နေထိုင်မကောင်းချိန်မှာ သောက်သင့်တဲ့ အသီးဖျော်ရည်များ

assorted-fresh-juices-from-fruits-PB3MMV8.jpg

အအေးမိတုပ်ကွေးဖြစ်ချိန် ဒါမှမဟုတ် ကိုယ်ခံအားကျဆင်းနေချိန်မှာ ကိုယ်ခံစွမ်းအားကို ပြန်လည်မြှင့်တင်ပေးဖို့ အရေးကြီးပါတယ်။ အထူးသဖြင့် လိုအပ်တဲ့ ဗီတာမင်၊ သတ္တုဓာတ်နဲ့ တခြားအာဟာရဓာတ်တွေ လိုအပ်ပါတယ်။ ဆက်လက်ဖော်ပြမှာကတော့ သင့်ကျန်းမာရေးကို အထောက်အကူပြုမယ့် အသီးဖျော်ရည်တွေအကြောင်းပဲ ဖြစ်ပါတယ်။

၁။ ပန်းသီး၊ မုန်လာဥနီနှင့် လိမ္မော်သီးဖျော်ရည်

ပန်းသီး၊ မုန်လာဥနီနဲ့ လိမ္မော်သီးကိုပေါင်းစပ် သောက်သုံးခြင်းဟာ ကိုယ်ခံစွမ်းအားကို မြှင့်တင်ပေးပြီး ရောဂါပိုးဝင်ခြင်းကနေ ကာကွယ်ပေးနိုင်ပါတယ်။ အနံ့အရသာကောင်းမွန်ပြီး နံနက်ခင်းမှာ ဖျော်စပ်သောက်သုံးမယ်ဆိုရင် တနေ့တာ လန်းဆန်းအားပြည့်စေပါလိမ့်မယ်။ ဒီအသီးသုံးမျိုး ပေါင်းစပ်ခြင်းကနေ ရရှိနိုင်တဲ့ အာဟာရဓာတ်တွေကတော့ ဗီတာမင် A, B6, C နဲ့ ပိုတက်ဆီယမ်၊ ဖောလစ်အက်ဆစ် စတာတွေပဲ ဖြစ်ပါတယ်။

၂။ လိမ္မော်သီးနှင့် ဂရိတ်ဖရု

ဗီတာမင်စီဟာ ဓာတ်တိုးဆန့်ကျင်ပစ္စည်းဖြစ်ပြီး ဆဲလ်တွေကို ထိခိုက်ပျက်စီးခြင်းမရှိအောင် ကာကွယ်ပေးပါတယ်။ ဗီတာမင်စီ ချို့တဲ့ရင် အနာကျက်နှေးခြင်း၊ ရောဂါပိုးကူးစက်လွယ်ခြင်း၊ ကိုယ်ခံအားနည်းခြင်း စတာတွေ ဖြစ်နိုင်ပါတယ်။ လိမ္မော်သီးနှင့် ဂရိတ်ဖရုမှာ ဗီတာမင်စီကြွယ်ဝတာမို့ ကိုယ်ခံစွမ်းအားကို မြှင့်တင်လိုချိန်မှာ သောက်သုံးသင့်ပါတယ်။ ဗီတာမင်စီအပြင် A, B6 နဲ့ ဖောလစ်အက်ဆစ်၊ ဇင့်ဓာတ် စတာတွေ ပါဝင်ပါတယ်။

၃။ ခရမ်းချဉ်သီးဖျော်ရည်

ခရမ်းချဉ်သီးသီးသန့်ဖျော်ရည်ဖြစ်ပြီး တခြားဘာပစ္စည်းမှ ပေါင်းစပ်ပါဝင်ထားခြင်းမရှိအောင် မိမိကိုယ်တိုင် ဖျော်စပ်နိုင်ပါတယ်။ စက်နဲ့တောင်ဖျော်စရာ မလိုပါဘူး။ ခရမ်းချဥ်သီးကို ဆန်ကာနဲ့ ချေပြီး ဖျော်နိုင်ပါတယ်။ ခရမ်းချဉ်သီးမှာ ဖောလိတ်ပါဝင်ပြီး ရောဂါပိုးဝင်ခြင်းကို ကာကွယ်ပေးနိုင်ပါတယ်။ သံဓာတ်နဲ့ ဗီတာမင် A, C ပါဝင်ပါတယ်။

၄။ ကိုက်လန်၊ ခရမ်းချဉ်၊ တရုတ်နံနံ (Celery)

ကိုက်လန်ကို အသီးအရွက်စိမ်းတွေနဲ့ ဖျော်စပ်တဲ့ ဖျော်ရည်တွေမှာ အဓိကနေရာက ပါဝင်ဖျော်စပ်နိုင်ပါတယ်။ ခရမ်းချဉ်သီး၊ တရုတ်နံနံတို့နဲ့ ပေါင်းစပ်လိုက်တဲ့အခါ ဗီတာမင်အေ ပိုမိုပါဝင်သွားပါတယ်။ ရောင်ရမ်းမှုတွေကို ကျစေတဲ့ အာနိသင်လည်း ရှိပါတယ်။

ပါဝင်တဲ့အာဟာရဓာတ်တွေကတော့ ဗီတာမင်အေနဲ့စီအပြင် မဂ္ဂနီဆီယမ်၊ ပိုတက်ဆီယမ်၊ သံဓာတ်၊ ဖက်တီးအက်ဆစ် စတာတွေ ပါဝင်ပါတယ်။

