ဦးနှောက်ကို အကျိုးမပြုသော အစားအစာများ

24-8-2020-yyl-010.jpg

ဦးနှောက်ဟာ ခန္ဓာကိုယ်မှာ အရေးအကြီးဆုံး အင်္ဂါအစိတ်အပိုင်းဖြစ်ပါတယ်။ နှလုံးခုန်ခြင်း၊ အသက်ရှူခြင်း အပါအဝင် အရေးကြီးတဲ့ လုပ်ငန်းတာဝန်တွေဟာ ဦးနှောက်ရဲ့ထိန်းချုပ်မှုနဲ့ လုပ်ဆောင်ပေးနေခြင်း ဖြစ်ပါတယ်။ ဒါကြောင့် အာဟာရပြည့်ဝစွာ စားသောက်ပြီး ဦးနှောက်ကို အလုပ်ကောင်းစွာ လုပ်နိုင်အောင် ပံ့ပိုးပေးဖို့ လိုအပ်ပါတယ်။ အစားအစာတိုင်းဟာ ဦးနှောက်အတွက် အကျိုးမဖြစ်ပါဘူး။

အစားအစာအချို့ဟာ ဦးနှောက်အပေါ် ဆိုးကျိုးဖြစ်စေနိုင်ပါတယ်။ မှတ်ဉာဏ်ချို့ယွင်းခြင်း၊ စိတ်အခြေအနေ မကြည်လင်ခြင်း စတဲ့သက်ရောက်မှုတွေ ဖြစ်စေနိုင်ပါတယ်။

ယခုဆက်လက်ဖော်ပြမှာကတော့ သင့်ဦးနှောက်ကို ဆိုးကျိုးဖြစ်စေနိုင်တဲ့ အစားအစာတွေအကြောင်း ဖြစ်ပါတယ်။


သကြားဓာတ်များသော အဖျော်ယမကာများ

ဆိုဒါရည်၊ အားကစားပြုလုပ်ချိန်သောက်ရန် ထုတ်လုပ်ထားသော ဖျော်ရည်များ၊ စွမ်းအားဖြည့်အချိုရည်များ၊ အသီးဖျော်ရည် စတာတွေအားလုံး ပါဝင်ပါတယ်။ သကြားဓာတ်ကဲတဲ့ ဖျော်ရည်တွေ သောက်သုံးပါများရင် ဗိုက်မှာအဆီတွေစုလာရုံမကဘဲ အမျိုးအစား ၂ ဆီးချိုနဲ့ နှလုံးရောဂါဖြစ်နိုင်ခြေ မြင့်မားလာနိုင်ပါတယ်။ အမျိုးအစား ၂ ဆီးချိုဟာ အယ်လ်ဇိုင်းမားရောဂါဖြစ်နိုင်ခြေကို မြင့်စေပါတယ်။ ဒါ့အပြင် သွေးထဲမှာ သကြားဓာတ်များလာရင် ဆီးချိုမရှိသူတွေမှာတောင် မှတ်ဉာဏ်ချို့ယွင်းခြင်း၊ မကြာခဏမေ့တတ်ခြင်း ဖြစ်စေနိုင်ပါတယ်။

အချိုရည်တွေမှာပါဝင်တဲ့ သကြားဓာတ်ကို ယေဘုယျအားဖြင့် ဖရက်တို့စ် ၅၅ ရာခိုင်နှုန်း ဂလူးကို့စ် ၄၅ ရာခိုင်နှုန်းနဲ့ ဖွဲ့စည်းထားပါတယ်။ ဖရက်တို့စ်စားသုံးမှုများပြားရင် ဦးနှောက်စွမ်းဆောင်ရည် ကျဆင်းခြင်း၊ မှတ်ဉာဏ်ချို့ယွင်းခြင်း၊ သင်ယူမှုစွမ်းရည် လျော့နည်းခြင်း စတာတွေ ဖြစ်နိုင်ပါတယ်။ အာရုံကြောဆဲလ်လေးတွေ ဖြစ်ပေါ်မှုကိုလည်း အဟန့်အတား ဖြစ်စေပါတယ်။


စားကောင်းအောင်ပြုပြင်ထားသော ကာဘိုဟိုက်ဒရိတ်များ

သကြား၊ ဂျုံမှုန့် (ဂျုံဖြူ) စတာတွေ အကျုံးဝင်ပါတယ်။ အဆိုပါအစားအစာတွေမှာ သကြားဓာတ်ညွန်ကိန်း (Glycemic index) မြင့်မားပါတယ်။ ဆိုလိုတာကတော့ အဆိုပါအစားအစာတွေကို စားသုံးလျှင် လျင်မြန်စွာ အစာကြေသွားပြီး သွေးတွင်းသကြားဓာတ်လည်း ရုတ်တရက် မြင့်တက်လာမှာ ဖြစ်ပါတယ်။
သကြားဓာတ်ညွှန်ကိန်းမြင့်တဲ့ အစားအစာတွေဟာ ဦးနှောက်လုပ်ငန်းတာဝန်တွေကို လျော့ရဲစေပါတယ်။ မှတ်ဉာဏ်ကိုလည်း ထိခိုက်စေပါတယ်။ မှတ်ဉာဏ်ထိခိုက်စေတဲ့ အကြောင်းကတော့ ဟစ်ပိုကမ်းပတ်ဆိုတဲ့ ဦးနှောက်ရဲ့ အစိတ်အပိုင်းကို ရောင်ရမ်းစေလို့ ဖြစ်ပါတယ်။

