ရိုးရာနတ်ကို ပင့်ဖိတ်ပြီး မိုးခေါ်ကြတာပါ ။ယုံကြည်မှုတွေအရတော့ မနှင်းဆီဟာ ကတွတ်ပေါက်မှာ ရေလွှတ်ဖို့စောင့်နေသူပါ။ သူမချစ်သူ ဖိုးအောင်ကျော်က မိုးမခေါ်ပေးလို့ မိုးမရွာတာလို့ ဆိုကြပါတယ်။ (အချို့သော ရှေးလူကြီးတွေကတော့ သူတို့ဟာ ဒီလိုမိုးခေါ်တဲ့အချိန်မှပဲ တွေ့ကြရတာလို့ ဆိုပါသေးတယ်။) ဒါဟာ ယုံရခက်၊ မယုံရခက်ဖြစ်ရပ်တစ်ခုပါပဲ။
နှစ်တိုင်းလုပ်လေ့မရှိသလို တောင်ယာလယ်လုပ်ကြသူတွေများတဲ့ဒေသမှာ မိုးအရမ်းခေါင်လွန်းလို့လုပ်ငန်းကိုင်ငန်း ပျက်စီးကိန်း ကြုံလာရမှ လုပ်လေ့ရှိတာမို့ ၃၊ ၄နှစ်နေမှသာတစ်ခါမြင်ဖူးကြရတာပါ။ (မိုးများတဲ့ဒေသဖြစ်တာလည်း ပါတာပေါ့)။ မနှင်းဆီနတ်ဆိုတာ ဘယ်သူလဲ။ ဘယ်လိုခေါ်ရပါသလဲ။ ဘယ်လိုပြုလုပ်ရသလဲ ဆိုတာကတော့..
မနှင်းဆီကို ဝါပခြင်းနတ် (ဝါဖတ်ချင်း) လို့လည်းခေါ်ပါတယ်။ နာမည်နဲ့လိုက်အောင်ပဲမနှင်းဆီနတ်ကိုခေါ်ဖို့ အရင်ဆုံးပြုလုပ်ရတာတော့ နောက်လွယ်ခြင်းလိုပုံစံ (ပလိုင်းပုံ) ခြင်းတစ်ခြင်းကို ပြုလုပ်ရတာပါ။ ဒီခြင်းကို ယက်လုပ်တတ်သူဟာ ရှေးလူကြီး (အမျိုးသား)တွေသာရှိတာမို့ ရှေ့မှီနောက်မှီလူကြီးတွေက ယက်လုပ်ပေးပါတယ်။ ယက်တဲ့နေရာမှာ ကြိမ် သို့မဟုတ် နှီး ကိုသုံးရပြီး ခိုင်ခိုင်ယက်လုပ်ရပါတယ်။ ဒါနဲ့လည်းမပြီးပါဘူး။ ဝါးဆစ်ပိတ်ကို ခြင်းမှာ တိုးလျှိုပေါက်လျှိုလိုက်ပြီး လက်၂ဖက်အနေအထားရအောင်လုပ်ယူပါတယ်။
မျက်နှာပြုလုပ်ဖို့အတွက် ခမောက်လုပ်လေ့ရှိတဲ့ဝါးဖတ် (ဝါးပိုးဝါးအဖတ်)ကို ယူပြီး ခပ်ဝိုင်းဝိုင်း ဖြစ်အောင်လုပ်ယူလို့ မျက်လုံး၊မျက်ခုံး၊ ပါးစပ်၊ နှာခေါင်းစတာတွေကို ပုံဖော်ပါတယ်။ ဒါကတော့ နှုတ်ခမ်းနီတွေနဲ့ဖြစ်စေ၊ မီးသွေးနဲ့ဖြစ်စေ (ဒီနေ့ခေတ်ဆိုရင်တော့ liner တွေ သုံးကောင်းသုံးနိုင်ပါတယ် ) ဆွဲပြီးပုံဖော်ရတာပါ။ ဒီလိုလုပ်ပြီးပြီဆိုတာနဲ့ အဆိုပါအမျိုးသားတွေက ပွဲလုပ်မယ့် အမျိုးသမီးတွေကို လာပေးရပါတယ်။ ဒီတော့မှ လက်နေရာကနေ မင်းသမီးအင်္ကျီနဲ့ ဘဲ့ထဘီ (ရှေးလုံချည်)တွေကို ဝတ်ပေးလို့ ရွှေလက်ကောက် (ရွှေရောင်စက္ကူနဲ့ပြုလုပ်ထားတဲ့လက်ကောက်ကွင်း) တွေကိုဆင်ပေးရပါတယ်။ မနှင်းဆီဝင်ဖို့ ပြင်ဆင်မှုက ဒီမှာပြီးဆုံးပါတယ်။
ကဲ.. ဒီလိုဆို ဘယ်လိုခေါ်ကြမလဲ..