မိခင်မေတ္တာကြောင့် ကိုမာမှ နိုးထလာနိုင်ခဲ့သူ

28.2.24-yyl-1.jpg

ဂျနီဖာဖလီဝယ်လန်ဆိုတဲ့ အမေရိကန် အမျိုးသမီးက အသက် ၃၅ နှစ်အရွယ်မှာ ယာဉ်မတော်တဆမှုကြောင့် ကိုမာ ဖြစ်သွားခဲ့တယ်။ သူ့သား ၃ ယောက်ကို ကျောင်းပို့ပြီး အိမ်ပြန်အလာ၊ မူးမိုက်သွားပြီး ဓာတ်တိုင်ကို ကားနဲ့ဝင်တိုက်မိခဲ့တာပါ။ ဖလီဝယ်လန်ဟာ ကိုမာ ဝင်သွားပြီး အသက်ကယ်စက် တပ်ထားပေးရပါတယ်။ ဆရာဝန်တွေ၊ သူနာပြုတွေက ဖလီဝယ်လန် ပြန်ကောင်းလာဖို့ မလွယ်တော့ဘူး၊ အသက်ကယ်စက် ဖြုတ်လိုက်ဖို့ ပြောကြပေမဲ့ သူ့အမေ ပက်ဂီမင်းက လက်မခံပါဘူး။

” သူ့အခြေအနေ ပိုဆိုးလာဖို့ပဲရှိတယ်လို့ သူနာပြုတစ်ယောက်က လာပြောတယ်။ အဲဒီစကားမျိုး ကျွန်မရှေ့မှာရော၊ ကျွန်မသမီးရှေ့မှာပါ လာမပြောနဲ့လို့ သူ့ကို ပြန်ပြောလိုက်တယ်။ စိတ်ပျက်အားငယ်ဖို့ လွယ်ပါတယ်။ ဒါပေမဲ့ ကျွန်မတို့မှာ အားငယ်နေဖို့အချိန် မရှိဘူး”လို့ ပက်ဂီမင်းက ပြောပါတယ်။

ရက်၊ လ၊ နှစ်တွေ ပြောင်းလဲသွားပေမဲ့ ဖလီဝယ်လန်ကတော့ သတိပြန်မလည်လာသေးပါဘူး။ ပက်ဂီမင်းကတော့ သမီးဖြစ်သူ ပြန်ကောင်းလာမယ်ဆိုတဲ့ ယုံကြည်ချက်ကို ခိုင်မာစွာ ဆုပ်ကိုင်ရင်း ရုန်းကန်လှုပ်ရှားခဲ့ပါတယ်။ ဖလီဝယ်လန်ကို ဆေးရုံတွေ တစ်ခုပြီးတစ်ခု ပြောင်းပြခဲ့တယ်၊ ဆေးကုသစရိတ်ကာမိစေဖို့ အာမခံကုမ္ပဏီနဲ့ အကြိတ်အနယ် ဆွေးနွေးတယ်၊ ဆရာဝန်တွေ၊ ဆေးရုံအုပ်တွေနဲ့ အကျေအလည် ဆွေးနွေးငြင်းခုံတယ်၊ တစ်ဖက်မှာလည်း စားဝတ်နေရေးအတွက် အထည်ချုပ်အလုပ် လုပ်ရပါသေးတယ်။ ပက်ဂီမင်းဟာ နေ့တိုင်းဆေးရုံကို လာပြီး သူ့သမီးကို ဘီးတပ်ကုလားထိုင်ပေါ်တင်ကာ လမ်းလျှောက်ထွက်ရင်း စကားပြောလေ့ရှိပါတယ်။

ဒီလိုနဲ့ ၅ နှစ်ကြာပြီးတဲ့နောက် တစ်ရက်မှာတော့ ပက်ဂီမင်း ရယ်စရာပြောတဲ့အချိန်မှာ ဖလီဝယ်လန်က လိုက်ရယ်နေတာကို တွေ့လိုက်ရပါတယ်။ ကိုယ့်မျက်စိကိုယ် မယုံနိုင်အောင် ဖြစ်သွားတဲ့ ပက်ဂီမင်းက ဆရာဝန်တွေကို အကြောင်းကြားခဲ့ပါတယ်။ အဲဒီနောက်မှာ ဖလီဝယ်လန်ကို စကားပြောနိုင်လာစေဖို့၊ လှုပ်ရှားလာနိုင်စေဖို့ ကုထုံးတွေ ကုသပေးခဲ့ပါတယ်။

ဖလီဝယ်လန်လို ဖြစ်ရပ်မျိုးက အလွန်ရှားတယ်၊ သူ့အနေနဲ့ ဘယ်လောက်အထိ တိုးတက်မှုရှိလာမလဲဆိုတာ တပ်အပ်မပြောနိုင်သေးဘူးလို့ ဆရာဝန်တွေက ဆိုပါတယ်။ အခုချိန်မှာတော့ ဖလီဝယ်လန်က မစ်ချီဂန်ပြည်နယ်၊ ဂရန်းရက်ပစ်မြို့ ဆေးရုံကနေ ပြန်ဆင်းနိုင်ခဲ့ပါပြီ။

Ref: A Mom’s Love Helps Woman Wake From Coma After Five Years

NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top