ဘာစီလိုနာ၊ လီဗာပူး၊ ချဲလ်ဆီးတို့ ပွတ်ကာသီကာ အနိုင်ရ

yyl-3-9-015.jpg

ချန်ပီယံလိဂ် အုပ်စုပွဲစဉ်(၂)ရဲ့ ဒုတိယညပွဲစဉ်တွေမှာ ဘာစီလိုနာ၊ လီဗာပူး၊ ချဲလ်ဆီးတို့က ပြိုင်ဘက်အသင်းတွေကို တစ်ဂိုးအသာနဲ့ ပွတ်ကာသီကာ အနိုင်ရခဲ့ပါတယ်။ ချန်ပီယံလိဂ်မရဏအုပ်စုထဲ ရောက်နေပြီး အဖွင့်ပွဲမှာ ဒေါ့မွန်နဲ့ သရေကျခဲ့တဲ့ ဘာစီလိုနာဟာ မက်ဆီ၊ ဆွာရက်ဇ်၊ ဂရစ်ဇ်မန်းတို့ တိုက်စစ်အတွဲနဲ့ ပွဲထွက်လာခဲ့ပါတယ်။ လူကာကူ မပါဝင်နိုင်တဲ့ အင်တာမီလန်ကတော့ မာတီနက်ဇ်နဲ့ ဆန်းချက်ဇ်တို့ အတွဲကို တိုက်စစ်တင်ပြီး ၃-၅-၂ ကစားကွက်နဲ့ ပွဲထွက်လာခဲ့ပါတယ်။

ပွဲချိန် (၂)မိနစ်မှာပဲ တန်ပြန်တိုက်စစ်ကနေ ဆန်းချက်ဇ်ရဲ့ဖန်တီးမှုကတစ်ဆင့် မာတီနက်ဇ်က အင်တာမီလန်အတွက် အဖွင့်ဂိုးသွင်းယူခဲ့ပါတယ်။ လန်ဂလက် လိုက်ကပ်ထားတဲ့ကြားကနေ မာတီနက်ဇ်က စတီဂျန်ရဲ့ ညာဘက်ထောင့်ထဲ အနိမ့်ဘောကန်သွင်းခဲ့တာပါ။ ဂိုးပေးလိုက်ရပြီးနောက်မှာ ဘာစီလိုနာက ဘောလုံးပိုင်ဆိုင်မှု အသားပေးပြီး တိုက်စစ်ဆင်ဖို့ကြိုးစားခဲ့ပေမဲ့ မအောင်မြင်ခဲ့ဘဲ ကွင်းလယ်မှာပဲ ဘောလုံးထိန်း ကစားနေရတာ တွေ့ရပါတယ်။ အင်တာမီလန်ကတော့ တန်ပြန်တိုက်စစ် ချောင်းကစားခဲ့ပြီး ဒုတိယဂိုးသွင်းနိုင်ဖို့ နီးစပ်ခဲ့ပါတယ်။ ပွဲချိန် (၃၇)မိနစ်မှာ မာတီနက်ဇ်ရဲ့ ခေါင်းတိုက်ချက်ကို စတီဂျန် ပုတ်ထုတ်နိုင်ခဲ့လို့ ဘာစီလိုနာ နောက်တစ်ဂိုး ထပ်မပေးခဲ့ရတာပါ။

ပွဲချိန် (၅၈) မိနစ်မှာတော့ ဘာစီလိုနာအသင်း ချေပဂိုးရခဲ့ပါတယ်။ လူစားဝင်လာတဲ့ ကွင်းလယ်လူ ဗီဒယ်က ဂိုးဧရိယာထိပ်မှာ လွတ်လွတ်ကျွတ်ကျွတ် ဖြစ်နေတဲ့ ဆွာရက်ဇ်ထံ မတင်ပေးလိုက်တဲ့ ဘောလုံးကို ဆွာရက်ဇ်က မြေမကျကန်ချက်နဲ့ ချေပဂိုးသွင်းခဲ့တာပါ။ (၂) မိနစ်အကြာမှာ ဂရစ်ဇ်မန်း အခွင့်အရေးရခဲ့ပေမဲ့ ဆွာရက်ဇ်ကို မထိုးပေးဘဲ သူကိုယ်တိုင် ကန်သွင်းရာမှာ ဂိုးပေါက်လွဲချော်ခဲ့ပါတယ်။

ဘာစီလိုနာက ဒမ်ဘီလီကို လူစားထည့်သွင်းပြီး တိုက်စစ်မြှင့်ချိန်မှာ အင်တာမီလန်က နောက်တန်းမှာ ကစားသမား ၅ ယောက်ထားပြီး ခံစစ် အားပြုကစားခဲ့ပါတယ်။ ပွဲချိန် (၈၃)မိနစ်မှာတော့ အင်တာမီလန် ကစားသမား (၃) ယောက်ကို လိမ်ခေါက်ပြီး မက်ဆီထိုးပေးတဲ့ ဘောလုံးကို ဆွာရက်ဇ်က ဧရိယာထဲ ဆွဲဝင်ရင်း အနိုင်ဂိုးကန်သွင်းခဲ့တာပါ။ ဆွာရက်ဇ်ဟာ ဒီပွဲမတိုင်ခင် နောက်ဆုံးကစားခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ် (၂၀) မှာ (၂)ဂိုးပဲ သွင်းနိုင်ခဲ့ပေမဲ့ ဒီပွဲမှာတော့ ခြေစွမ်းပြပြီး (၂) ဂိုး သွင်းနိုင်ခဲ့ပါတယ်။