။ မြို့ထဲက လမ်းလေးခွဆုံနေရာ (ချောင်းနဲ့နီးရာ) မှာ အထက်ပါ ခြင်း ကို ထားပါတယ်။ ခြင်းရဲ့မျက်နှာကို အလှပြင်ပေးပြီး သူ့မျက်နှာမြင်ရမယ့်နေရာမှာ မှန်ထောင်ပါတယ်။ ခြင်းရှေ့မှာ သနပ်ခါး၊ ကျောက်ပျဉ် အစရှိတာတွေ ချပြီး စည်းဝိုင်း တားပါတယ်။ ဒီနေရာမှာအထူးကန့်သတ်ချက်ရှိတာက စည်းဝိုင်း တားပြီး စပြီးပင့်ဖိတ်တော့မယ် ဆိုတာနဲ့ စည်းဝိုင်း ထဲအမျိုးသားဝင်ခွင့်မရှိသလို ခြင်းကိုလည်း အမျိုးသားတွေ ထိခွင့်မရှိပါဘူး။ (ကြည့်လို့တော့ရတာပေါ့နော်) ပြီးတာနဲ့ သူလာမယ်လို့ အဆိုရှိတဲ့ အရှေ့ဘက်တစ်လျှောက်မှာ လူတွေရှဲပြီး လမ်းလုပ်ထားပေးရပါတယ်။ (ပွဲထိုးတာကတော့ မြန်မာ့ရိုးရာ မပါမဖြစ်ပေါ့နော်) မနှင်းဆီ ဝင်မယ့်ခြင်းကိုတော့ သန်သန်မာမာ အမျိုးသမီးလေးယောက်က ကိုင်ထားရပါတယ်။ (၂ယောက်၃ယောက်ဆိုရင်လည်း နောက်ပိုင်းမနိုင်မှာဖြစ်တဲ့အပြင် ၅ယောက်ဆိုလည်း ကြပ်တာမို့ ၄ယောက်က အသင့်လျော်ဆုံးဖြစ်တယ် ဆိုပါတယ်)
အားလုံးအဆင်သင့်ဖြစ်ပြီဆိုတာနဲ့ ယက်ကန်းစင်နတ်နဲ့ မြို့ရဲ့ဆိုင်ရာပိုင်ရာနတ်တွေအရင်ပင့်ပြီး မနှင်းဆီနတ်ကို ပင့်တဲ့သီချင်း စဆိုပါတယ်။ (ဒီသီချင်းကိုတော့ အပြည့်အစံ ုရနိုင်တာ အသက်၇ဝတန်း လူကြီးတွေပဲ ရှိတော့တာမို့ မပျောက်ပျက်အောင် မြို့ခံလူငယ်တွေ အစဉ်အလာတစ်ခုအနေနဲ့ ထိန်းသိမ်းစေချင်ပါတယ်။ ) ဒီသီချင်းကိုတော့ အချို့သော အထောက်အထားတွေထဲမှာ ဝါဖတ်ရင်းဆိုတဲ့ ကျေးလက်သီချင်းမို့ ဝါဖတ်ချင်းလို့လည်းခေါ်တယ်လို့ မူကွဲတွေ တွေ့ရပါတယ်။ (ဦးရဲဒွေး ၏ မြန်မာ့ရိုးရာ သဘင်အနုပညာရပ်များစာအုပ်မှ )
သီချင်းကတော့
“ဝါဖတ်ချင်း ဖြူဖြူစင်စင် ရွှေလက်ကောက်ကိုဆင်
ကသဘင် စင်တော်ကြီး ဇော်ဂျီနတ်ကယ် တိမ်းပေတော့ ယိမ်းပေတော့.
ရှင်မ ကြိုက်တဲ့ဖိုးအောင်ကျော် ညကိုခေါ်လို့ပေးမယ် မနှင်းဆီ တောင်ကတွတ်က ရလွှတ်ပါ့လေး
လယ်ခင်းစောင့်တဲ့ ဖိုးအောင်ကျော် မိုးခေါ်ခဲ့၊ မိုးခေါ်ခဲ့” အစရှိသဖြင့် ပါဝင်တဲ့ သီချင်းကို အသံနေအသံထားနဲ့ ဆိုရပါတယ်။ (စာရေးသူ အဘွားကလည်း ရှေ့မှီနောက်မှီ အသက်၉ဝအရွယ် အဘွားဖြစ်နေတာမို့ သီချင်းတစ်ပုဒ်လုံးကိုတော့ မဆိုပြနိုင်ပေမယ့်
မနှင်းဆီခေါ်တိုင်းတော့ ဝိုင်းကြဝန်းကြတဲ့ထဲ ပါနေဆဲပါ.. )
သီချင်းဆိုလို့ မဆုံးခင်မှာပဲ မနှင်းဆီနတ် ဝင်လာလို့ မှန်ရှေ့မှာ ယိမ်းနေပါပြီ။ (ခြင်းက သူ့အလိုလိုယိမ်းတာလို့ ပြောပေမယ့် စာရေးသူကတော့ လူလုပ်တယ်လို့ပဲ အစကထင်မိတာပါ။) ပြီးတဲ့နောက်မှာတော့ အမျိုးသမီးတို့အားနဲ့ မနိုင်လောက်အောင် ခြင်းက ခုန်ပါတော့တယ်။ (အဆိုရှိတာကတော့ ဒီလိုအချိန်မှာ နိုင်အောင် မထိန်းထားနိုင်ရင် မိုးပေါ်ပျံသွားတတ်ပါတယ်တဲ့ ။ ဒါပေမဲ့ ဒီလိုအဖြစ်တော့ ကြုံဖူးတယ်လို့ မကြားဖူးပါ။ – စကားချပ်) သီချင်းတွေလည်း ဆုံးလို့ မနှင်းဆီကို မိုးလွှတ်ပေးဖို့ တောင်းဆိုအပြီးမှာတော့ အဆိုပါ ခြင်းက ခုန်လျက်ပဲ ချောင်းရှိရာသွားပါတော့တယ်။ (ခြင်းကြီးက သူ့အလိုလိုသွားတာတော့မဟုတ်ဘူးပေါ့လေ..
