အဆိပ်သင့်ယူရေနီယမ်ဓါတ်ကို ဖယ်ရှားပေးနိုင်တဲ့ ဘက်တီးရီးယား

bat.jpg

သိပ္ပံပညာရှင်တွေဟာ နျူကလီးယားစွန့်ပစ်ပစ္စည်းတွေအတွက် သဘာဝအခြေခံ ဖြေရှင်းနည်းတစ်ခုကို ရှာဖွေတွေ့ရှိခဲ့ကြပါတယ်။

ဂျာမနီနိုင်ငံရဲ့ ရေလွှမ်းမိုးခံရတဲ့ ဆိုဗီယက် မိုင်းဟောင်းတစ်ခုထဲမှ စွန့်ပစ်ရေဆိုးတွေထဲမှာ အဆိပ်သင့်ယူရေနီယမ်ဓာတ်ကို လျှော့ချပေးနိုင်တဲ့ ဘက်တီးရီးယားတွေကို တွေ့ရှိခဲ့တာလို့ Nature Communications ဂျာနယ်မှာ ဖော်ပြထားပါတယ်။

အောက်ဆီဂျင်နည်းပါးတဲ့ အခြေအနေမှာ ဘက်တီးရီးယားတွေကို Glycerol ဓာတ်ကျွေးလိုက်တဲ့အခါ အဆိပ်အတောက်ဖြစ်စေတဲ့ ယူရေနီယမ်တွေကို FeU(V)O4 လို့ခေါ်တဲ့ ဒြပ်ပေါင်းအဖြစ်သို့ ပြောင်းလဲစေခဲ့တာပါ။

ရက်ပေါင်း ၁၃၀ အတွင်း အဲဒီဘက်တီးရီးယားတွေဟာ ရေထဲမှ ပျော်ဝင်ယူရေနီယမ် ၉၅ ရာခိုင်နှုန်းနီးပါးကို စုပ်ယူဖယ်ရှားပြီး သူတို့ရဲ့ ဆဲလ်နံရံတွေအတွင်း သတ္တုဓာတ်အဖြစ် လုံခြုံစွာ ပိတ်လှောင်ထားနိုင်တာ တွေ့ရပါတယ်။

ဒီနည်းလမ်းဟာ ကုန်ကျစရိတ်ကြီးမားတဲ့ ရေဆိုးသန့်စင်နည်းဟောင်းတွေကို တော်လှန်ပြောင်းလဲနိုင်မယ့် အစားထိုးနည်းလမ်းတစ်ခု ဖြစ်လာပါတယ်။ အောက်ဆီဂျင်နဲ့ ထိတွေ့ပေမဲ့ ယူရေနီယမ်ကို ဘေးအန္တရာယ် ကင်းရှင်းအောင် ထိန်းသိမ်းထားနိုင်တဲ့ ဒီနည်းလမ်းဟာ ပတ်ဝန်းကျင်သန့်ရှင်းရေးကဏ္ဍကို အကြီးအကျယ် ပြောင်းလဲပေးနိုင်မယ်လို့ မျှော်မှန်းထားကြပါတယ်။

ယူရေနီယမ်ညစ်ညမ်းမှုဟာ အမေရိကန်၊ ကနေဒါနဲ့ သြစတြေးလျနိုင်ငံတွေမှာ မြေအောက်ရေစနစ်တွေကိုပါ ထိခိုက်နေတဲ့ ကမ္ဘာ့ပြဿနာတစ်ရပ် ဖြစ်နေတာကြောင့် အခုတွေ့ရှိရတဲ့ နည်းလမ်းသစ်ဟာ တစ်ကမ္ဘာလုံးရှိ အဆိပ်သင့်ရေထုကို ကာကွယ်ဖို့ ကူညီပေးနိုင်မယ်လို့ သုတေသီတွေက မျှော်လင့်လျက် ရှိပါတယ်။

Ref: Scientists just found a natural solution to nuclear waste

NZ (ရိုးရာလေး) 

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top