ရောင်ရမ်းခြင်းဟာ ဦးနှောက်ကို ထိခိုက်ပျက်စီးလာခြင်းမျိုး ဥပမာ အယ်လ်ဇိုင်းမားရောဂါ၊ သတိချို့ယွင်းခြင်းတွေရဲ့ အကြောင်းရင်းတခု ဖြစ်ပါတယ်။


ပုံပြောင်းဆီများသော အစားအစာများ

ပုံပြောင်းဆီဟာ မပြည့်ဝဆီအမျိုးအစားတစ်မျိုးဖြစ်ပြီး ဦးနှောက်ကို ဆိုးကျိုးဖြစ်စေပါတယ်။ ပုံပြောင်းဆီကို အသား၊ နို့ထွက်ပစ္စည်း စတဲ့တိရစ္ဆာန်များမှ ရရှိတဲ့ စားသောက်ဖွယ်ရာများမှာ သဘာဝအလျောက် တွေ့ရှိရပါတယ်။ ဒါပေမယ့် သူတို့မှာ ပြဿနာသိပ်မရှိပါဘူး။ စက်ရုံများကနေ ဟင်းသီးဟင်းရွက်ဆီအနေနဲ့ ထုတ်လုပ်လိုက်တဲ့ အဆီများမှာတော့ ဦးနှောက်ပိုင်းဆိုင်ရာ စွမ်းဆောင်ရည်တွေကို ထိခိုက်စေတဲ့အာနိသင်တွေ ရှိနေပါတယ်။
အလွန်အကျွံပြုပြင်ထားသော အစားအစာများ

အာလူးချောင်းကြော်၊ သကြားလုံး၊ အသင့်စားခေါက်ဆွဲ၊ အသင့်စားသရေစာများ စတာတွေကို ဆိုလိုပါတယ်။ အဆိုပါအစားအစာတွေမှာ ကယ်လိုရီပါဝင်မှုများပြားပြီး အာဟာရဓာတ် နည်းပါးပါတယ်။ ကိုယ်အလေးချိန်တက်စေတဲ့အပြင် ဦးနှောက်နဲ့မှတ်ဉာဏ်ပိုင်းဆိုင်ရာကိုလည်း ထိခိုက်စေနိုင်ပါတယ်။ သုတေသနတခုအရ အဆီများခြင်း၊ အထူးသဖြင့် ဝမ်းဗိုက်နဲ့ခါးပတ်လည် အဆီစုခြင်းဟာ ဦးနှောက်တစ်ရှူးများ ထိခိုက်ပျက်စီးခြင်းနဲ့ ဆက်စပ်နေပါတယ်။

အသင့်စားနိုင်အောင် အဆင့်ဆင့်ပြုပြင်ထားတဲ့ အစားအစာများရဲ့ နောက်ထပ်သက်ရောက်မှုတခုကတော့ BDNF လို့ခေါ်တဲ့ မော်လီကျူးများကို လျော့နည်းစေခြင်း ဖြစ်ပါတယ်။ အဆိုပါ မော်လီကျူးများဟာ ရေရှည်မှတ်ဉာဏ်ထိန်းသိမ်းခြင်း၊ သင်ယူခြင်း၊ အာရုံကြောဆဲလ်များဖြစ်ပေါ်ခြင်း စတာတွေအတွက် အရေးပါပါတယ်။

Aspartame ဟာ ဆေးသကြားတစ်မျိုးဖြစ်ပြီး သကြားမသုံးချင်တဲ့ စားသောက်ဖွယ်ရာတွေမှာ အစားထိုးထည့်သွင်းပါတယ်။ ကိုယ်အလေးချိန်လျှော့ချလိုသူများ၊ သကြားကို ရှောင်လိုသူများအနေနဲ့ Aspartame ကို သုံးစွဲကြပါတယ်။ ဒါပေမယ့် အဆိုပါဆေးသကြားမှာ အမူအကျင့်ပိုင်း၊ သိမှတ်မှုပိုင်း စတဲ့ကိစ္စရပ်တွေမှာ ပြဿနာဖြစ်စေပါတယ်။ Aspartame မှာ phenylalanine ပါဝင်ပါတယ်။ phenylalanine ဟာ ဦးနှောက်ထဲကို သွေးကြောများမှတဆင့် ရောက်သွားနိုင်ပြီး လျှပ်ကူးပစ္စည်းများ ထုတ်လုပ်ခြင်းကို အနှောက်အယှက်ပေးနိုင်ပါတယ်။


အယ်လ်ကိုဟော

အရက်ကို ကာလကြာရှည်သောက်သုံးရင် ဦးနှောက်အရွယ်အစား သေးသွားနိုင်ပါတယ်။ ဇီဝဖြစ်ပျက်မှု ပြောင်းလဲပြီး အာရုံကြောလျှပ်ကူးပစ္စည်းများကို ပျက်စီးစေပါတယ်။ မှတ်ဉာဏ်ချို့ယွင်းခြင်း၊ အမြင်အာရုံထိခိုက်ခြင်း၊ အာရုံရှုပ်ထွေးခြင်း စတာတွေလည်း ဖြစ်ပွားစေပါတယ်။ နောက်သက်ရောက်မှုတမျိုးကတော့ အိပ်စက်ပုံကို ထိခိုက်စေခြင်းပါပဲ။ အိပ်ရေးကောင်းကောင်းမဝဘဲ အာရုံကြောကို ထိခိုက်လာစေပါတယ်။

Ref : hellosayarwon

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Dr.Thant Zin

Team ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top