အမွှာညီအစ်မ အချင်းချင်း အရေပြား နဲ့ တစ်ရှူးဆဲလ် အစားထိုး ကုသမှု အောင်မြင်

twin1.jpg

အသက် ၆၆ နှစ် အရွယ်စီ ရှိကြပြီ ဖြစ်တဲ့ မာရီယန်းဖီးဒ်စ် (Marian Fields) နဲ့ မေရီဂျိန်း (Mary Jane) တို့ အမွှာ ညီအစ်မ နှစ်ဦးဟာ တစ်သက်လုံး အတူတူ နေထိုင်လာကြသူတွေပါ။ မာရီယန်းမှာ ပြင်းထန်ပြီး ဖြစ်လေ့မရှိတဲ့ အရေပြားကင်ဆာ ပုံစံတစ်မျိုး ဖြစ်ပွားလာတဲ့ အခါမှာတော့ အမွှာညီအစ်မဖြစ်တဲ့ မေရီက သူမရဲ့ အရေပြားနဲ့ အစားထိုး ကုသစေခဲ့တာပါ။

အရေပြား ကင်ဆာရောဂါအတွက်  ဓာတ်ရောင်ခြည်ကုသမှုနဲ့ ခွဲစိတ်မှုတွေ များစွာ ပြုလုပ်ပြီးတဲ့ နောက်မှာတော့ မာရီယန်းရဲ့ နောက်ကျောမှာ ဒဏ်ရာအပေါက်ကြီး ဖြစ်ကျန်ခဲ့တာပါ။  သူမရဲ့ ဒဏ်ရာ က အလွန်ကြီးမားတဲ့အတွက် ပလက်စတစ် ဆာဂျရီပေါင်းများစွာက ကုသဖို့ ငြင်းဆိုပြီးတဲ့ နောက်မှာတော့ သူမအတွက် ပြန်လည်ကောင်းမွန်ဖို့  မျှော်လင့်ချက်တွေပျောက်ဆုံးနေခဲ့ပါတယ်။ ဒီအခြေအနေမှာ မေရီက သူမကို ကယ်တင်ခဲ့ပါတယ်။
“လိုအပ်တဲ့ အရေပြားနဲ့ တစ်ရှူးဆဲလ် တွေ လှူဒါန်းဖို့ ကိုက်ညီတယ်လို့ သိရပြီးတဲ့ နောက်မှာတော့ နည်းနည်းလေးမှ တွန့်ဆုတ်ခြင်း မရှိခဲ့ပါဘူးလို့” မေရီက ဆိုပါတယ်။ MD Anderson ကင်ဆာဌာနရဲ့ ပလက်စတစ် ဆာဂျရီ တစ်ဦး ဖြစ်တဲ့ ဒေါက်တာ ဂျက်စီဆဲလ်ဘာ (Dr.Jesse Selber) က ဒီခွဲစိတ်မှုကို တာဝန်ယူခဲ့တာ ဖြစ်ပြီး “အရမ်းခက်ခဲပြီး ရှုပ်ထွေးတဲ့ စိန်ခေါ်မှုပါပဲ” လို့ ပြောခဲ့ပါတယ်။

သူနဲ့ အတူ ပလက်စတစ်ဆာဂျရီ ငါးဦး ဟာ မေရီ့ရဲ့ ဝမ်းဗိုက်ပိုင်းက အရေပြား၊ တစ်ရှူးဆဲလ် နဲ့ သွေးကြောတွေကို ထုတ်ယူပြီး မာရီယန်းရဲ့ နောက်ကျောမှာ အစားထိုး ကုသပေးခဲ့တာပါ။ မာရီယန်းရဲ့နောက်ကျောက ဒဏ်ရာအပေါက်ဟာ 55 စင်တီမီတာ x 22 စင်တီမီတာ  (21.5 လက်မ x 8.5 လက်မ) ကျယ်တဲ့ အတွက် အကြီးဆုံး တစ်ရှူးဆဲလ် အစားထိုးကုသခြင်းအဖြစ် မှတ်တမ်းတင်ရမှာပါ။ သူမရဲ့ အမွှာညီအစ်မ ဖြစ်တဲ့ မာရီယန်းကို အရေပြားလှူဒါန်းပြီးတဲ့ နောက်မှာတော့ မေရီ့ ဝမ်းဗိုက်မှာ ချုပ်ရိုး အကြီးကြီး ကျန်ရစ်ခဲ့တယ်လို့ သိရပါတယ်။

အစားထိုးခွဲစိတ် ကုသမှု မတိုင်ခင်မှာ မာရီယန်းက ပြင်းထန်တဲ့နာကျင်မှုဝေဒနာကို ခံစားနေရပြီး လှဲအိပ်ဖို့တောင် အဆင်မပြေပဲ ကုလားထိုင်မှာသာ ထိုင်ခဲ့ရတယ်လို့ ဆိုပါတယ်။ ခွဲစိတ်ကုသအပြီး တစ်လ အကြာမှာတော့ သူတို့ ညီအစ်မ နှစ်ယောက်ဟာ ဆေးရုံက ဆင်းလာခဲ့ပြီး အိမ်မှာ အတူတူပြန်နေထိုင်ခဲ့ကြပါတယ်။ မာရီယန်း အနေနဲ့ကတော့ ပုံမှန်အတိုင်း အလုပ်လုပ်ဖို့၊ ကားမောင်းဖို့၊ ပြေးနိုင်ဖို့၊ သက်တောင့်သက်သာ ထိုင်နိုင်ဖို့ မျှော်လင့်တယ်လို့ ဆိုပါတယ်။ သူမဟာ ၂၀၁၂ အရှေ့ပိုင်းတုန်းက နေမကောင်းဖြစ်ခြင်း မရှိခဲ့ပဲ အခု ခွဲစိတ်မှုအပြီးမှာလည်း ကျန်းမာရေးကောင်းတဲ့ ဘဝထဲကို  ပြန်လည် ရောက်ရှိဖို့ မျှော်လင့်နေပါတယ်။

Ref: BBC News: Twin to twin skin transplant hailed as a success

Zym (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top