ကပ်ရောဂါအတွင်း Iron Man လိုဝတ်ပြီးပြောင်းဖူးဖျော်ရည်ရောင်းနေရတဲ့ ကုမ္ပဏီဝန်ထမ်းဟောင်း

23-11-2020-yyl-020.jpg

မလေးရှားလူမျိုးအမျိုးသားတစ်ယောက်ကတော့ ကပ်ရောဂါအတွင်းမှာ ဝင်ငွေရဖို့အတွက် Marvel စူပါဟီးရိုးတွေထဲက Iron Man ဇာတ်ကောင်လို ဝတ်ဆင်ပြီး ပြောင်းဖူးဖျော်ရည်ရောင်းချလို့နေပါတယ်။ အသက် ၂၆ နှစ်အရွယ် မူဟာမတ် ဆူကာ မို ပတ်သီ (Muhammad Skykur Mohd Patthi) ဆိုတဲ့ အဲဒီအမျိုးသားဟာ COVID-19 ကြောင့် ဆက်သွယ်ရေးကုမ္ပဏီဝန်ထမ်းအလုပ်ကနေ ထွက်ခဲ့ရပြီး အခုလို ပြောင်းဖူးဖျော်ရည်ရောင်းတဲ့အလုပ်ကို လုပ်နေတာဖြစ်ပါတယ်။

ကပ်ရောဂါအတွင်းမှာ သူ အလုပ်ပြုတ်ခဲ့ပြီးတဲ့နောက် အလုပ်သစ်ရှာဖို့ တော်တော်ရုန်းကန်ခဲ့ရပါတယ်။ လူငယ်တွေက ကိုယ်ကိုယ်တိုင် အသက်ရှင်နေထိုင်လို့ရနေသရွေ့ အခြားသူတွေရဲ့အကူအညီကို မျှော်ကိုးနေလို့မရဘူးလို့ မူဟာမတ်က ပြောပါတယ်။ သူဟာ အရင်ဆက်သွယ်ရေးဝန်ထမ်းလုပ်တုန်းကလည်း Penang Superhero Gang လို့ခေါ်တဲ့အဖွဲ့တစ်ဖွဲ့မှာလည်း စူပါဟီးရိုးဇာတ်ကောင်လိုဝတ်ပြီး ဖျော်ဖြေရတဲ့ အချိန်ပိုင်းအလုပ်ကို လုပ်ခဲ့တာပါ။ ကလေးတွေကို ဖျော်ဖြေတင်ဆက်ဖို့အတွက် မွေးနေ့ပါတီလို အခမ်းအနားပွဲတွေကို သူတို့အဖွဲ့က အမြဲတက်ရောက်ပေးရတယ်လို့ မူဟာမတ်က ဆိုပါတယ်။

COVID-19 ကပ်ရောဂါဖြစ်လာတဲ့အချိန်မှာ အလုပ်အကိုင်အခွင့်အလမ်းအကုန်လုံး ဆုံးရှုံးခဲ့ရပါတယ်။ ဒါကြောင့် သူ့နဲ့သူ့သူငယ်ချင်း (၂) ဦးတို့က ပြောင်းဖူးဖျော်ရည်ရောင်းတဲ့အခါ ဖောက်သည်တွေကို အားပေးလာအောင် ဆွဲဆောင်ဖို့အတွက် မတူတဲ့ဇာတ်ကောင်ဝတ်စုံတွေဝတ်ဖို့ ဆုံးဖြတ်ခဲ့ကြတာပါ။ “ကျွန်တော်တို့ လမ်းပေါ်မှာ နေပူမိုးရွာမရှောင် အလုပ်လုပ်နေရပေမဲ့ ဖြတ်သွားတဲ့လူတွေက ကျွန်တော်တို့ကို လက်ပြနှုတ်ဆက်တဲ့အခါတိုင်း ပျော်ရွှင်ရပါတယ်။ သူတို့ကို ဖျော်ဖြေခွင့်ရတာကိုပဲ ကျွန်တော် ပျော်ရွှင်မိပါတယ်” လို့ မူဟာမတ်က ပြောပါတယ်။

မူဟာမတ်တို့အဖွဲ့က Stock ကျန်ရှိနေတဲ့ ပြောင်းဖူးဖျော်ရည်တွေကိုလည်း ကိုဗစ်ရောဂါကို ရှေ့တန်းကနေ တွန်းလှန်ပေးနေတဲ့သူတွေကို ပေးသွားမှာဖြစ်တယ်လို့လည်း သိရပါတယ်။ သူတို့အဖွဲ့ကတော့ ပီနန်ပြည်နယ်၊ ဘန်ဒါ ပါဒါတစ်ဝိုက်မှာ ဇာတ်ကောင်ဝတ်စုံတွေဝတ်ဆင်ကာ ပြောင်းဖူးဖျော်ရည်ကို ရောင်းချနေတာဖြစ်ပါတယ်။

Ref: WorldofBuzz “Former Telco Staff Creatively Dresses Up As Iron Man & Sells Corn Juice To Survive During The Pandemic”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top