နှစ်မျိုးရောစပ်မပစ်သင့်တဲ့ သန့်ရှင်းရေးသုံးထုတ်ကုန်တွေ

yyl-3-9-020.jpg

ရုံးပိတ်ရက်တွေ၊ အားလပ်ရက်တွေမှာဆိုရင် သန့်ရှင်းရေးလုပ်တာ၊ အဝတ်လျှော်တာ၊ ပစ္စည်းတွေ နေရာတကျသိမ်းတာတွေ ကျွန်တော်တို့တော်တော်များများလုပ်ကြပါတယ်။ ဗင်နီဂါ၊ အမ်မိုးနီးယား၊ အရောင်ချွတ်ဆေးတွေက သင့်အိမ်ကို တောက်ပြောင်သန့်ရှင်းသွားစေအောင် ကူညီပေးနိုင်ပါတယ်။ သန့်ရှင်းရေးလုပ်ရတဲ့နေ့တွေဆိုရင် လူပင်ပန်းသလို လုပ်ရတာလည်း ခက်ခဲကောင်း ခက်ခဲနိုင်ပါတယ်။ အဲဒါကြောင့် သန့်ရှင်းရေးလုပ်နေတုန်း မတော်တဆထိခိုက်မှုတွေမဖြစ်အောင် တချို့သန့်ရှင်းရေးသုံးထုတ်ကုန်တွေကို မရောစပ်မိဖို့ အရေးကြီးပါတယ်။ ဘယ်တော့မှ မရောစပ်သင့်တဲ့ တချို့သန့်ရှင်းရေးသုံးထုတ်ကုန်ပစ္စည်းတွေကို စာဖတ်ပရိသတ်တွေသိအောင် မျှဝေပေးလိုက်ရပါတယ်။

အမ်မိုးနီးယားနဲ့ အရောင်ချွတ်ဆေး

အရောင်ချွတ်ဆေးနဲ့ အမ်မိုးနီးယားက သန့်ရှင်းရေးလုပ်တဲ့နေရာမှာအသုံးပြုကြတဲ့အရာတွေပါပဲ။ ဒါပေမဲ့ အဲဒီနှစ်မျိုးကို ရောစပ်ပြီးသုံးမယ်ဆိုရင် အဆိပ်သင့်အခိုးအငွေ့တွေ ဖြစ်သွားစေနိုင်ပါတယ်။ ဒီအခိုးအငွေ့တွေကို သင်ရှုရှိုက်မိရင် အသက်ရှုလမ်းကြောင်းနဲ့ဆိုင်တဲ့ ပြဿနာရပ်တွေနဲ့အတူ လည်ချောင်းအပူလောင်တာတွေ ဖြစ်စေနိုင်ပါတယ်။

ဗင်နီဂါနဲ့ အရောင်ချွတ်ဆေး

အက်ဆစ်ဓာတ်ရှိတဲ့ထုတ်ကုန်တစ်မျိုးနဲ့ အရောင်ချွတ်ဆေးကို ရောစပ်လိုက်တဲ့အခါမှာ အဆိပ်ဖြစ်စေတဲ့ကလိုရင်းဒြပ်ပေါင်း အခိုးအငွေ့တွေ ထုတ်လွှင့်ပေးပါတယ်။ ဒါက လည်ချောင်းနာတာ၊ မျက်လုံးနီမြန်းတာအပြင် အဆုတ်ကို ထိခိုက်စေနိုင်ပါတယ်။

ဟိုက်ဒရိုဂျင်ပါအောက်ဆိုက်အရည် နဲ့ ဗင်နီဂါ

ဟိုက်ဒရိုဂျင်ပါအောက်ဆိုက်အရည်က အုတ်ကြွပ်ပြား၊ ကြွေပြားတွေကို သန့်ရှင်းရေးလုပ်တဲ့အခါ အသုံးပြုကြပါတယ်။ ဗင်နီဂါနဲ့ ရောစပ်လိုက်ရင်တော့ အက်ဆစ်စားတာတွေ ဖြစ်လာနိုင်တဲ့အတွက် သင့်အသားရေ၊ လည်ချောင်း၊ အဆုတ်၊ နှာခေါင်းတွေကို ထိခိုက်စေနိုင်ပါတယ်။ ဒီထုတ်ကုန်တွေကို ကြွေပြားသန့်စင်တဲ့အခါ အသုံးပြုလို့ရပေမဲ့ နှစ်မျိုးလုံးကို ရောစပ်ပြီးတော့ မသုံးသင့်ပါဘူး။

အယ်လ်ကိုဟော နဲ့ အရောင်ချွတ်ဆေး

ဒီသန့်ရှင်းရေးသုံးထုတ်ကုန်နှစ်မျိုးကို ရောစပ်လိုက်မယ်ဆိုရင် ကိုလိုရိုဖောင်းမေ့ဆေးဖြစ်လာစေပါတယ်။ ကိုလိုရိုဖောင်းပမာဏအနည်းငယ် ထုတ်လွှင့်ရင်တောင် မူးဝေအော့အန်တာတွေ ဖြစ်စေနိုင်ပါတယ်။ ကိုလိုရိုဖောင်းပမာဏများလေလေ အာရုံကြောစနစ်၊ မျက်လုံး၊ အသားရေ၊ အသည်း၊ ကျောက်ကပ်၊ နှလုံးတို့ကို ပျက်စီးစေနိုင်တဲ့အပြင် သေဆုံးနိုင်တဲ့အထိ ဖြစ်နိုင်ပါတယ်။

အရောင်ချွတ်ဆေးနဲ့ အိပ်သာသန်ရှင်းတဲ့အရည်

အိပ်သာသန့်ရှင်းတဲ့အရည်ကို ဘယ်လိုထုတ်ကုန်မျိုးနဲ့မှ မရောစပ်သင့်ပါဘူး။ အရောင်ချွတ်ဆေးနဲ့ ရောစပ်လိုက်တဲ့အခါမှာ အဆိပ်ဖြစ်စေတဲ့အခိုးအငွေ့အဖြစ် ထုတ်လွှင့်ပေးနိုင်ပြီး မျက်လုံးကို ထိခိုက်စေတဲ့အပြင် အသက်ရှုရခက်ခဲတဲ့ပြဿနာတွေလည်းဖြစ်လာနိုင်ပါတယ်။

Ref: NEVER mix these seven cleaning products (And two you should mix)

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top