အစပိုင်းမှာ ကိုင်ထားတဲ့ အမျိုးသမီး ၄ယောက်ကပဲ နိုင်အောင်ကိုင်ပြီး ချာင်းထဲပို့ပေးရတာပါ။)
ချောင်းထဲရောက်ပြီဆိုတာနဲ့ ချောင်းရေချိုးတယ်ခေါ်ရမလားပဲ.. ချောင်းထဲမှာ ပျော်မြူးပါတော့တယ်။ ဒီအခါမှ နတ်ထွက်သွားအောင် နတ်ကိုပြန်ပို့တဲ့အနေနဲ့ ခြင်းကို ချောင်းထဲ နှစ်ပစ်ရတာပါ။ လူလိုပဲ ရုန်းကန်လှုပ်ရှားရင်းမှ မကြာခင် ငြိမ်ကျသွားတဲ့အခါမှသာ နတ်ထွက်သွားတယ် ဆိုပါတယ်။ စာရေးသူဟာ ခေတ်လူငယ်ဖြစ်သလို ကန့်လန့်လည်းတွေးတတ်သူမို့ အမှန်အတိုင်းဝန်ခံရရင် ဒီနတ်ဝင်တယ်ဆိုတာကို မယုံကြည်ခဲ့သူပါ။ ဒါပေမယ့် ငယ်စဉ်ကလေးဘဝ ကစလို့ ခုအသက်အရွယ်ထိ စုစုပေါင်းမှ မနှင်းဆီခေါ်တာကို ၃ကြိမ်ပဲတွေ့ခဲ့ဖူးတာပါ။ ခြင်းကို ကိုင်ထားတဲ့ အမျိုးသမီးတွေက ခြင်းခုန်အောင် မှောက်လိုက် ချလိုက်လုပ်နေတယ်ထင်ခဲ့ပေမယ့် မျက်နှာ ပုံစံခြယ်ထားတဲ့ ဝါးဖတ်ကြီးမှာ ချွေးစီးကြောင်းကြီး ပေါ်လာတယ်ဆိုရင် စာဖတ်သူတို့ရော ဘယ်လိုခံစားရမယ်ထင်ပါသလဲ။
တစ်ကျောင်းတစ်ဂါထာ၊ တစ်ရွာတစ်ပုဒ်ဆန်းဆိုသလို မိုးခေါ်နည်းအမျိုးမျိုးထဲကမှ မိုးညှင်းမြို့လေးရဲ့ ရိုးရာမိုးခေါ်နည်းကိုတော့ ဖော်ပြလိုက်ပါပြီ။ ယုံသည်ဖြစ်စေ၊ မယုံသည်ဖြစ်စေ။ ဒါဟာ ကိုးကွယ်ယုံကြည်မှုနဲ့မဆိုင်ဘဲ တိမ်မြှုပ်တော့မယ့် ရိုးရာယဉ်ကျေးမှုတစ်ခုဖြစ်နေတယ်ဆိုတာကတော့ ငြင်းမရပါဘူး။ ဒီလို ရိုးရာယဉ်ကျေးမှုတွေ မတိမ်ကောဖို့အတွက် ကြိုးစားထိန်းသိမ်းကြရမှာ စာရေးသူတို့ လူငယ်တွေရဲ့ တာဝန်မဟုတ်ပါလား… ဒါနဲ့ အလားသဏ္ဍာန်တူတဲ့ အခြား အခြားသော ရိုးရာ ယဉ်ကျေးမှုတွေကိုလည်း မတိမ်မြှုပ်သွားအောင် ထိန်းသိမ်းစောင့်ရှောက်ကြဖို့ မျှော်လင့်ရင်း…
Angelic Demon (ရိုးရာလေး)