ချန်ပီယံလိဂ် လက်ရှိချန်ပီယံ လီဗာပူးနဲ့ ဆဲလ်ဘတ်အသင်းတို့ ပွဲစဉ်ကလည်း အကြိတ်အနယ် ဖြစ်ခဲ့ပြီး လီဗာပူးက ၄-၃ ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။ ပွဲချိန် (၃၆) မိနစ်အတွင်း (၃) ဂိုးပြတ် ဦးဆောင်နိုင်ခဲ့တဲ့ လီဗာပူးဟာ နောက်ထပ် (၂၄) မိနစ်အကြာမှာ (၃)ဂိုးပြန်ပေးခဲ့ရပါတယ်။ ပွဲချိန်(၈)မိနစ်မှာ မာနေး၊ ဖာမီနိုတို့ရဲ့တွဲလုံးကနေ မာနေးက အဖွင့်ဂိုးသွင်းပြီး ပွဲချိန် (၂၅)မိနစ်မှာ အလက်ဇန္ဒားအာနိုး ဧရိယာထဲ ချိုးပေးတဲ့ ဘောလုံးကို ရောဘတ်ဆန်က ဒုတိယဂိုးသွင်းခဲ့ပါတယ်။ ပွဲချိန် (၃၆) မိနစ်မှာ မာနေးရဲ့ဖြတ်တင်ဘောကို ဖာမီနို ခေါင်းတိုက်ရာမှာ ဆဲလ်ဘတ်ဂိုးသမား ပုတ်ထုတ်နိုင်ခဲ့ပေမဲ့ အသင့်ရှိနေတဲ့ ဆာလာက တတိယဂိုးအဖြစ် ကန်သွင်းခဲ့တာပါ။

ဒါပေမဲ့ ပွဲချိန် (၃၉)မိနစ်မှာ တောင်ကိုရီးယားတိုက်စစ်မှူး ဟီချန်းဟွန်က ဗန်ဒိုက်ဂျ်ကို ခြေယောင်ပြလိမ်ခေါက်ပြီး ပထမချေပဂိုး၊ ပွဲချိန် (၅၆) မှာ ဂျပန်ကွင်းလယ်လူ မင်နာမီရိုက မြေမကျကန်ချက်နဲ့ ဒုတိယဂိုး၊ ပွဲချိန် (၆၀) မိနစ်မှာ မင်နာမီရိုရဲ့ ဖန်တီးမှုကနေ ဟာလန်းက အသာအယာ ပိတ်သွင်းပြီး တတိယဂိုးသွင်းခဲ့လို့ လီဗာပူး ဖိအားများခဲ့ပါတယ်။ ဆဲလ်ဘတ်ဟာ ချန်ပီယံလိဂ် ပြိုင်ပွဲသမိုင်းတစ်လျှောက် လီဗာပူးအသင်းရဲ့ အန်ဖီးလ်ကွင်းမှာ (၃) ဂိုးသွင်းနိုင်တဲ့ စတုတ္ထမြောက်အသင်း(ဘာစီလိုနာ၊ ရီးရဲလ်၊ ချဲလ်ဆီးတို့ပြီးရင်)ဖြစ်လာခဲ့ပါတယ်။ ပွဲချိန် (၆၉) မိနစ်မှာ ဖာမီနို ခေါင်းတိုက်ချပေးတဲ့ ဘောလုံးကို ဆာလာက အနိုင်ဂိုးအဖြစ် ကန်သွင်းယူနိုင်ခဲ့ပါတယ်။ ဆဲလ်ဘတ်ကတော့ အန်ဖီးလ်ကွင်းမှာ လီဗာပူးဘက်ကို (၃) ဂိုးသွင်းနိုင်တဲ့ အသင်း (၄) သင်းအနက် တစ်သင်း အပါအဝင်ဖြစ်ပေမဲ့ နိုင်ပွဲမရတဲ့ တစ်ခုတည်းသောအသင်း ဖြစ်လာခဲ့ပါတယ်။ ချန်ပီယံလိဂ် အုပ်စုအဖွင့်ပွဲမှာ နာပိုလီကို (၂) ဂိုးပြတ် ရှုံးနိမ့်ခဲ့တဲ့ လီဗာပူးကတော့ အခုပွဲအနိုင်ရလဒ်ကြောင့် ဖိအားလျှော့ချနိုင်ခဲ့ပါတယ်။

ပြင်သစ်ကလပ် လိုင်လီနဲ့ ချဲလ်ဆီးတို့ပွဲစဉ်မှာတော့ ချဲလ်ဆီးက အေဘရာဟမ်၊ ဝီလျံတို့ရဲ့ဂိုးတွေနဲ့အတူ (၁-၂)ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။ တခြားပွဲစဉ်တွေမှာတော့ ဗလင်စီယာ (ဝ-၃) အေဂျက်စ်၊ ဇင်းနစ် (၃-၁) ဘင်ဖီကာ၊ ဂျန့် ဝ-၀ နာပိုလီ၊ ဆလားဗီးယားပရက် ဝ-၂ ဒေါ့မွန်၊ လစ်ဇစ် (ဝ-၂)လိုင်ယွန် စတဲ့ရလဒ်တွေ ထွက်ပေါ်ခဲ့ပါတယ်။

Nz(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top