ကျောင်းသူ/ သားတွေအတွက် ဆရာမ (၂) ဦးက စာသင်ခုံတွေကို ဂျစ်ကားပုံစံ ပြင်ဆင်ပြောင်းလဲပေးခဲ့

24-8-2020-yyl-011.jpg

အမေရိကန်နိုင်ငံတစ်ဝှမ်းက ဆရာ၊ဆရာမတွေကလည်း ကျောင်းတွေပြန်ဖွင့်ဖို့အတွက် ပြင်ဆင်နေကြပါပြီ။ ဒါပေမဲ့ ကိုရိုနာဗိုင်းရပ်စ်ပိုးတွေ့ရှိသူတွေ များနေသေးတဲ့အတွက် ကလေးတွေရဲ့စိုးရိမ်ပူပန်မှုက အကြောက်တရားအဖြစ် လျင်လျင်မြန်မြန်ပြောင်းလဲသွားမှာကို ဆရာ၊ ဆရာမတော်တော်များများက စိတ်ပူနေကြရပါတယ်။ ဒါကြောင့် ဖလော်ရီဒါပြည်နယ်၊ ဒယ်လန်းမြို့က ပထမတန်းမှာ သင်ကြားနေတဲ့ ဆရာမ (၁) ဦးက ကလေးတွေ ခပ်ခွာခွာနေရတာကို ကြောက်မှာဆိုးတဲ့အတွက် သူတို့ရဲ့စာသင်ခုံတွေကို ဂျစ်ကားလေးတွေအဖြစ် ပြောင်းလဲပစ်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

ပတ်ထရစ်ရှာ ဒိုဗီ (Patricia Dovi) နဲ့ ကင်မာတင် (Kim Martin) တို့ ဆရာမ (၂) ဦးက ခုံတွေကို ဂျစ်ကားတွေအဖြစ် စက္ကူတွေနဲ့ ဒီဇိုင်းဖော်ဖို့အတွက် (၁) ပတ်လောက် အချိန်ယူခဲ့ရပါတယ်။ စာသင်ခုံတွေမှာ နှာချေးတာနဲ့ လေဒဏ်ကို ကာကွယ်ဖို့အတွက် ပလတ်စတစ်အဟန့်အတားတွေလည်း ထားရှိထားပါတယ်။ စာသင်ခုံမှာပဲ ကျောင်းသား၊သူတွေကို Mask ချွတ်ဖို့ ခွင့်ပြုထားပါတယ်။ စာသင်ခုံတွေကို အခုလိုဖန်တီးရတဲ့ သူတို့ရဲ့ရည်ရွယ်ချက်က ကျန်းမာရေးနဲ့ ဘေးကင်းရေး လမ်းညွှန်ချက်တွေကို လိုက်နာရင်းနဲ့ ကလေးတွေကို သက်တောင့်သက်သာဖြစ်အောင် နေရာတစ်ခုဖန်တီးပေးဖို့ဖြစ်တယ်လို့ မာတင်က ပြောပါတယ်။

“ကျွန်မတို့ ကလေးတွေကို သူတို့ရဲ့ကားအတွက် သော့ပေးခဲ့ပြီး ကားထဲရောက်နေရသလို ခံစားဖို့ ကားထဲမှာ တစ်ချိန်လုံးနေဖို့နဲ့ ကားအပြင်ထွက်တဲ့အခါ mask ဝတ်ဖို့ သူတို့ကို ပြောပါတယ်။ ဒါကြောင့် Social Distancing ကို ကလေးတွေ ကြောက်စရာလို့မဖြစ်အောင် ပိုပြီး ရင်းနှီးကျွမ်းဝင်ဖို့အတွက် စာသင်ခုံတွေကို အခုလိုဖန်တီးဖြစ်ခဲ့ပါတယ်”လို့ မာတင်က ဆိုပါတယ်။ ဒီစိတ်ကူးအကြံဉာဏ်က စာသင်ခုံတွေကို ဂျစ်ကားအဖြစ် ပြောင်းလဲခဲ့တဲ့ တက္ကဆပ်ပြည်နယ်က မူကြိုဆရာမတစ်ဦးဆီကနေ ရလာခဲ့တာဖြစ်ပါတယ်။

“St Barnabas Episcopal School မှာ အခုလိုစဉ်းစားတွေးခေါ်နိုင်တဲ့၊ ပူပေါင်းဆောင်ရွက်နိုင်တဲ့ ဆရာမတွေရှိရတာ ဂုဏ်ယူစရာပါပဲ။ ကလေးတွေရဲ့စာသင်ခုံတွေကို ဂျစ်ကားပုံစံအဖြစ် ပြောင်းလဲမယ်ဆိုတဲ့ အကြံဉာဏ်ကို ကျွန်တော်ဆီ တင်ပြတဲ့အခါ ကျွန်တော် စိတ်ကျေနပ်မိခဲ့ပါတယ်။ ကျောင်းသူ၊သားတွေအတွက် ပျော်စရာကောင်းတဲ့ စာသင်ခန်းဖြစ်အောင် နည်းလမ်းရှာနေတဲ့ ဆရာမတွေက စံနမူနာတွေထဲက တစ်ခုပါပဲ။ အထူးသဖြင့် အခုလိုကျပ်တည်းနေတဲ့ အချိန်အတွင်းမှာ”လို့ ကျောင်းအုပ်က ပြောပါတယ်။ ကျောင်းက စာသင်ခုံရဲ့ ပလတ်စတစ် အကာအကွယ်ဖိုးပေးခဲ့ပါတယ်။ ဒါပေမဲ့ စာသင်ခုံကို ဂျစ်ကားအဖြစ် ပြောင်းဖို့ လိုအပ်တဲ့ပစ္စည်းတွေအတွက် ကုန်ကျစရိတ်ဒေါ်လာ ၂၀၀ ကို ဆရာမတွေက စိုက်ထုတ်ထားပါတယ်။

St. Barnabas Episcopal School က ကျောင်းသူ/သားတွေက လာမယ့်ဗုဒ္ဓဟူးနေ့မှာ ကျောင်းပြန်တက်ရမှာဖြစ်ပါတယ်။

Ref: CNN “Two Florida teachers turned their students’ desks into little Jeeps to make social distancing less scary”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top