ငါးမန်းဖြူကို တရားမဝင်ဝယ်ယူချက်ပြုတ်စားသုံးခဲ့လို့ ထောင်ဒဏ် ၁၀ နှစ်အထိ ချမှတ်ခံရနိုင်ဖွယ်ရှိတဲ့ Food Blogger

3-8-2022-yyl08.jpg

Food Blogger

တီဇီ လို့ အွန်လိုင်းမှာ လူသိများတဲ့ တရုတ်လူမျိုး food blogger ဟာ ငါးမန်းတစ်ကောင်ကို ချက်ပြုတ်စားသောက်တဲ့ ဗီဒီယိုကို တင်ခဲ့ပါတယ်။ ရဲတပ်ဖွဲ့က အဲဒီငါးမန်းကို တရားမဝင် ဝယ်ယူခဲ့တယ်လို့ ယုံကြည်ခဲ့တာကြောင့် စုံစမ်းစစ်ဆေးနေပါတယ်။

တရုတ်streaming channel Douyin မှာ ဖော်လိုဝါ ၈ သန်းဝန်းကျင်ရှိတဲ့ တီဇီက ငါးမန်းဟာ ကြမ်းတမ်းပုံပေါ်ပေမဲ့ အသားက တကယ်နူးညံ့တယ်လို့ ဗီဒီယိုထဲမှာ ပြောခဲ့ပါတယ်။ ဗီဒီယိုမှာ စီချွမ်ပြည်နယ်၊ အနောက်တောင်ပိုင်းမြို့ နန်ချွန်က ပင်လယ်စာဆိုင်တစ်ဆိုင်ကနေ (၆) ပေရှိတဲ့ ငါးမန်းတစ်ကောင်ကို တီဇီ ယူလာခဲ့တာ မြင်တွေ့ခဲ့ရတာပါ။

ငါးမန်းရဲ့အရွယ်အစားကို ပြနေပုံ

သူက ငါးမန်းဘေးမှာ လဲလျောင်းပြီးတောင် သူ့ရဲ့အရွယ်အစားနဲ့ ငါးမန်းရဲ့အရွယ်အစားကို နှိုင်းယှဉ်ပြခဲ့ပါသေးတယ်။ ငါးမန်းအမြီးကို မကင်ခင်၊ ငါးမန်းရဲ့ခေါင်းကို ဟင်းရည်အစပ်ထဲထည့်မပြုတ်ခင် ငါးမန်းကို တစ်ဝက်လောက်လှီးဖြတ်ခဲ့တာပါ။ အဲဒီနောက် ဒေသခံရွာသူ/ရွာသားတွေနဲ့အတူ အစားအစာကို မျှဝေစားခဲ့ပါတယ်။

ငါးမန်းဖြူက တရုတ်နိုင်ငံမှာ ကာကွယ်စောင့်ရှောက်ခံထားရတဲ့ မျိုးစိတ်ဖြစ်ပါတယ်။ တိရစ္ဆာန် (သို့) တော်ရိုင်းတိရစ္ဆာန်ထုတ်ကုန်တွေကို တရားမဝင်ရောင်းဝယ်ဖောက်ကားမှုနဲ့ အပြစ်ရှိတယ်လို့ တွေ့ရှိရင် ထောင်ဒဏ်ချမှတ်နိုင်ပါတယ်။

တီဇီရဲ့ငါးမန်းချက်ပြုတ်စားသောက်တဲ့ဗီဒီယိုက ဇူလိုင်လ (၁၄) ရက်နေ့ကပါ။ လူမှုကွန်ယက်အသုံးပြုသူတွေရဲ့မကောင်းတဲ့တုံ့ပြန်မှုတွေ ရရှိခဲ့ပြီးတဲ့နောက်မှာ အဲဒီဗီဒီယိုကို တီဇီရဲ့အကောင့်ကနေ ဖျက်ပစ်ခဲ့ပါတယ်။