၅။ နိုကိုဥ၊ မုန်လာဥနီ၊ ဂျင်းနှင့် နနွင်းတက်

အဆိုပါ လေးမျိုးဟာ သင့်ရဲ့ ကိုယ်ခံအားစနစ်ကို မြင့်တက်စေပြီး ရောင်ရမ်းမှုများကိုလည်း ကျဆင်းစေပါတယ်။ ရောင်ရမ်းခြင်းဟာ တကယ်တော့ ရောဂါပိုးဝင်ရောက်ခြင်းကို ကိုယ်ခံစွမ်းအားကို တုံ့ပြန်ခြင်းဖြစ်ပါတယ်။ နှာရည်ယိုခြင်း၊ ချောင်းဆိုးခြင်း၊ ကိုယ်လက်ကိုက်ခဲခြင်း စတဲ့ အအေးမိတုတ်ကွေးလက္ခဏာတွေကို ဖြစ်ပေါ်စေပါတယ်။ ဂျင်းနဲ့နနွင်းတက်ဟာ ရောင်ရမ်းမှုကို ကျစေတာကြောင့် လေးဘက်နာ အဆစ်ရောင်ခြင်းကိုပါ သက်သာစေပါတယ်။ ပါဝင်တဲ့ အာဟာရဓာတ်တွေကတော့ ဗီတာမင် A, C, E၊ သံဓာတ်၊ ကယ်လ်ဆီယမ် စတာတွေ ဖြစ်ပါတယ်။

၆။ စတော်ဘယ်ရီနှင့် သရက်သီး

စတော်ဘယ်ရီနဲ့သရက်သီးဟာလည်း ကိုယ်ခံစွမ်းအားကို တက်စေတဲ့ အာနိသင်ရှိပါတယ်။ လတ်လတ်ဆတ်ဆတ်အသီးတွေကို ရရှိနိုင်ရင် ပိုကောင်းပါပါတယ်။ သရက်သီးမှာ ဗီတာမင်အီး ကြွယ်ဝပြီး ဓာတ်တိုးဆန့်ကျင်တဲ့ အာနိသင်လည်းရှိတာကြောင့် သက်ကြီးပိုင်းတွေနဲ့ သင့်တော်ပါတယ်။ ပါဝင်တဲ့ အာဟာရဓာတ်တွေကတော့ ဗီတာမင် A, C, E၊ သံဓာတ်၊ ဖောလိတ် စတာတွေ ပါဝင်ပါတယ်။

၇။ ဖရဲသီးဖျော်ရည်

ဖရဲသီးဖျော်ရည်ဟာ ကိုယ်ခံစွမ်းအားကို မြင့်တက်စေရုံသာမကဘဲ ကြွက်သားများ နာကျင်စေခြင်းကို သက်သာစေပါတယ်။ ဖရဲသီးဟာ အရည်ဓာတ်ပါဝင်မှုမြင့်မားပါတယ်။ တခြား အသီးဖျော်ရည်တွေနဲ့ပါ ပေါင်းစပ်ရင် ဗီတာမင်အေ ပိုမိုကြွယ်ဝပါတယ်။ ဖရဲသီးဖျော်ရည်မှာ ဗီတာမင်အေ အပြင် ဗီတာမင်စီ၊ မဂ္ဂနီဆီယမ်၊ ဇင့်ဓာတ် စတာတွေ ပါဝင်ပါတယ်။

၈။ ရွှေဖရုံစေ့

ရွှေဖရုံစေ့ကို ဖျော်ရည်လုပ်ဖို့ဆိုရင် သကြားနဲ့ ပန်းသီးဖျော်ရည်ပါ ထပ်မံပေါင်းစပ်ဖို့လိုပါတယ်။ နို့နဲ့ရောစပ်ပြီးလည်း ရွှေဖရုံစေ့နို့ဖျော်ရည် ဖျော်သောက်နိုင်ပါတယ်။ အသေးစိတ်ကို အွန်လိုင်းပေါ်မှာ လေ့လာနိုင်ပါတယ်။ အရိုးကျန်းမာရေး၊ အမျိုးသမီးများ သွေးဆုံးစဉ် ခံစားရသော ဝေဒနာများ၊ ဆီးလမ်းကြောင်း၊ ဆံပင်နှင့် အရေပြား၊ စိတ်ကျန်းမာရေး၊ အမျိုးသားများ ဆီးကျိတ်ပြဿနာ စတာတွေကို သက်သာစေနိုင်ပါတယ်။ ပါဝင်တဲ့ အာဟာရဓာတ်တွေကတော့ ဗီတာမင် A, C, B6၊ မဂ္ဂနီဆီယမ်နဲ့ ဇင့်ဖြစ်ပါတယ်။

အဆိုပါအသီးဖျော်ရည်များဟာ ဗီတာမင်၊ သတ္တုဓာတ်နဲ့ ဓာတ်တိုးဆန့်ကျင်ဂုဏ်သတ္တိတွေ ပါဝင်ပြီး အာဟာရဓာတ်ပြည့်ဝတာကြောင့် ကိုယ်ခံစွမ်းအားကို မြှင့်တင်ပေးနိုင်တာအပြင် ခံတွင်းကိုပါ ပြန်ကောင်းလာစေနိုင်ပါတယ်။ ကိုယ်ခံစွမ်းအားမြင့်လာတာနဲ့အမျှ နာလန်ထမြန်မှာပဲ ဖြစ်ပါတယ်။

Ref : hellosayarwon

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Dr.Thant Zin

Team ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top