ငါးမန်းအမြီးကို ကင်ထားပုံ

အရင်က တီဇီဟာ မိကျောင်းနဲ့ ငှက်ကုလားအုတ်အပါအဝင် ထူးဆန်းတဲ့ တိရစ္ဆာန်တွေစားသုံးတဲ့ ဗီဒီယိုတွေကိုလည်း တင်ခဲ့ဖူးပါတယ်။ “သူက ဘယ်အရာမဆို စားတယ်။ မိကျောင်းအမြီးကို တစ်ခါစားတာ မြင်တုန်းက ကြောက်သွားခဲ့တယ်”လို့ တရုတ်လူမှုကွန်ယက် Weibo အသုံးပြုသူတစ်ဦးက တီဇီနဲ့ပတ်သက်ပြီး ပြောပါတယ်။

နန်ချွန်မြို့က ရဲတွေဟာ တီဇီက ငါးမန်းဖြူကို တရားမဝင် ဝယ်ယူချက်ပြုတ်စားသောက်နေတာဟုတ်မဟုတ် စုံစမ်းစစ်ဆေးနေပါတယ်။ ရဲတွေက ဒီငါးမန်းက မျိုးသုဉ်းလုနီးပါးဖြစ်နေတဲ့ ငါးမန်းဖြူတစ်ကောင်ဖြစ်ပြီး တီဇီ ယူဆထားတဲ့ hooktooth ငါးမန်းတစ်ကောင်မဟုတ်ဘူးလို့ အခိုင်အမာယုံကြည်ထားပြီးသားပါ။

စားပြနေပုံ

ငါးမန်းက အရွယ်မရောက်သေးရင် ပြစ်ဒဏ်က ပိုမိုပြင်းထန်နိုင်တယ်လို့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ ရှားပါးပြီး မျိုးသုဉ်းလုနီးပါး တောရိုင်းတိရစ္ဆာန်ထုတ်ကုန်တွေကို တရားမဝင်ဝယ်ယူမှုနဲ့ အပြစ်ရှိတယ်လို့ တွေ့ရှိရင် တီဇီက ထောင်ဒဏ် (၅) နှစ် (ဒါမှမဟုတ်) ရာဇဝတ်မှုနဲ့ ထိန်းသိမ်းခံရနိုင်ပြီး ငွေဒဏ်လည်း ချမှတ်ခံရနိုင်တယ်။ ဒါပေမဲ့ သူ့ပြစ်မှုက ပြင်းထန်ရင် အနည်းဆုံး ထောင်ဒဏ် ၁၀ နှစ်အထိ ချမှတ်ခံရနိုင်ပြီး ငွေဒဏ် (ဒါမှမဟုတ်) သူ့ရဲ့ပိုင်ဆိုင်မှုတွေကို သိမ်းဆည်းတာတွေ ခံရနိုင်တယ်လို့ ရှေ့နေ ချောင်ရန်ချွမ်က တနင်္လာနေ့မှာ ပြောခဲ့ပါတယ်။

တရုတ်နိုင်ငံအရှေ့ပိုင်း ဖူကျင်းပြည်နယ်ကနေ ငါးမန်းကို ဝယ်ယူခဲ့တယ်လို့ သံသယရှိသူ အများအပြားကို ဖမ်းဆီးထိန်းသိမ်းထားပြီးဖြစ်တယ်လို့ သိရပါတယ်။ တီဇီရဲ့ဗီဒီယိုမှာ ပါဝင်ခဲ့တဲ့ ဒေသတွင်းပင်လယ်စာဆိုင်က ငါးမန်းဝယ်ယူမှုနဲ့ ဘာမှမသက်ဆိုင်ဘဲ ဗီဒီယိုဖို့အတွက် နေရာအဖြစ် အသုံးပြုခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

Ref: TheSun “Food blogger who illegally cooked and ate great white shark on live stream faces up to 10 years in prison”

Team ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top